ဒုက္ခသည်တွေ ပြန်လာမယ့် အခြေအနေ


2018.11.14
rohingya-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်း
Photo: RFA

မြန်မာနိုင်ငံဘက်မှာ အဆင်သင့်မဖြစ်သေးတဲ့အတွက် ပြန်မလာကြဖို့ နိုင်ငံတကာက ဖိအားပေးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ တကယ် ပြန်လာပါ့မလားဆိုတဲ့အပေါ် သံသယဖြစ်စရာတွေ ရှိလာပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။

~~~~~~~~~~

ဒုက္ခသည်တွေ ပြန်လာမယ့် အခြေအနေ

(ထက်အာကာ)

UNHCR ရဲ့ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ က အခုလိုပြောပါတယ်။

"ဒါက ကျနော်တို့ ဂျနီဗာမှာရှိတဲ့ ရုံးချုပ်က ထုတ်ပြန်ချက် ထုတ်တာဖြစ်ပါတယ်၊ အဲဒါရဲ့အဆုံးမှာ မြန်မာအစိုးရနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့ စာချုပ်အတိုင်း ဆက်လက် ကူညီသွားမယ်ဆိုတာလည်း ပါပါတယ်၊ ဒီနေ့လည်း နေပြည်တော်မှာ သူတို့နဲ့ အစည်းအဝေး လုပ်နေပါတယ်၊ တတိယအဆင့် ဆက်လုပ်သွားဖို့ ဒီနေ့ပဲ ညှိနှိုင်းနေပါတယ်၊ ဒါကတော့ ဂျနီဗာမှာရှိတဲ့ ရုံးချုပ်က သဘောထားထုတ်ပြန်ချက်ပဲ ဖြစ်ပါတယ်"

RFA က ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေကို ဆက်သွယ်ကြည့်ခဲ့ပါတယ်။

ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင်တွေကတော့ သူတို့ လိုက်လံ စုံစမ်းကြည့်သလောက်တော့ မနက်ဖြန်မှာ ပြန်မယ့် ရိုဟင်ဂျာတွေ မရှိကြကြောင်းပြောပါတယ်။

ဘာလူဟာလီ ဒုက္ခသည်စခန်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမတ်ဂျူဟာရ် ဆိုသူကတော့ မြန်မာအစိုးရဘက် လာခေါ်တာက ဘင်္ဂလီတွေကိုခေါ်တာဖြစ်ပြီး သူတို့ ရိုဟင်ဂျာတွေ မဟုတ်တဲ့ သူတို့ အတွက်ပြန်မှာမဟုတ်ကြောင်း အခုလိုပြောပါတယ်။

"အခန်း ၂၀ မှာ ICRC ရဲ့ စခန်းတာဝန်ခံက ကျနော်ဆီ ကိုယ်တိုင်မေးတယ်၊ ခင်ဗျားတို့ မြန်မာနိုင်ငံပြန်မယ့် အခြေအနေက ဘယ်လိုဆန္ဒရှိလည်း အဲ့လိုမေးတယ်၊ ကျနော်က ဒေါက်တာ ဝင်းမြတ်အေး လာခေါ်တာတော့ ဘင်္ဂါလီပဲ လာခေါ်တာ ရိုဟင်ဂျာ လာခေါ်တာမရှိဘူး၊ ကျနော်တို့ နိုင်ငံသားကို ရိုဟင်ဂျာလို့ သတ်မှတ်မှ ပြန်မယ် အဲ့လိုပဲပြောလိုက်တယ်"

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တော့ တကယ်လို့ ရိုဟင်ဂျာတွေ ပြန်လာတဲ့အခါ ယာယီစခန်းမှာ အချိန်ကြာကြာ ထားမယ်ဆိုရင်တော့ UNHCR အနေနဲ့ ကူညီမှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် မိမိတို့ဆန္ဒရှိမှပြန်ကြဖို့နဲ့ ဆန္ဒမရှိပါက ဆက်လက်နေထိုင်နိုင်ကြောင်း လာရောက်ပြောဆိုကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Michelle Bachelet ကလည်း ဒုက္ခသည်တွေကို သူတို့ဆန္ဒမပါဘဲ အတင်းအကျပ် ပြန်ပို့တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်းနဲ့ အသက်အန္တရာယ်နဲ့ လွတ်လပ်ခွင့်တွေကိုလည်း ထိပါးရာရောက်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်နေတုန်းပဲဆိုတဲ့ သတင်းတွေ ရရှိနေတာကြောင့် ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အနေနဲ့ စပြီးပြန်ပို့ရေး အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ က တိုက်တွန်းထားပါသေးတယ်။

ကော့ဆက်စ်ဘဇား တန်ကာလီကန်က ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုခင်မောင် ဆိုသူကတော့ သူတို့စခန်းသူတွေက မြန်မာအစိုးရကို မယုံကြည်တဲ့အတွက် ဘယ်တော့မှပြန်မှာမဟုတ်ကြောင်း ပြောပါတယ်။

"ကျနော်တို့ လိုချင်နေတဲ့ တောင်းဆိုချက်တွေ မရမချင်း ဘယ်တော့မှ ပြန်မှာမဟုတ်ဘူး၊ ပြည်တွင်းမှာ ရှိတဲ့သူတွေကတော့ လိုချင်စိတ် ဘာမှမရှိဘူး၊ အာမခံချက်ဘာမှ မရှိဘဲနဲ့တော့ ဘယ်သူတွေက ပြန်ချင်ပါ့မလဲ၊ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိဘူး၊ ဒုက္ခသည်စခန်းမှာ နေရမယ်၊ ၁ လနေရမယ်လို့ ပြောနေတယ်၊ ကျနော်တို့ ယုံကြည်လို့မရဘူးလေ၊ ဒုက္ခသည်စခန်းမှာလည်း လူတွေက အခုထိရှိနေတယ်"

လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ နိုင်ငံတကာ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၄၂ ဖွဲ့ ကလည်း ရိုဟင်ဂျာတွေပြန်ဖို့အတွက် အန္တရာယ်များပြီး စောလွန်းသေးတယ်ဆိုပြီး ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပြန်လာမလာက ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် မူတည်ကြောင်း မြန်မာအစိုးရကလည်း ပြောဆိုထားဖူးပါတယ်။

မနက်ဖြန် နိုဝင်ဘာ ၁၅ ရက်နေ့မှာ တစ်ရက်ကို အယောက် ၁၅၀ နှုန်းနဲ့ အယောက် ၂၂၅၁ ယောက်က အရင်ဆုံးပြန်လာမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ သဘောတူညီချက် ရရှိထားတယ်လို့ အစောပိုင်းကသိရပြီး လက်ရှိအခြေနေမှာတော့ ပြန်လာမလာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။