ပေါက်တောက မုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည်တွေ အကူအညီလိုအပ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ အောက်တိုဘာလ ၂၄ ရက် မနေ့ က စီထရန် (Sitrang) ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ဒုက္ခသည် ရှစ်ရာခန့် ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရသလို ပင်လယ်ဒီရေနဲ့ အတူ စားနပ်ရိက္ခာတွေပါ ပျက်စီးသွားတဲ့အတွက် အိမ်ထောင်စု ၃၀၀ လောက် အခက်အခဲ နဲ့ ကြုံတွေ့နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒုက္ခသည်စခန်းထဲအထိ ပင်လယ်ဒီရေ ရုတ်တရက် တက်လာတဲ့ အတွက် ရိက္ခာတွေ ဆုံးရှုံးသွားခဲ့တာလို့ ငှက်ချောင်း အမှတ် (၁) ရိုဟင်ဂျာဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး ဦးရွှေလှက ပြောပါတယ်။
“ရိက္ခာက အိမ်ခြေသုံးရာလောက်မှာ လုံးဝပျက်စီးသွားတယ်။ ပစ္စည်းတွေ သယ်လာလို့ မရဘူး၊ လှေလည်းမရှိဘူး ဆိုတော့ သယ်လာလို့မရတာ။ သူတို့က ကိုယ့်အသက်ကို ကယ်တင်ချင်လို့ ပစ္စည်းတွေကို လောဘကြီးလို့ မရလိုက်ဘူး။ ဒီအတိုင်းထားလိုက်တော့ ပင်လယ်ထဲကို အကုန်ပါသွားတယ်။ အဓိကရိက္ခာပေါ့၊ ဆန်တွေပါသွားတယ်။ ပြီးတော့ သူတို့မှာ ပုဆိုးတွေ၊ အိမ်သုံးပစ္စည်းတွေရောပေါ့”
မုန်တိုင်းသတိပေးချက်တွေကို အားလုံးသိအောင် ကြေညာပေးခဲ့ပေမယ့် ကြိုတင်မပြောင်း ရွှေ့နိုင်ခဲ့တာကြောင့် ရုတ်တရက် မြင့်တက်လာတဲ့ ပင်လယ်ဒီရေနဲ့အတူ စခန်းထဲက ရိက္ခာ တွေ ပျက်စီးဆုံးရှုံးခဲ့ရတာလို့လည်း ဆိုပါ တယ်။
“ရိက္ခာက အိမ်ခြေသုံးရာလောက်မှာ လုံးဝပျက်စီးသွားတယ်။ ပစ္စည်းတွေ သယ်လာလို့ မရဘူး၊ လှေလည်းမရှိဘူးဆိုတော့ သယ်လာလို့မရတာ"
ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁) နဲ့ အမှတ် (၂) မှာ အိမ်ခြေနှစ်ထောင်ကျော်နဲ့ ဒုက္ခသည် တစ်သောင်းကျော် ခိုလှုံနေတာပါ။
ဒုက္ခသည်စခန်းထဲကို အောက်တိုဘာ ၂၄ ရက်နေ့ မနေ့မနက် ကိုးနာရီမှာတစ်ကြိမ်နဲ့ ည ၁၀ နာရီ လောက်မှာတစ်ကြိမ် ပင်လယ်ဒီရေ အမြင့် လေးပေလောက်အထိ ဝင်ရောက်ခဲ့တာလို့ လည်း ဆိုပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့်လည်း စခန်းကအဆောင်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ လည်း ဒုက္ခသည် တွေက RFA ကို ပြောပါတယ်။
လက်ရှိမှာတော့ ဒုက္ခသည် ရှစ်ရာလောက်ဟာ အမြင့်မှာရှိတဲ့နေအိမ်တွေမှာ ပြောင်းရွှေ့ နေထိုင်နေရတယ်လို့ ပြောင်းရွှေ့နေရတဲ့ ဒုက္ခသည် ဦးစောနိုင်က ပြောပါတယ်။
“ကျနော်တို့ အခုနေထိုင်ရတာက ကျန်ခဲ့တဲ့အိမ်တွေမှာ ပြောင်းရွှေ့ပြီးတော့ နေထိုင် နေရတယ်။ လူဦးရေ ကတော့ ခုနစ်ရာကျော်၊ ရှစ်ရာလောက်ရှိတယ်။ ရေက မနက် ၉ နာရီလောက်မှာ မုန်တိုင်းအရှိန်နဲ့ ဆည်ကျိုးလို့ ဝင်လာခဲ့တာ။ ရိက္ခာပျက်စီးသွားတာက တချို့အိမ်တွေမှာ လုံးဝမရှိဘူးဖြစ်သွားတယ်။ ကျနော့်မှာလည်း ပျက်စီးသွားတယ်။ မထင်မှတ်တဲ့အခါမှာ ရေတမံချိုးဖောက်ပြီး ရေဝင်လာတဲ့အခါကျတော့ ဆန်အိတ်တွေ အကုန် ရေစိုသွားတယ်။ ကျနော်မှာတော့ ဆန်နှစ်တင်း ပါသွားတာပါ”
ဒုက္ခသည်တွေ အဓိအသုံးပြုနေတဲ့ သောက်သုံးရေကန် ခြောက်ကန်ထဲက သုံးကန်မှာလည်း ပင်လယ် ဆားငန်ရေတွေ ဝင်ရောက်သွားပြီး ပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။
အဲဒီလိုပဲ ဒုက္ခသည်တွေ အဓိကအမှီပြုလုပ်ကိုင်စားသောက်နေကြတဲ့ စပါးခင်းတွေနဲ့ ပုစွန်ကန် ငါးဆယ်လောက်ဟာလည်း ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
လက်ရှိမှာတော့ ဒုက္ခသည်စခန်းထဲမှာ ရေပြန်ကျသွားပေမယ့် ကျိုးပျက်သွားတဲ့ ရေတမံအပါအဝင်၊ သောက်သုံးရေကန်တွေ၊ ဆုံးရှုံးသွားတဲ့ရိက္ခာတွေကို အရေးပေါ် အကူအညီတွေ အမြန်ဆုံးပေးဖို့ လိုအပ်တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။
အလားတူပဲ ပေါက်တောမြို့နယ် ဆင်တက်မော် ရခိုင်တိုင်းရင်းသားကျေးရွာမှာလည်း မနေ့က မုန်တိုင်းအရှိန် ကြောင့် ကမ်းစပ်မှာရှိတဲ့ နေအိမ် ၁၅ လုံးပျက်စီးသွားခဲ့တယ်လို့ ဆင်တက်မော်ရွာက ဒေါ်ဖြူဖြူက RFA ကိုပြော ပါတယ်။
“အန်တီတို့ရွာမှာ လှိုင်းတက်လာလို့ ပျက်စီးတဲ့အိမ်တွေ ပျက်စီးသွားတယ်။ အားလုံး ၁၅ ဆောင်လောက်ရှိမယ်။ ရွာကမ်းပါးမှာ ဆည်ထားတဲ့ ကျောက်တန်းလည်း ကျိုးသွားတယ်။ ရွာကမ်းပါးတွေလည်း ပြိုဆင်းသွားတယ်။ အန်တီတို့ အိမ်ရှေ့ကဆို ကမ်းတွေအားလုံး ပြိုဆင်းသွားတယ်”
အဲဒီဆင်တက်မော်ရွာမှာ မနေ့မနက်ပိုင်းနဲ့ ညဉ့်အချိန်က ရွာတစ်ခြမ်း ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စုနှစ်ရာကျော် ကုန်းမြင့်ပိုင်းတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

မနေ့က မုန်တိုင်းအရှိန်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အခက် အခဲဖြစ်နေကြတာ၊ အရေးပေါ်အကူအညီပေးဖို့ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ စီထရန် (SITRANG) ဆိုင်ကလုန်းမုန်တိုင်းဟာ မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ တင်ကိုနာကျွန်း (Tinkona Island) နဲ့ ဆန်းဝစ်(ပ်)ကျွန်း (Sandwip Island) တို့ကြား တိုက်ခတ်သွားခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။