မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ကုလ ကော်မတီ အတည်ပြု

ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကော်မတီက “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ” လို့ အမည်ပေးထားတဲ့ ဆုံးဖြတ်ချက်ကို နိုဝင်္ဘာလ ၁၄ ရက် မနေ့က မဲခွဲအတည်ပြုခဲ့ပါတယ်။

၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကို တွေ့ရစဉ် Photo: UN Web TV

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီက  နိုဝင်္ဘာ ၁၄ ရက်နေ့မှာ ထောက်ခံမဲ ၁၄၀ ကန့်ကွက်မဲ ၉ မဲ နဲ့ အတည်ပြုခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနက် တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လာရုစ်နဲ့ ဇင်ဘာဘွေနိုင်ငံတွေက  မြန်မာနိုင်ငံဘက်က ရပ်တည်ကန့်ကွက်ခဲ့ပြီး စင်္ကာပူနိုင်ငံက ကြားနေခဲ့ပါတယ်။ အခုလို ဆုံးဖြတ်ချက် ချမှတ်ရေးအတွက် အဆိုပြုရာမှာ ပါဝင်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စု ကိုယ်စား လှယ်အဖွဲ့ရဲ့ တင်ပြချက်ကို RFA က ရရှိခဲ့ရာမှာ ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ မတရားနှိပ်စက်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း ဖေါ်ပြထားပါတယ်။

ဆက်လက်ပြီး  မြန်မာအာဏာပိုင်တွေကို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ဖို့၊ တပ်မတော်ကို အရပ်သားအစိုးရ ကွပ်ကဲမှုအောက် ထားရှိရေး အခြေချဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး ချိုးဖေါက်ခဲ့သူတွေကို အရေးယူ အပြစ်ပေးဖို့၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ ပြောဆိုခွင့်နဲ့ ကိုးကွယ်မှု အပါအဝင် အခြေခံ လူ့အခွင့်အရေးတွေ ကို ကာကွယ် မြှင့်တင်ပေးဖို့နဲ့ ရခိုပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ကိုဖီအာနန် ဦးဆောင်တဲ့အကြံပေး ကော်မရှင်က ထောက်ခံတင်ပြခဲ့တာတွေကို အကောင်အထည်ဖေါ်ဖို့ စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။ တဆက်တည်းမှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Chistine Burgener ခရစ်စတင်း ဘာ့ဂနာ ရဲ့ လူ့အခွင့်အရေး တိုးတက်အောင် ကြိုးပမ်းမှုနဲ့ မြန်မာ့လူဘောင်အသိုင်းအဝန်းနဲ့ တွေ့ဆုံဆောင်ရွက်မှုတွေကိုလည်း  ထောက်ခံအားပေးပါကြောင်း  ဖေါ်ပြထား ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကမကထပြုဖွဲ့စည်းခဲ့တဲ့ IIFFM အချက်အလက် ရှာဖွေရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို လေးနက်စွာ ထောက်ခံကြောင်း၊ နောက်ထပ်ဖွဲ့စည်းလိုက်တဲ့ IIMM မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးအဖွဲ့ကို ကြိုဆိုကြောင်းနဲ့ အဲဒီအဖွဲ့ကို နိုင်ငံတကာက ကူညီထောက်ခံကြဖို့ လည်း တိုက်တွန်းကြောင်း စသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးနဲ့ လူမှုရေးကော်မတီမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က  တင်ပြခဲ့ပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စုက ပါဝင်တင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက် ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက RFA ကိုပြောပါတယ်။

တတိယကော်မတီက မနေ့က ချမှတ်ခဲ့တဲ့ အဲဒီမူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ လာမယ့် ဒီဇင်္ဘာလအတွင်း မဲခွဲ အတည်ပြုမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org