မြောက်ပိုင်းသုံးဖွဲ့ကို ပြန်လည်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ပြောဆိုမှုအပေါ် သုံးသပ်ချက်
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို လက်ရှိတိုက်ပွဲတွေအရ စစ်တပ်ဘက်က တန်ပြန်ချေမှုန်းနိုင်မယ့် အလားအလာမရှိဘူးလို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
-
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023-11-03 -
-
-
Updated: 9:40 AM (Nov 04, 2023)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တွေက ကိုးကန့်ဒေသအတွင်းမှာ နယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်နေသလို ကချင်ပြည်နယ်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်နေတဲ့အတွက် တန်ပြန်ချေမှုန်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၂ ရက်နေ့က အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ စစ်ဆင်ရေးဟာ နိုဝင်ဘာ ၃ ရက်နေ့အထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း) စတဲ့ မြို့လေးမြို့နဲ့ စစ်ကောင်စီတပ်စခန်း ၉ဝ ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတွေ၊ စစ်ဘက်နဲ့ဆိုင်တဲ့ ရဲကင်း၊ ရဲစခန်းတွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်စခန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိတိုက်ပွဲတွေအရ စစ်တပ်ဘက်က တန်ပြန်ချေမှုန်းနိုင်မယ့် အလားအလာမရှိဘူးလို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
“အခုဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကြည့်ရင် သိပ်မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်မင်းအောင်လှိုင်က တောက်လျှောက် ဒီလိုပဲပြောနေတာပဲ။ သူတို့စစ်ဗိုလ်ချုပ်တွေအားလုံးက စစ်တိုက်တာထက် ငွေရေးကြေးရေး ကိုယ်ရသမျှ အိတ်ထဲထည့်ဖို့ပဲ။ ဒီတစ်ခါ တော်လှန်ရေးသမားတွေဘက်ကလည်း ဟန်ချက်ညီလာတာ ပါတယ်။ တပ်ရဲ့အခြေအနေကလည်း အဆင့်တွေက တဖြည်းဖြည်းနိမ့် နိမ့်လာတာ၊ တပ်က ပြိုလုမတတ်ဖြစ်နေပြီ။ သူ့(မြန်မာစစ်တပ်)မှာ အားကိုးအားထားရလောက်တဲ့ စစ်ရေးကျွမ်းကျင်တဲ့သူတွေ မရှိဘူး။”
ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ကောင်းသူဝင်းကလည်း လက်ရှိတိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အရ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်ရှိတပ်အင်အားအရ အောင်မြင်နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။
“မြေပြင်ခြေလျင်တပ်ကတော့ ပြန်လုပ်နိုင်တာမရှိဘူး။ သူတို့အနေနဲ့ လုပ်နိုင်တာတစ်ခုကတော့ သူတို့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်းကပဲ သူတို့ပစ်မှတ်ထားတဲ့နေရာတွေ၊ ဌာနချုပ်တွေ၊ သူ့ကို စပြီး ခြိမ်းခြောက်စေနိုင်တဲ့နေရာမျိုးတွေကိုပဲ လေကြောင်းနဲ့ တိုက်ခိုက်နိုင်မယ်၊ လေကြောင်းက တိုက်ပြီး မြေပြင်တပ်အနေနဲ့ မြို့တွေ၊ ရွာတွေ၊ စခန်းတွေ ပြန်ရအောင် တိုက်နိုင်မယ့် အနေအထားတော့မရှိဘူး။ လေကြောင်းနဲ့ ခြိမ်းခြောက်တာတို့၊ လက်နက်ကြီးနဲ့ ပစ်တာတို့ အဲ့လိုအနေအထားမျိုးလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။”
စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက အခုလိုတိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်နေခဲ့ကြပြီး အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
"ဟန်ချက်ညီညီနဲ့ တစ်နိုင်ငံလုံးဖြစ်လာတဲ့ ဒီလိုစစ်ဆင်ရေးဟာ စစ်ကောင်စီအနေနဲ့ ချေမှုန်းဖို့ရာ အပြောကပဲ ပိုပြီးဖြစ်ပါလိမ့်မယ်"
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့တွေကို လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီဘက်က နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအခြေအနေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၃ရက်နေ့က စစ်တပ်ပိုင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV တယ်လီဂရမ်ချန်နယ်က တဆင့်သတင်းထုတ်ပြန်ရာမှာ… ဆုံးရှုံးသွားတဲ့ နယ်စပ်မြို့တွေနဲ့ စခန်းငယ်တွေကို ပြန်လည်ရရှိဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
“တချို့ဆုံးရှုံးခဲ့ရတဲ့နေရာတွေရှိတယ်။ ဒါတွေကလည်း နယ်စပ်ဒေသမှာရှိတဲ့ မြို့တွေဖြစ်ပါတယ်။ စခန်းငယ်တွေ ရှိတယ်၊ ဒါတွေကိုလည်း ပြန်လည်ပြီး နယ်မြေစိုးမိုးမှုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
စစ်ကောင်စီဘက်က အခုလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း က ... "အခုရက်ပိုင်း သူကလည်း စစ်မြေပြင်အင်အားတွေကို ဆက်လက်ဖြည့်တင်းနေတယ်၊ ပြီးတော့ သူတို့အစည်းအဝေးမှာ ပြောတဲ့သတင်းကိုလည်း ကျွန်တော်တို့ ကြားမိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့လာရင် ခုခံသွားမှာပဲ၊ ကျွန်တော်တို့လည်း ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းက မြောက်ပိုင်းသုံးဖွဲ့ဦးဆောင်ပြီး ဖော်ဆောင်နေတဲ့ တိုက်ပွဲတွေအရ စစ်တပ်ဘက်က ပြန်လည်ချေမှုန်းနိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီအနေနဲ့ စစ်မျက်နှာက တအားများသွားပြီ။ လေယာဉ်သုံးပြီး သူတို့တစ်နေကုန် တိုက်ခိုက်နေတာတွေ့တယ်၊ ဒါပေမဲ့ နေရာအားလုံးကို မရောက်နိုင်ဘူး။ သူတို့အားကိုးရတာ လေကြောင်းပဲရှိတော့တာပေါ့နော်။ သူတို့အားကိုးရတဲ့လေကြောင်းကလည်း အခုလိုစစ်မျက်နှာ အရမ်းများလာတဲ့အချိန်မှာ မလိုက်နိုင်တဲ့အနေအထားမျိုးရှိတယ်။ အခုလို ဟန်ချက်ညီညီနဲ့ တစ်နိုင်ငံလုံးဖြစ်လာတဲ့ ဒီလိုစစ်ဆင်ရေးဟာ စစ်ကောင်စီအနေနဲ့ ချေမှုန်းဖို့ရာ အပြောကပဲ ပိုပြီးဖြစ်ပါလိမ့်မယ်၊ လက်တွေ့ကတော့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။”
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ လက်နက်ချ ပူးပေါင်းတာတွေ ရှိလာတာကလည်း စစ်တပ်အတွက် အထိနာစေတယ်လို့ သုံးသပ်ကြပါတယ်။
“တိုက်ပွဲတွေရှိလို့ တပ်တွေရော၊ ရဲတွေရော အင်အားတွေလျော့နေတယ်၊ ပြန်လည်စုဆောင်းလို့လည်း မရဘူး။ ဒါ့အပြင် CDM ဝင်လာတာတွေလည်း ပိုမိုတိုးပွားလာတယ်။ အင်အားကတော့ စစ်ကောင်စီက တဖြည်းဖြည်းယုတ်လျော့နေတယ်။ ၂ဝ၂၁ ထက်စာရင် ၂ဝ၂၂ က ပိုအားနည်းလာတယ်၊ ၂ဝ၂၂ ထက်စာရင် ၂ဝ၂၃ က ပိုပြီးအားနည်းလာတဲ့အနေအထားမျိုးတွေ တွေ့ရပါတယ်။”
CDM တပ်မတော်သား တပ်မတော်သား ဗိုလ်ကြီး ကောင်းသူဝင်း ပြောသွားတာပါ။
အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေရပ်စဲဖို့၊ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ဖို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်နိုင်ငံဘက်က ဒီတစ်လောမှာ နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေအနေကို တရုတ်နိုင်ငံဘက်က လွှမ်းမိုးမှု ဘယ်လိုရှိလဲဆိုတာကို နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက အခုလိုသုံးသပ်ပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့ညီနောင်သုံးဖွဲ့က အရှေ့မှာတုန်းက ငြိမ်းချမ်းရေးအရ တရုတ်ရဲ့ဦးဆောင်မှုကို ကြိုဆိုတဲ့အကြောင်း သူတို့စာထုတ်ထားတာရှိတယ်။ တရုတ်ကလည်း လက်ရှိအချိန်မှာ အပစ်အခတ်ရပ်စဲဖို့ဆိုတာ ပြောကြားတာရှိသလို၊ စစ်ကောင်စီနဲ့ တရုတ်နဲ့ ဒေသတွင်း ငြိမ်းချမ်းဖို့အတွက် ဆွေးနွေးနေကြတာရှိတယ်။ အဲဒါကြောင့် တရုတ်က အပစ်ခတ်ရပ်စဲပြီး အထူးသဖြင့် သူ့ရဲ့အကျိုးစီးပွားအရ တိုက်ရိုက်ပတ်သက်တဲ့ ဒေသတွေအတွင်းမှာ ပဋိပက္ခတွေရပ်စဲအောင် ကြားဝင်ဆောင်ရွက်တာမျိုး လုပ်သွားမလားဆိုတာ စောင့်ကြည့်ရမယ်။ တိုက်ပွဲတွေထဲမှာ မပါသေးတဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အထူးသဖြင့် အင်အားကြီးတဲ့ “ဝ” လိုအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေကလည်း တရုတ်နဲ့ပတ်သက်တယ်၊ တရုတ်အနေနဲ့ ကြားဝင်ဆောင်ရွက်မှုပြုတယ်ဆိုရင် အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိမယ်လို့ နားလည်ထားပါတယ်။”
တရုတ်နဲ့ တိုက်တွန်းချက်တွေက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေးအပေါ် သက်ရောက်မှုရှိနိုင်မလား။
“သူတို့ကတော့ သံခင်း တမန်ခင်းအရ ပြောနေကျစကားတွေပဲ၊ တရုတ်က အားလုံးနှစ်ဖက်အနေနဲ့ ညှိညှိနှိုင်းနှိုင်း အလယ်မှာ ဆုံနိုင်အောင် ကြိုးစားပါဆိုတာလည်း ပြောတတ်တယ်၊ သဘောကတော့ ဟိုဖက် ဒီဖက် အလျော့အတင်းလုပ်ပါလို့ ပြောတာပဲ၊ ဒါ သူတို့ပြောနေကျ သံတမန်စကားပါ။”
နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော သုံးသပ်တာပါ။
ဒီတိုက်ပွဲကြောင့် UWSA “ဝ”တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်ဒေသမှာ ဒုက္ခသည် တစ်သောင်းဝန်းကျင်၊ ချင်းရွှေဟော်မြို့တစ်ဖက်ကမ်း တရုတ်နိုင်ငံ မိန်းတိန်မြို့မှာ ဒုက္ခသည် ငါးထောင်ဝန်းကျင်နဲ့ သိန္နီ၊ လားရှိုး၊ ကွမ်လုံ၊ မုံးကိုး အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ ဒုက္ခသည် တစ်သောင်းကျော်၊ စုစုပေါင်း ဒုက္ခသည် နှစ်သောင်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။