အာဏာသိမ်း တစ်နှစ်ကျော်အတွင်း သံဃာ ၃၈ ပါး အသက်ဆုံး

ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားချက်၊ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေပေါ်အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဧပြီလလယ်အထိ တစ်နှစ်ကျော်ကာလအတွင်း သီလရှင်တစ်ပါး အပါအဝင် နိုင်ငံတစ်ဝန်းက ရဟန်းသံဃာ ၃၈ ပါးဟာ သတ်ဖြတ်မှုတွေကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ငါးရှန်တောင်ရွာမှ သက်တော် ၇၅ နှစ်အရွယ် ဦးတေဇနိယအား တွေ့ရစဉ် Photo: Citizen Journalsit

ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားချက်၊ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေပေါ်အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဧပြီလလယ်အထိ တစ်နှစ် ကျော်ကာလအတွင်း သီလရှင်တစ်ပါး အပါအဝင် နိုင်ငံတစ်ဝန်းက ရဟန်းသံဃာ ၃၈ ပါး ဟာ သတ်ဖြတ်မှုတွေကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။

PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၃၃ ပါး ပျံလွန်တော်မူခဲ့ပြီး ခုနစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၂ ဧပြီ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်ပါဘူး။

“အမျိုးသားနိုင်ငံရေးဆိုတာက ရဟန်းသံဃာတော်တွေသည် လက်နက်ကိုင်လမ်းစဉ်နဲ့ လုံးဝမအပ်စပ်ဘူး"

ပြည်တွင်းသတင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ PDF တွေနဲ့ဆက်စပ်တယ်ဆိုပြီး စစ်တပ်ရဲ့ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ရဟန်းသံဃာက ငါးပါးရှိပါတယ်။ နောက်ထပ် သံဃာ ၃၈ ပါးက အကျဉ်း ထောင်အသီးသီးမှာ အဖမ်းခံထားရပါတယ်။

အခုလ ၃ ရက်နေ့က မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ကင်းရွာမှာ စစ်ကောင်စီကို သတင်းပေး တယ်ဆိုပြီး သံဃာတော်တစ်ပါးကို ဒေသခံ PDF အဖွဲ့က သတ်ဖြတ်ခဲ့တာကြောင့် ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်က ရွာထဲဝင်လာပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တာဝန်ခံ ဆရာတော် ဦးပညာဝံသကို ဖမ်းဆီးစစ်ဆေးရင်း အသက်ဆုံးခဲ့တယ်လို့ ဒေသခံ တွေနဲ့ သံဃာအဖွဲ့အစည်းတွေက ပြောပါတယ်။

စစ်တပ်ကို သတင်းပေးတဲ့ ပျူစောထီးလို အဖွဲ့တွေကလွဲရင် အပြစ်မဲ့ရဟန်းသံဃာတွေကို ဘယ်တုန်းကမှ မသတ်ခဲ့ဘူးလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုသံလုံး က ပြောပါတယ်။

“ဘာသာရေးနဲ့ ပတ်သက်တာ အခြားပြည်သူတွေတို့၊ အရင်တုန်းက နီခဲ့တာ၊ စိမ်းခဲ့တာ ရှိတာပဲဖြစ်ဖြစ် သူလျှို၊ ဒလန် မဟုတ်သရွေ့၊ ပျူစောထီး မဟုတ်ရင် မင်းကင်းမြို့နယ် ထဲမှာမှ မဟုတ်ဘူး ဘယ်ရဲဘော်ရဲဘက်ကမှ ဒီလိုသတ်ဖြတ်မှုတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောရဲတယ်။ အားလုံးက အဆက်အသွယ်လည်းရှိတယ်၊ သူလျှို၊ ဒလန်ကတော့ ရှင်းမယ်၊ ပြီးရင် ပျူစောထီးတွေ ရှင်းမယ်။ ကျန်တာတွေကတော့ ဘယ်တော့မှမလုပ်ဘူး“

ဒေသကာကွယ်ရေးတပ် PDF တွေကို ပြည်သူလူထုအတွက် ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့ထားတာကြောင့် ပြည်သူတွေငြိုငြင်မယ့်အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူးလို့ သူက ဆိုပါတယ်။

ဧပြီလ ၂၄ ရက် မနေ့ကလည်း စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်၊ သပြေသာရွာကို စစ်တပ်က မီးရှို့တဲ့အခါ ကျေးရွာဆရာတော်က တားမြစ်တဲ့အတွက် စစ်သားတွေက ဆရာတော်ကို ပစ်သတ်ခဲ့တယ်လို့ သပြေသာရွာ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရဟန်းသံဃာတွေကို ဖမ်းဆီးတာ မရှိသလောက်ပဲလို့ ဆိုပါတယ်။

“PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက သတ်ဖြတ်နေတယ်ဆိုတာ အဲဒီမှာရှိတဲ့ ဒေသ ခံလူတွေ၊ ဆက်စပ်နေတဲ့ သံဃာအသိုက်အဝန်းက သိပြီးဖြစ်ပါတယ်။ ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အစိုးရအနေနဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးတာက မရှိသလောက် ရှားတယ်။ တချို့နေရာတွေမှာတော့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ရဟန်းသံဃာအသွင်ယူပြီး အကြမ်းဖက်လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေရှိတယ်။ ဝတ်ပြီးရှောင်နေတာတွေကို စိစစ်တွေ့ရှိတဲ့အခါ တရားဥပဒေအရ ဆောင်ရွက်ရတာတွေရှိတယ်“

အမျိုးသားရေးဝါဒ (မဘသ) ဆရာတော်အချို့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပျူစောထီးအဖွဲ့တွေနဲ့ပေါင်းပြီး ကိုယ်တိုင်လက်နက်ကိုင် တိုက်ခိုက်တဲ့ ရုပ်သံဖိုင်တွေလည်း အခုနှစ်ဆန်းပိုင်းက လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပါတယ်။ အာဏာသိမ်း တစ်နှစ်ကျော် အတွင်း အခုလို ရဟန်းသံဃာ ၃၈ ပါး အသက်ဆုံးခဲ့ရတာဟာ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ဆရာတော်ကြီးတွေက မတားမြစ်တာကြောင့် နောက် ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဖြစ်လာရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့က အမျိုးသမီးတစ်ဦးက ယူဆပါတယ်။

“ဆိုးဆိုးဝါးဝါးဖြစ်တာက သံဃာတော်တွေကိုယ်တိုင် သေနတ်တွေကိုင်ပြီး သင်တန်းတွေ ပေးနေတာက မဖြစ်သင့်ဘူး၊ သံဃာလို့လည်း မမြင်ဘူး။ သီတဂူဆရာတော်ကြီးဆိုရင် ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးပါ၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စနဲ့ ပတ် သက်ပြီးတော့၊ သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ မကောင်းမှုတွေမလုပ်ဖို့ တား မြစ်တာတွေ၊ မလုပ်ကြဖို့ တားမြစ်တာတွေ မကြားရတာ တကယ်ကို စိတ်မကောင်းစရာ ပါ“

သေနတ်ကိုင် လေ့ကျင့်နေသည့် ဆရာတော်များအား စစ်ကိုင်းတိုင်းအတွင်းတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ် (Photo: Citizen Journalist)

အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ရဟန်းသံဃာတွေ အသတ်ခံရမှု၊ ဖမ်းဆီးခံရမှု၊ စစ်တပ် နဲ့ PDF တွေအကြား အပြန်အလှန် စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ ရန်ကုန် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ဖုန်းနဲ့ရော ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတစ်ဆင့်ပါ ဒီကနေ့ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရဟန်းသံဃာဆိုတာ အမျိုးသားရေးဝါဒနဲ့ လက်နက်စွဲကိုင်တာ၊ စစ်တပ်နဲ့ပူးပေါင်းပြီး သတင်းပေးတာတွေ မလုပ်သင့်ဘူးလို့ မန္တလေးမြို့က သံဃသမဂ္ဂအဖွဲ့ဝင် အရှင်ရာဇဒမ္မက မိန့်ကြားပါတယ်။

“အမျိုးသားနိုင်ငံရေးဆိုတာက ရဟန်းသံဃာတော်တွေသည် လက်နက်ကိုင်လမ်းစဉ်နဲ့ လုံးဝမအပ်စပ်ဘူး၊ လက်ရှိ သံဃာတော်တွေရဲ့ပါဝင်မှုမှာ သမိုင်းအဆက်ဆက် အကြမ်း မဖက်တဲ့နည်း၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့နည်းနဲ့ ရပ်တည်တယ်။ ဒါကြောင့်မို့ အကြမ်းမဖက်တဲ့နည်းနဲ့ မိမိတို့ဆန္ဒကို ထုတ်ဖော်နေတယ်။ ဆန့်ကျင်ကန့်ကွက်နေတယ်။ ဒါကြောင့် အမျိုးသားနိုင်ငံရေးနည်းနဲ့ ရဟန်းသံဃာတော်တွေက ဆက်လက်ပြီး ပါဝင် နေတယ်“

အဖမ်းခံနေရတဲ့ ရဟန်းသံဃာတွေဟာ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မကွေးနဲ့ ရန်ကုန်တိုင်းတို့ကဖြစ်ပြီး မန္တလေးတိုင်းက အများဆုံးဖြစ်ပါတယ်။

စစ်တပ်က အာဏာစသိမ်းတဲ့နေ့မှာပဲ NLD နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ မန္တလေးမြို့က ဦးသောဘိတ (အလင်္ကာကြယ်) နဲ့ ဦးတေဇနိယ ( မန္တလေးတောင်ခြေ) ဆရာတော်တို့ အဖမ်းခံလိုက်ရပါတယ်။ အဲဒီအထဲက ဆရာတော် ဦးသောဘိတကတော့ ထောင်တွင်း တရားရုံးကနေ နှစ်နှစ် အမိန့်ချခံထားရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ဗုဒ္ဓဘာသာ ရဟန်းငါးသိန်းကျော်နဲ့ သီလရှင် ခြောက်သိန်းကျော် ရှိပါတယ်။ သံဃာတွေအတွင်း ဒီမိုကရေစီရေး တက်တက်ကြွကြွ ထောက်ခံလှုပ်ရှားသူတွေ ရှိသလို အမျိုးဘာသာ သာသနာအတွက်ဆိုပြီး စစ်တပ်လုပ်ရပ်တွေကို ထောက်ခံတဲ့ သံဃာ တွေလည်း အများအပြားရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org