NUG, CRPH တို့နဲ့ ထိတွေ့ဆောင်ရွက်ဖို့ ကုလသမဂ္ဂကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
အဲဒီနေ့ကအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး မိန့်ခွန်းပြောခဲ့ရာမှာ လွှတ်တော်တွေဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့အသံကို ထင်ဟပ်ပြသပြီး ဒီမိုကရေစီရဲ့အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022-06-23 -
-
-
ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးမှာ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ကမ္ဘာ့နိုင်ငံပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Inter-Parlimentary Union (IPU) အဖွဲ့၊ အမျိုးသားလွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ့် ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ကြပါတယ်။
အဲဒီနေ့ကအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး မိန့်ခွန်းပြောခဲ့ရာမှာ လွှတ်တော်တွေဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့အသံကို ထင်ဟပ်ပြသပြီး ဒီမိုကရေစီရဲ့အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
“ကျေးဇူးပြုပြီး မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ကြပါလို့ တောင်းဆိုချင်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးကို မလိုချင်ကြပါဘူး။”
လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လွှတ်တော်ရဲ့အခန်းကဏ္ဍကို ပျက်သုန်းသွားတဲ့အကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။
“ မြန်မာပြည်သူတွေဟာ သူတို့ရဲ့အသံကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်တွေကို လွတ်လပ်ပြီးမျှတတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးရွေးချယ်ခကြပါတယ်။ ဒါပေမဲ့လည်း စစ်ခေါင်းဆောင်တွေဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီမှာ မဲစာရင်း လိမ်လည်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားမဝင်အာဏာသိမ်းလိုက်ပါတယ်။ ဒီလို အာဏာသိမ်းလိုက်တာဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒမဲတွေကို ပယ်ဖျက်လိုက်ရုံမကဘဲ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော် သစ္စာဖောက်မှုကြီး ဖြစ်ပါတယ်။ အဲဒီလိုအာဏာသိမ်းလိုက်ပြီးကတည်းက မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ်ကို ဖိနှိပ်သတ်ဖြတ်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု crimes against humanity မြောက်ပါတယ်။ ဒါတွေ အားလုံးဟာ ကျွန်တော်တို့ မျက်စိရှေ့တင် ဆက်ပြီး ဖြစ်ပျက်နေတာတွေပါ”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို မအောင်မြင်အောင် နိုင်ငံတကာကဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုတဲ့အကြောင်းကိုလည်း ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။
“ဒီနေရာမှာ ကျွန်တော် ထပ်လောင်းပြီး ပြောချင်တာက မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုမဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒီလို မဲပေးရွေးချယ်ခဲ့တာဟာ နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံတာတင် မဟုတ်ဘဲ ဒီမိုကရေစီစနစ်နဲ့ စီမံအုပ်ချုပ်တဲ့ စနစ်တစ်ခုလုံးကို ယုံကြည်စိတ်ချလို့ မဲပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာစစ်တပ်က ပြည်သူတွေရဲ့ ဆန္ဒမဲတွေကို မထီမဲ့မြင် ပြုလိုက်တာကို ခွင့်မပြုသင့်ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောခဲ့တဲ့ စကားကိုပဲ ပြန်ပြောချင်ပါတယ်။ ဒီနေ့ခေတ်မှာ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ လက်ခံနိုင်စရာ မရှိတော့ပါဘူး။ ဒါကြောင့် စစ်တပ်က အာဏာသိမ်းတာကို မအောင်မြင်အောင်လုပ်ရပါမယ်”
စစ်တပ်က အာဏာသိမ်းပြီးချိန်မှာပဲ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကြိုးပမ်းနေကြတဲ့အကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ရဲ့ စတုတ္ထအကြိမ်မြောက်အစည်းအဝေးကို အခုနှစ် ဧပြီလက ကျင်းပခဲ့ရာမှာ စစ်ကောင်စီရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြားက လွှတ်တော်ကိုယ်စားလှယ် ၃၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း၊ အခုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ် အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ သူတို့ နေထိုင်တဲ့နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေ မတရားသိမ်းယူခံခဲ့ရကြောင်း၊ စစ်ကောင်စီရဲ့ နှိပ်စက် စစ်ဆေးမှုကြောင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်ပြီး ရွေးကောက်ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးဟာလည်း စစ်ကောင်စီကနေ တရားမဝင် ထိန်းသိမ်းခံထားရတဲ့အကြောင်း ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည်သူအားလုံး ပုံစံအမျိုးမျိုးနဲ့ ဒုက္ခရောက်နေပေမယ့် ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်ရှိနေဆဲ ဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ဖို့ ဦကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။
“ကျေးဇူးပြုပြီး မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ကြပါလို့ တောင်းဆိုချင်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးကို မလိုချင်ကြပါဘူး။ မြန်မာပြည်သူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ဖို့ဆန္ဒရှိပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဟာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို သူတို့ကို ကိုယ်စားပြုရပ်တည်ပေးဖို့ ဆန္ဒရှိကြပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ IPU အဖွဲ့ဝင်တွေအားလုံးအနေနဲ့ CRPH နဲ့ NUG တို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားဖို့ လိုတယ်ဆိုတာ အလေးအနက်ထားပြီး ပြောချင်ပါတယ်။”
ကုလသမဂ္ဂ၊ နိုင်ငံတကာပါလီမန်များသမဂ္ဂနဲ့ ကမ္ဘာအရပ်ရပ်က လွှတ်တော်တွေကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားမျှတမှုဘက်က အနိုင်ရလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားပြီး၊ အဲဒီနေ့က မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။