မြန်မာ့အရေး ကုလမဟာမင်းကြီး ပြောကြားချက်အပေါ် သုံးသပ်ချက်များ

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet မီရှဲဘက်ချလက် က မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေပိုမိုဆိုးဝါးလာနေတဲ့အတွက် ထိန်းသိမ်းလို့မရတဲ့ အခြေအနေတွေ မရောက်ခင်မှာ တားဆီးမှုတွေကို အရေးတကြီး ဆောင်ရွက်ဖို့လိုနေပြီလို့ မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသူတချို့ရဲ့ အမြင်တွေကို တင်ပြထားပါတယ်။

စက်တင်ဘာလ ၁၃ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီ ညီလာခံတက္ရောက်လာသော လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စမီရှဲလ်ဘက်ချလက်။ Photo: UN

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet မီရှဲဘက်ချလက်က မြန်မာပြည်က အာဏာသိမ်း စစ်တပ်ဟာ လူသတ်လက်နက်တွေ သုံးစွဲပြီး ပြည်သူလူထုကို ရက်စက်စွာ သတ်ဖြတ်ချေမှုန်းနေပါတယ်။ စစ်တပ်က လေကြောင်းနဲ့ အမြောက်လက်နက်တွေသုံး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ သေကြေနေကြရပြီး ဖမ်းဆီးခံရသူတွေကိုလည်း လူမဆန်ညှဉ်းပန်းနှိပ်စက် နေပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေဟာ လူသားဖြစ်တည်မှုအဖေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအနေနဲ့ အဲဒီကျူးလွန်မှုတွေကို ရပ်တန့်မယ့် လက္ခဏာလည်း တစုံတရာမှ မရှိပါဘူး၊ မြန်မာလူထုအနေနဲ့ စီးပွားရေးပျက်စီးမှုနဲ့ ကိုဗစ်ဗိုင်းရပ်စ်ဒဏ်တွေကိုလည်း အကြီးအကျယ် ခံနေရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပဋိပက္ခတွေ အဆိုးဝါးဆုံး ထိန်းမနိုင်သိမ်းမရ ဖြစ်မလာခင်မှာ တကယ်ခိုင်မာတိကျတဲ့ အရေးယူမှုတွေကို နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ချက်ခြင်း ဆောင်ရွက်ဖို့လိုနေပါပြီလို့ မနေ့ကပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၁၃ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီ ညီလာခံတက္ရောက်လာသော လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စမီရှဲဘက်ချလက်။

ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ဖာင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းဇံ က မြန်မာပြည်ရဲ့ အခြေအနေတွေဟာ မကြာခင်လတွေအတွင်း ပိုဆိုးဝါးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒ့ါအပြင်သူက NUG အစိုးရအနေနဲ့ ကုလမျက်နှာစာမှာ နေရာရရေးအတွက် အခုထက်ပိုမိုကြိုးစားဖို့လိုတယ်လို့ ပြောပါတယ်။

Synergy လူမှုသဟဇာတဖော်ဆာင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသက်ဆွေဝင်း ကလည်း မြန်မာပြည်ကို နိုင်ငံတကာအသိုင်းအဝန်းက ဥပေက္ခာပြုခဲ့မယ်ဆိုရင် အင်မတန်ဆိုးဝါးမယ့်အခြေအနေတွေ ပေါ်လာနိုင်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသူ ရှေ့နေကြီး ဦးကြီးမြင့် ကတော့ ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ထိရောက်အောင်မြင်နေပြီး ပြည်သူတွေရဲ့ အောင်ပွဲကို မကြာခင် မြင်ရနိုင်ပါတယ်လို့ ဝေဖန်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ လူ့အခွင့်အရေးကော်မရှင်မင်းကြီး မီရှဲဘက်ချလက် တိုက်တွန်းပြောကြားခဲ့သလို ထိရောက်တဲ့ အရေးယူမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org