ရိုဟင်ဂျာအခွင့်အရေး UNHCR စီမံချက်နဲ့ လုပ်ဆောင်နေ
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် ကမ္ဘာအနှံ့အပြားမှာရှိတဲ့ လူနည်းစုတွေဟာ နိုင်ငံသားဖြစ်ခွင့်မရဘဲ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာကြောင့် နိုင်ငံမဲ့ဘဝကနေ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ မဟာမင်းကြီးရုံးက စီမံချက်နဲ့ လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူနည်းစုရေးရာ အထူးကိုယ်စားလှယ်က အထွေထွေညီလာခံမှာ အောက်တိုဘာ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။
-
2018-10-24 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် ကမ္ဘာအနှံ့အပြားမှာရှိတဲ့ လူနည်းစုတွေဟာ နိုင်ငံသားဖြစ်ခွင့်မရဘဲ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာကြောင့် နိုင်ငံမဲ့ဘဝကနေ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ မဟာမင်းကြီးရုံးက စီမံချက်နဲ့ လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူနည်းစုရေးရာ အထူးကိုယ်စားလှယ်က အထွေထွေညီလာခံမှာ အောက်တိုဘာ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်သိင်္ခက စုစည်းတင်ပြထားပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာမှာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာဖြစ် သလို တိုင်းရင်းသားနယ်မြေတွေမှာလည်း တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့အတွက် ကုလ သမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့စီမံချက်ကို ကြိုဆိုကြောင်း ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော် KBC အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။
"ကျနော်ထင်တာက စစ်အစိုးရရဲ့ မူဝါဒကြောင့် ပိုပြီးတော့မှ ကျနော်တို့ရဲ့ လူ့အခွင့်အရေးကို ပိုပြီးတော့မှ ဆုံးရှုံးစေတယ်လို့ ကျနော် အဲဒီလိုထင်ပါတယ်၊ ရိုဟင်ဂျာတွေက အစုလိုက်အပြုံလိုက် တစ်ခါတည်း မျက်မြင် သက်သေတွေရှိတာပေါ့နော်၊ ကျနော်တို့ တိုင်းရင်းသားဒေသမှာကျတော့ အဲဒီလို အစုလိုက်အပြုံလိုက် မဖြစ်ခဲ့သော်လည်း နှစ်ပေါင်း ၅ဝ ကျော် ၆ဝ နီးပါး ကျနော်တို့ကို တဖြည်းဖြည်းကြောက်လန့်အောင် စိုးရိမ်မှုတွေများအောင် စိတ်ဓာတ်ရေးရာပိုင်းမှာ ဂျီနိုဆိုက်လုပ်ခဲ့တာကကျတော့ ကျနော်တို့ ပြောစရာတွေ အများကြီးရှိပါတယ်၊ ဒါကြောင့်မို့လို့ UN ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျနော်တို့ကတော့ ထောက်ခံပါတယ်"
အစိုးရ တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တာကြောင့် တပ်မတော် စစ်ဗိုလ်ချုပ်တွေကို အရေးယူပိတ်ဆို့မှုတွေ ရှိပါတယ်။
ဒါပေမဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ရှိနေသေးကြောင်း တိုင်းရင်းသား အဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့သူတွေ ပြန်လာဖို့အတွက် လုပ်ဆောင်နေ တာတွေ ရှိနေပြီး အထောက်အထားပြည့်စုံသူတွေကို နိုင်ငံသားဖြစ်ခွင့်ရရှိရေး ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်ဘက် မွတ်စလင်တွေသာမက တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ မွတ်စလင်တွေ ကိုယ်တိုင်အလုပ် အကိုင်ရရှိမှု ပညာဆက်လက်သင်ကြားခွင့်တွေမှာ အမျိုးသားမှတ်ပုံတင် မရှိတဲ့အတွက် အဆင်မပြေဖြစ်နေတာ မျိုးတွေတောင်ရှိတယ်လို့ ရခိုင်အရေး စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။
"ကျနော်တို့ ပြည်မမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်များသည်လည်းပဲ အမျိုးသားမှတ်ပုံတင်ရဖို့ဆိုတာ တော်တော်လေးကို အခက်အခဲတွေဖြစ်နေပါတယ်၊ မိဖတွေရပြီးတယ် ညီအစ်ကိုမောင်နှမတွေ ရပြီးတာတောင်မှ အမျိုးမျိုးသူတို့မှာ အခက်အခဲလေးတွေ ကြန့်ကြာမှုလေးတွေ ရှိနေတယ်ဆိုတာတော့ ယနေ့ မျက်တွေ့လက်တွေ့ ပဲဖြစ်နေပါတယ်၊ အဲဒါမရဘူးဆိုရင် ဗမာပြည်မှာက လေယာဉ်ပျံလက်မှတ်လည်း ဝယ်လို့မရဘူး၊ ခရီသွားလို့လည်း မရဘူး၊ ကျနော်တို့ အထူးသဖြင့် ပညာရေးကိစ္စရပ်မှာ အသက်မွေးဝမ်းကြောင်းပညာရေးတွေအတွက်လည်း တက်လို့မရဘူး၊ အဲဒီတော့ မှတ်ပုံတင်မရှိရေးဟာ ရှင်လျှက်နဲ့သေနေတယ်လို့ ပြောနိုင်တဲ့အနေအထား မျိုးဖြစ်နေပါတယ်"
ရိုဟင်ဂျာတွေအပြင် ဟိန္ဒူဘာသာဝင်တွေဟာလည်း လူ့အခွင့်အရေးဆုံးရှုံးမှုတွေ ရှိနေသလို နိုင်ငံဖြစ်ခွင့် ဆုံးရှုံးမှုတွေရှိတယ်လို့ ဟိန္ဒူလူမှုကူညီရေးခေါင်းဆောင် ဦးနီမောလ် က ပြောပါတယ်။
"ဟိန္ဒူလူမျိုးကတော့ တော်တော်နည်းတာပေါ့၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းပေါ့၊ အဲဒီဘက်မှာမှာဆိုရင် လူ့အခွင့်အရေး အများကြီးဆုံးရှုံးရတာ နောက်ပြီးတော့ ဟိန္ဒူအသက်ရော၊ အကုန်လုံးဆုံးရှုံးရတာတော့ အင်မတန်မှစိတ်ဆင်းရဲစရာကြီးပါ၊ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးရတာကတော့ ရှိတာကတော့ ရှိတယ်ပေါ့လေ၊ "
ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာမှာ နာမည်အခေါ်အဝေါ်ကြောင့် နိုင်ငံသား ဖြစ်ခွင့်ရရေးမှာ ကြန့်ကြာမှုတွေဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။
ဒီအပေါ်မှာ အဓိက ဆန့်ကျင်ကန့်ကွက်နေသူတွေကတော့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာ အများစုဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာ ဥပဒေပါအတိုင်း နိုင်ငံသားဖြစ်ခွင့်ရရှိအောင် ဆောင်ရွက်ပေးနေပေမယ့် ရိုဟင်ဂျာ လူမျိုးပေးဖို့ဆိုတာကိုတော့ လက်မခံနိုင်ဘူးလို့ ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမောင်မောင်အုန်းက ပြောပါတယ်။
"ကိုယ်တို့က နိုင်ငံသားပေးဖို့ ဝန်မလေးပါဘူး၊ နိုင်ငံတိုင်းရဲ့ သူ့ရဲ့အချုပ်အခြာအာဏာ ဥပဒေပတိုင်း ကိုယ်တို့က ဒါလူသားချင်းစာနာတဲ့အနေနဲ့ လုပ်ပေးဖို့ သွားနေတာပေါ့နော်၊ အခုနက ရိုဟင်ဂျာဆိုတာကတော့ လူမျိုးတစ်မျိုး အနေနဲ့ တိုင်းရင်းသား၊ နိုင်ငံသားဆိုတဲ့ဟာကတော့ ဒါကလုံးဝမဖြစ်နိုင်ဘူးလေ၊ နိုင်ငံသား ကိုယ်တို့ဆီက မပေးတာမဟုတ်ဘူး ပေးတယ် ပေးတဲ့အခါမှာ သူတို့က နိုင်ငံသားမလိုချင်ဘဲနဲ့ ရိုဟင်ဂျာကိုပဲ သွားချင်တဲ့ဟာ ကိုပဲဖြစ်တယ်ဆိုတဲ့ဟာ ဖြစ်တဲ့အတွက် ဒါတွေက နှောင့်နှေးကြန့်ကြာနေတာပေါ့၊ ဆိုတော့ကာ ကမ္ဘာ့ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ်ကြီး ပြောဆိုတဲ့ဟာတွေကလည်း ကိုယ်ထင်ပါတယ် သူတို့ဘက်က အမြင်ကလည်း မှန်တယ်လို့ ထင်ရင်ထင်မှာပေါ့ ဟုတ်ပြီလားနော်"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့က အကြံပြုထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အချက်ပါဝင်နေပေမယ့် မြန်မာနိုင်ငံအနေနဲ့ အကောင်အထည်ဖော်ဖို့ အခက်အခဲဖြစ်နိုင်ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတချို့ရဲ့ မူဝါဒတွေ တည်ဆဲဥပဒေ၊ စည်းကမ်းချက်တွေကြောင့် အဲဒီလို နိုင်ငံမဲ့ဖြစ်နေကြ ရသူတွေကို ကမ္ဘာ့အသိုင်းအဝန်းနဲ့ လူမှုအဖွဲ့အစည်းတွေက လစ်လျှူပြုမထားကြပါနဲ့လို့လည်း အထူးကိုယ်စားလှယ် ဖာနန်ဒီဗရင်နက်စ် Fernand de Verenness က တိုက်တွန်းခဲ့ပါတယ်။
ခွဲခြားဖိနှိပ်မှုတွေကြောင့် အဲဒီ လူနည်းစုတွေဟာ ကမ္ဘာတဝန်းမှာ အကာအကွယ်မဲ့နေရကြောင်းနဲ့ သူတို့ကို နိုင်ငံမဲ့ဘဝတွေကနေ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စီမံချက်ချမှတ်ကာ လှုပ်ရှားဆောင်ရွက်နေတယ်လို့ သူမရဲ့ပြောဆိုချက်ထဲမှာ ပါဝင်ပါတယ် ခင်ဗျား။