လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာအမှု ICJ ရောက်ခဲ့တာလို့ ဂမ်ဘီယာ ချေပ

ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ် နိုင်ငံများပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရဲ့ တိုက်တွန်းမှုကြောင့်သာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာဖြစ်ကြောင်း စစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေတွေဘက်က လျှောက်လဲချက်ကို ဂမ်ဘီယာ နိုင်ငံက ငှားရမ်းထားတဲ့ ရှေ့နေ Paul Reichler က မနေ့က ကြားနာစစ်ဆေးပွဲ နောက်ဆုံးနေ့မှာ ပြန်လည်ချေပ လျှောက်လဲချက် ပေးခဲ့ပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး မြန်မာအရေး ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံဘက်က ချေပလျှောက်လဲစဉ်။ Photo - ICJ

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် အိုင်စီဂျေ တရားရုံး ကြားနာ စစ်ဆေးမှုအတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်ချက်တွေအတွက် အသေးစိတ် လျှောက်လဲချက်တွေတင်သွင်းဖို့ လေးရက်ကြာ ကြားနာ စစ်ဆေးပွဲကို နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ ICJ တရားရုံးမှာ ပြုလုပ်နေတာ မနေ့က ပြီးဆုံးခဲ့ပါပြီ။

“ဂမ်ဘီယာနိုင်ငံကနေ ICJ မှာ တရားစွဲဆိုဖို့ တွန်းပို့လိုက်တာ OIC မဟုတ်ပါဘူး။ ဆိုးဝါးလှတဲ့ လူမျိုးတုံး သတ်ဖြတ်မှုသာ ဖြစ်ပါတယ်။ ”

ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ် နိုင်ငံများပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရဲ့ တိုက်တွန်း မှုကြောင့်သာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာဖြစ်ကြောင်း စစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေတွေဘက်က လျှောက်လဲချက်နဲ့ ပတ်သက်ပြီး၊ ဂမ်ဘီယာ နိုင်ငံက ငှားရမ်းထားတဲ့ ရှေ့နေ Paul Reichler က မနေ့က ကြားနာစစ်ဆေးပွဲ နောက်ဆုံးနေ့မှာ ပြန်လည်ချေပ လျှောက်လဲချက် ပေးခဲ့ပါတယ်။

“ဒီအမှုမှာ အမှန်တကယ် တရားစွဲဆိုသူဟာ ဂမ်ဘီယာနိုင်ငံမဟုတ်ဘူးလို့ မြန်မာဘက် က လျှောက်လဲချက်ပေးသွားတာဟာ တာဝန်မဲ့ပြီး၊ စော်ကားရာလည်း ရောက်ပါတယ်။ တစ်ဘက်က ရှေ့နေကြီး ပြောသွားသလိုပါပဲ။ မြန်မာနိုင်ငံကို တရားစွဲဆိုဖို့အတွက် ဂမ်ဘီယာ ရှေ့နေချုပ်ရဲ့ အဆိုပြုချက်ကို ဂမ်ဘီယာ လွှတ်တော်က အတည်ပြုခဲ့ပြီး ဂမ်ဘီယာ ဒုသမ္မတက ၂ဝ၁၉ စက်တင်ဘာလမှာ ကုလသမဂ အထွေထွေ ညီလာခံမှာ တရားဝင်ကြေညာခဲ့တာပါ။ ဒါဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်ပက စွက်ဖက်မှု မပါတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒါကို အိုအိုင်စီရဲ့ တိုက်တွန်းမှုကြောင့် တရားစွဲရတာလို့ မြန်မာဘက်က စွပ်စွဲတာဟာ ဂမ်ဘီယာ နိုင်ငံကို ကိုယ်ပိုင် ဆုံးဖြတ်ချက် မချနိုင်တဲ့ ကလေးငယ် တစ်ယောက်လို ရှုမြင်နေတာကြောင့် ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံဟာ အတင်းအကြပ် ဖိအားပေး စေခိုင်းမှုကြောင့် ဒီအမှုကို အိုင်စီဂျေမှာ တင်သွင်းလာတာ မဟုတ်ပါဘူး။ အထောက်အထားတွေအရဆိုရင်၊ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကနေ အကာအကွယ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ကိုယ်တိုင် လက်မှတ် ထိုးထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်း သဘောတူညီချက်အရ တာဝန်ခံ ခိုင်းဖို့အတွက် ဂမ်ဘီယာ နိုင်ငံက အိုအိုင်စီကို အရင် အဆိုပြုခဲ့တာပါ။ ဒီအမှုမှာ တကယ်အရေးကြီးတာက အိုအိုင်စီရဲ့ ပံ့ပိုးကူညီမှု ရှိတဲ့ကိစ္စ မဟုတ်ပါဘူး။ ဂမ်ဘီယာနိုင်ငံကနေ ICJ မှာ တရားစွဲဆိုဖို့ တွန်းပို့လိုက်တာ OIC မဟုတ်ပါဘူး။ ဆိုးဝါးလှတဲ့ လူမျိုးတုံး သတ်ဖြတ်မှုသာ ဖြစ်ပါတယ်။ ”

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်က မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေတာ ရပ်တန့်ဖို့ provincial measure ကြားဖြတ် အမိန့်ချမှတ် ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းထဲက ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ထွက်လာပြီး ဂမ်ဘီယာ ဂမ်ဘီယာလို့ ကြွေးကြော်အားပေးနေခဲ့ကြတဲ့ ဗွီဒီယိုကို ညွှန်းဆိုပြီး သူတို့ဟာ ဒီအမှုအတွက် ICJ တရားရုံးရဲ့ ကြားနာ စစ်ဆေးမှု တွေကို မျှော်လင့်တကြီးနဲ့ စောင့်ကြည့်နေကြတဲ့အကြောင်း၊ သူတို့ရဲ့ တရားမျှတမှုရဖို့ တိုက်ပွဲဝင်ပေးနေတဲ့သူဟာ ဂမ်ဘီယာနိုင်ငံသာ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ရှေ့နေ Paul Reichler ပြောဆိုသွားပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေတွေဟာ ICJ တရားရုံးရဲ့ ကြားနာ စစ်ဆေးမှုအတွင်းမှာ လေးနာရီကျော်ကြာအောင် လျှောက်လဲချက်တွေ ပေးခဲ့ပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို တစ်ကြိမ်မှ မသုံးခဲ့ကြာင်း၊ ဒါဟာ မြန်မာ အာဏာပိုင်တွေ ဘက်က ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုကို လုံးဝ အသိအမှတ်မပြုတဲ့ သဘောထားကို ပြသနေတယ် လို့ ရှေ့နေ က Paul Reichler ပြောပါတယ်။

"အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက် ပေးမှာပါ။ ဆုံးဖြတ်ချက်ကလည်း တရားစီရင်ခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျလာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။"

ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး Dawda Jallow က လျှောက်လဲချက် ပေးရာမှာလည်း မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး ကုလသမဂ္ဂရဲ့ သဘောတူညီချက် ပုဒ်မ ၉ အရ စာချုပ်ပါ သဘောတူညီချက်တွေကို ဖောက်ဖျက်ခဲ့ရင် အပြစ်ပေးအရေးယူခံဖို့ အပိုင်းကို လက်ခံထားပြီး ဖြစ်တဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကနေ လွတ်မြောက် မှာ မဟုတ်ဘူးလို့ ပြောပြီး၊ မြန်မာဘက်က တင်သွင်းထားတဲ့ ကန့်ကွက်ချက်အားလုံးကို ပယ်ဖျက်ပေးဖို့ တောင်းဆိုကြောင်း ပြောသွားပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး မြန်မာအရေး ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံဘက်က ချေပလျှောက်လဲစဉ်။ (Photo: ICJ)

ဒီအမှုဟာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လိုတာထက်ပိုပြီး နှောင့်နှေးမှုတွေ ကြုံနေရတဲ့ အတွက် ICJ တရားရုံး အနေနဲ့ အမြန်ဆုံး စီရင်ချက် ချပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျာမဏီနိုင်ငံရောက် ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲ တည်ထောင်သူ ဦးနေဆန်းလွင်က ပြောပါတယ်။

"ပထမတစ်ခေါက် အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင် ၂၀၁၉ ဒီဇင်ဘာလဒုတိယအပတ်မှာ တရားရုံးစတယ်။ ၂၀၂၀ ဇန်နဝါရီ တတိယပတ်မှာ provincial measure order ကို ထုတ်ပေးတယ် ဆိုတော့ ကြားထဲမှာ တစ်လခွဲလောက်တော့ gap ရှိတာပေါ့နော်။ အခုလည်း ကျွန်တော်ထင်ပါတယ် တစ်လခွဲ နှစ်လအတွင်းလောက်မှာ တရားရုံးက ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက အမှန်တကယ်ဆိုရင် ဒီလောက်ကြာဖို့ မသင့်တဲ့ကိစ္စ၊ အခုက တော်တော်လေး ကြာသွား ပြီ၊ ကြားထဲမှာ ကိုဗစ်ကိစ္စနဲ့ တော်တော်လေး ကြာသွားတယ် ဆိုတော့ တရားမျှတမှု လိုလားတဲ့ လူတွေအတွက် ဒါ အချိန်တအားကြာတာပေါ့နော်။ ၂ နှစ်ဆိုတဲ့အချိန်က တော်တော်လေး ကုန်သွားတယ်။ ဒါက ကျွန်တော်ထင်တယ် အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက် ပေးမှာပါ။ ဆုံးဖြတ်ချက်ကလည်း တရားစီရင်ခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျလာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။"

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက ICJ တရားရုံးရဲ့ ပထမဆုံး အကြိမ် ကြားနာ စစ်ဆေးမှုအပြီးမှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကြားနာစစ်ဆေးမှုတွေ နှောင့်နှေးခဲ့ပြီးတဲ့နောက်၊ အခုနှစ်မှာ ပြန်လည် စတင်ခဲ့တဲ့ ကြားနာစစ်ဆေးမှုတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အစား၊ မြန်မာနိုင်ငံမှာ အာဏာ သိမ်းထားတဲ့ စစ်ကောင်စီက စေလွှတ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက် လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို တရားစီရင်ခွင့် ရှိ မရှိဆိုတဲ့ ဆုံးဖြတ်ချက်ကို ICJ တရားရုံးက ဘယ်တော့ ချမှတ်မလဲ ဆိုတာတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org