ဒုက္ခသည်ပြန်လက်ခံရေး မြန်မာအစိုးရ တွန့်ဆုတ်နေကြောင်း ပြောဆိုချက်ကို အစိုးရတုံ့ပြန်
2019.06.18

မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေပြန်လည်မခေါ်ယူလိုဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြောသလို မြန်မာအစိုးရဘက်ကလည်း ပြန်လည်လက်ခံရေးအစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ တဖက်နဲ့တဖက် ပြစ်တင်ပြောဆိုနေကြပါတယ်။
နှစ်နိုင်ငံသဘောတူညီချက်အရဆိုရင် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကတည်းက ဒုက္ခသည်တွေကို ပထမ အသုတ်အနေနဲ့ ပြန်လည်ပို့ဆောင်မယ်၊ လက်ခံမယ်လို့ သဘောတူထားခဲ့ကြပေမယ့် ဒီလုပ်ငန်းစဉ်က ၁ နှစ်ခွဲနီးပါး ကြာလာတဲ့အထိ အလုပ်မဖြစ်သေးပါဘူး။
ဒါဟာဘာကြောင့်လဲ။ မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က အခုလို ပြောပါတယ်။
“ အဓိကတော့ နှစ်နိုင်ငံသဘောတူညီချက်ကို မလိုက်နာလို့ ဖြစ်ရတာပါပဲ။ တကယ်တမ်းသာ ကျနော်တို့ ပြန်လက်မခံချင်ဘူးဆိုရင် ကျနော်တို့ အဟန့်အတားတွေ လုပ်ထားလို့ရတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေ ကျနော်တို့ လုပ်ထားတာမရှိဘူး။ ကျနော်တို့ လက်ခံမယ်။ လက်ခံတဲ့အခါမှာ ရခိုင်ပြည်နယ်က ထွက်သွားတယ်ဆိုတဲ့ အထောက်အထားပဲ ပြရမယ်။ အဲဒီအထောက်အထားပြတဲ့အခါ အလွယ်ကူဆုံးက ဖောင်ဖြည့်ဖို့ပဲပြောထားတာ။ သက်သေခံ အထောက်အထားတွေ ဘာတွေ ဘာမှ ကျနော်တို့ မတောင်းဘူး။ ပြန်လည်လက်ခံဖို့ကို ကျနော်တို့ နှစ်နိုင်ငံသဘောတူထားတဲ့ သဘောတူညီချက်ရှိတယ်။ အဲဒီထဲမှာ ပြန်လာချင်တဲ့သူတွေက ဖြည့်ရမယ့် ဖောင်ရှိတယ်။ အဲမှာ သူတို့က ဘာပျက်ကွက်လည်းဆိုတော့ သဘောတူညီထားတဲ့ ဖောင်အတိုင်းကို သူတို့ မလုပ်ဘူး။”
ဒီကာလအတွင်း ဒုက္ခသည် ၂ဝဝ လောက်ကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် မြန်မာပြည်ကို ပြန်လာခဲ့ကြတယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။
ဒီနေ့အထိ နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လာသူတစ်ယောက်မှမရှိသေးပေမယ့် ဒီလိုပြန်လာနိုင်ဖို့အတွက် မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်နေပြီလို့ အကြိမ်ကြိမ် ပြောနေပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီး အားနည်းချက်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုဝန်ကြီးတစ်ဦး လည်းဖြစ်သူ ဒေါက်တာဝင်းမြတ်အေးက အခုလိုပြောပါတယ်။
“ကျနော်တို့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အဲဒီဘက်မှာ အထူးပဲ ဆောင်ရွက်နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တောင်ပြိုလက်ဝဲရယ်၊ ငါးခူရရယ် အဲနှစ်ခုက လက်ခံတဲ့ စခန်းတွေလေ။ လှဖိုးခေါင်က ကြားစခန်းလေ။ အဲဒီနေရာတွေမှာလည်း ကျနော်တို့က အသင့်ဖြစ်နေပါပြီ။ အိမ်ရှိတဲ့သူက အိမ်သွားလို့ရပြီ။ အိမ်မရှိသေးတဲ့သူက နဂိုနေရာတိုက်ရိုက်ဖြစ်ချင်လည်း ဖြစ်မယ်။ အနီးဆုံးနေရာလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီနေရာတွေမှာ ကျနော်တို့က ပစ္စည်းတွေထုတ်ပေးမယ်၊ နေ့တွက်ခတွေထုတ်ပေးမယ်။ ကိုယ်တိုင်ဆောက်ပြီးနေလို့ရမယ်။ အဲလိုဆောက်တဲ့အချိန်မှာ ဘေးမှာ တန့်ကလေး ဆောက်ပေးမယ်။”
ဆုံးရံှုးသွားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေကိုလည်း ဒေါက်တာဝင်းမြတ်အေး ကအခုလိုပြောပါတယ်။
“နဂိုထက်ကောင်းတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးတာဖြစ်တဲ့အတွက်ကြောင့် ပြန်လည်နေရာချထားရေး ပြန်လည်လက်ခံရေးအစီအစဉ်တွေဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ဖြစ်မှာပါ။ နိုင်ငံသားဖြစ်ခွင့်ကတော့ တစ်နိုင်ငံလုံးမှာ လုပ်နေတဲ့ပုံစံအတိုင်း ဥပဒေအရသွားမယ်။ ဒါပေမဲ့ လုပ်ငန်းစဉ် မြန်သထက်မြန်အောင် ကြိုးစားဆောင်ရွက်ပေးနေပါတယ်။ ”
ပြန်ရောက်လာသူတွေကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ်ထုတ်ပေးမှာဖြစ်ပြီး၊ မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမှာဖြစ်ကြောင်း၊ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ပြန်လည်ခေါ်ယူရေးအစီအစဉ်တွေကို ဒုက္ခသည်တွေ အတိအကျမသိရဘဲ ပြန်မယ်ဆိုရင် အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေခံရကြောင်း မိမိသဘောနဲ့ မြန်မာနိုင်ငံ ပြန်ရောက်လာသူတွေက ပြောပြကြတယ်လို့ လဝကဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာတွေကို ထပ်ဆင့် ပြောတာတွေရှိပါတယ်။
အကြမ်းဖက်သမားတွေရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒီရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇားခရိုင် ကူတူပါလောင် ဒုက္ခသည်စခန်းမှာ အဘူတာဟာလို့ခေါ်တဲ့ ရိုဟင်ဂျာအကြမ်းဖက် ခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လက်လုပ်သေနတ်၊ ကျည်ကာအကျီၤတွေနဲ့အတူ ဖမ်းဆီးမိထားတယ်ဆိုတဲ့ သတင်းရှိပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး လတ်တလောမှာ ရိုဟင်ဂျာ အယောက် ၅ဝဝ ကျော်ကို တရားစွဲဆိုထားတယ်လို့ ဒါကာအခြေစိုက် ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Ittefaq သတင်းစာက ရေးသားဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ဖြစ်နေတဲ့အခြေအနေတွေအပေါ် သင်္ခါလီဒုက္ခသည်စခန်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ပြောတာက...
“ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ကျနော်တို့အတွက် ဘာလုပ်နေတယ်။ မြန်မာအစိုးရက ဘာလုပ်နေတယ်ဆိုတာ ကျနော်တို့ အချိန်နဲ့တပြေးညီ သတင်းတွေရနေပါတယ်ခင်ဗျ။ ဒီလိုအကြမ်းသမားအဖွဲ့တွေက ခြိမ်းခြောက်နေတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကျနော်တို့ကို တိုင်းရင်းသားအခွင့်အရေးပေးရမယ်။ တန်းတူအခွင့်အရေးပေးရမယ်။ နိုင်ငံသားအခွင့်အရေးပေးရမယ်။ လုံခြုံမှုရှိရမယ်။ ကိုယ့်ရွာကို ပြန်ခွင့်ရှိရမယ်။ ကိုယ့်ပိုင်ဆိုင်မှု ပြန်လည်ခွင့်ရှိရမယ်။ အဲဒီတောင်းဆိုချက်တွေရှိတယ်”
နေရပ်ကို ပြန်လာလိုကြောင်းနဲ့ သူတို့ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးဖို့ ဦးခင်မောင်တို့လို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တချို့က တောင်းဆိုနေကြတာပါ။ ဒါက ဒုက္ခသည် အားလုံးရဲ့ သဘောဆန္ဒဟုတ်၊ မဟုတ်ဆိုတာကတော့ RFA က အတည်ပြုနိုင်ခြင်းမရှိပါဘူး။
မြန်မာအစိုးရဘက်ကတော့ ဒီတောင်းဆိုချက်ကို လက်ခံနိုင်စရာမရှိကြောင်း ငြင်းဆိုထားပြီး ဖြစ် ပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေကိုလာရောက်ရှင်းပြဖို့ စခန်းအတွင်းနေထိုင်နေကြသူတွေက လိုလားနေကြပါတယ်။
မြန်မာအစိုးရဘက်ကလည်း သွားရောက်လိုကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း လာရောက်ရှင်းပြဖို့ လိုအပ်ကြောင်း သတင်းမီဒီယာတွေကတဆင့် အပြန်အလှန်ပြောနေကြတာတွေရှိနေကြောင်း တင်ပြလိုက်ရပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)