ကုလအတွင်းရေးမှူးချုပ် နုတ်ထွက်ပေးဖို့ ရိုဟင်ဂျာအဖွဲ့တွေ တောင်းဆို
2019.06.20
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ကိုင်တွယ်ဆောင်ရွက်ချက်တွေ မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အပါအဝင် ထိပ်တန်းအရာရှိကြီးတွေ ရာထူးကနေ နုတ်ထွက်ဖို့နဲ့ အာဆီယံအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနဲ့ သုံးသပ်ရေးအဖွဲ့ ERAT ရဲ့ အစီရင်ခံစာက မြန်မာအစိုးရရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးရာ ရောက်တဲ့အတွက် ပယ်ဖျက်ပေးဖို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
အခုလ အစောပိုင်းက ပေါက်ကြားခဲ့တဲ့ အာဆီယံအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနဲ့ သုံးသပ်ရေးအဖွဲ့ ERAT ရဲ့ အစီရင်ခံစာဟာ မြန်မာအစိုးရရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် အားပေးရာရောက်တဲ့အတွက် အာဆီယံနိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဒီအစီရင်ခံစာကို ပယ်ဖျက်ပေးဖို့ ရိုဟင်ဂျာအဖွဲ့ ၂၃ ဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဒီအစီရင်ခံစာက ဖော်ပြချက်တွေဟာ အမှားအယွင်းတွေများနေပြီး ရိုဟင်ဂျာတွေအတွက် အလွန်အန္တရာယ်ရှိတဲ့အတွက် ခုလိုတောင်းဆိုရတာလို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
“သူတို့က ရိုဟင်ဂျာ ၅ သိန်းဘဲရှိတယ်ပြောတယ်။ ဒါကမှားယွင်းနေတယ်။ ရိုဟင်ဂျာတွေ တကယ်က ရှစ်သိန်း နှစ်သောင်း ခုနှစ်ထောင်တောင်ရှိနေတယ် ဘင်္ဂလားဒေ့ရှ်မှာ။ ပြီးတော့ သူတို့အစီရင်ခံစာက မှားယွင်းမှုတွေ အများကြီးပဲ။ တိုင်းရင်းသားအချင်းချင်းကြား ပြဿနာလို့ပြောတယ်။ conflict ပုံစံမျိုး။ ဒါက conflict မဟုတ်ဘူး ။ ဒါကလူမျိုးတုံးသတ်ဖြတ်မှုလုပ်တာ မြန်မာစစ်တပ်နဲ့အစိုးရက၊ အဲဒါကိုထောက်ပြထားတယ်။ အာဆီယံအနေနဲ့ ဒီ report ကို ပယ်ဖျက်ပေးဖို့တောင်းဆိုတယ်။ ဘာလို့လဲဆိုတော့ ပကတိမြေပြင်အခြေအနေကို မကြည့်ဘဲ ရိုဟင်ဂျာတွေ နေရပ်ပြန်လို့ရတယ်ဆိုတာ တော်တော်မှားယွင်းနေတာ။ ဒါက ရိုဟင်ဂျာတွေကို Genocide ကို တော်တော် အားပေးရာ ရောက်တယ်”
ERAT ရဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို ထည့်သွင်းမဖော်ပြခဲ့သလို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ဒီရိုဟင်ဂျာဒုက္ခသည်တွေ သူတို့သဘောနဲ့သူတို့ နေရပ်ပြန်ရေးဟာ ၂ နှစ်အတွင်းပြီးစီးနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
အာဆီယံနိုင်ငံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေမှာရှိနေကြတဲ့ ရိုဟင်ဂျာ ၁၂၈,ဝဝဝ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေအားလုံးအတွက် တရားမျှတမှုရှိရေး နဲ့ သူတို့နေရပ်မှာ လုံခြုံစိတ်ချစွာပြန်နေနိုင်ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းပေးဖို့လည်း ရိုဟင်ဂျာအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ကိုင်တွယ်ဆောင်ရွက်ချက်တွေဟာ မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ ပြီးခဲ့တဲ့ရက်ကထွက်ပေါ်ခဲ့တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အပါအဝင် တာဝန်ရှိသူတွေအားလုံး ရာထူးကနေ နှုတ်ထွက်ပေးဖို့ Free Rohingya Coalition လွတ်လပ်သောရိုဟင်ဂျာညွန့်ပေါင်းအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ FRC ရဲ့ ဆက်သွယ်ရေးမှူး ကိုနေစန်းလွင်က...
“ ၃၆ မျက်နှာပါတဲ့ ဒီ report မှာ ဘယ်သူက တာဝန်ရှိတယ်ဆိုတာ မပါဘူး။ Antonio Guterres က UN ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တယ်။ သူကအဓိက တာဝန်ရှိတဲ့သူဖြစ်တယ်၊ နောက်ပြီး ထိပ်တန်းအရာရှိကြီးတွေ သူတို့ပါတာဝန်ရှိတယ်။ နောက်ပြီး ဗမာပြည်မှာတာဝန်ကျတဲ့ ဌာနေကိုယ်စားလှယ်ကို ဗမာပြည်ကနေ တနေရာကိုပြောင်းတယ်။ ပြောင်းပြီးမှ ရာထူးတိုးပြီး အိန္ဒိယမှာ ပြန်ချပေးတယ်။ ပြစ်မှုတခု ကျူးလွန်ထားတဲ့သူကို အရေးမယူတဲ့အပြင် ရာထူးထပ်တိုးပေးတယ်ဆိုတော့ သူတို့ရဲ့လုပ်ပုံကိုင်ပုံက တော်တော်ယိုယွင်းနေတယ်။ ဒီစနစ် ပြန်ကောင်းလာဖို့က စနစ်ကိုအကောင်အထည်ဖော်မယ့်သူ အုပ်ချုပ်မှဖြစ်မယ်။ ဒါကြောင့် သူတို့ထွက်ဖို့တောင်းဆိုတာ”
ဒီအစီရင်ခံစာကို ကုလသမဂ္ဂဆိုင်ရာ ဂွာတီမာလာသံအမတ်ကြီးဟောင်းဖြစ်တဲ့ Gert Rosenthal ကရေးသားခဲ့တာပါ။ ၂ဝ၁ဝ ကနေ ၂ဝ၁၈ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေကို စုံစမ်းစစ်ဆေးတင်ပြထားတာပါ။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအပြင်းအထန်ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေအပေါ် ကုလသမဂ္ဂရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ မလုံလောက်ဘူး မတိကျဘူးလို့ အစီရင်ခံစာမှာက သုံးသပ်ထားပါတယ်။
ဒီအစီရင်ခံစာမှာ၂ဝ၁၇ ခုနစ်ကဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့လုံခြုံရေးရှင်းလင်းမှု ပေါ်ပေါက်လာနိုင်တဲ့အကြောင်း သတိပေးချက်တွေကို ကုလက မျက်ကွယ်ပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာထဲက လုပ်ငန်းတွေမအောင်မြင်တာတွေအတွက် မြန်မာပြည်ဌာနေကိုယ်စားလှယ် အပါအဝင် တာဝန်ရှိသူတွေကို အလုပ်ထုတ်သင့်တယ်လို့ Human Rights Watch ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)