ပြည်ပကို ဆန်တင်ပို့ခွင့်လိုင်စင်အသစ် ချထားပေးမှု ရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပြီးနောက်ပိုင်း ဆန်လုပ်ငန်းရှင်တွေကို အစိုးရက ဒီနှစ်အတွက် လိုင်စင်အသစ် ထပ်မချပေးတော့ဘဲ ခွင့်ပြုထားပြီးဖြစ်တဲ့ လိုင်စင်တွေအတွက် ပြည်ပကို ဆန်တင်ပို့ခွင့်သာ ပြုမယ်လို့ သိရပါတယ်။

နိုင်ငံခြားကိုတင်ပို့မယ့် မြန်မာနိုင်ငံက ဆန်အိတ်တချို့ကို တွေ့ရစဉ် .

ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပြီးနောက်ပိုင်း ဆန် လုပ်ငန်းရှင်တွေကို အစိုးရက ဒီနှစ်အတွက် လိုင်စင်အသစ် ထပ်မချပေးတော့ဘဲ ခွင့်ပြုထားပြီးဖြစ်တဲ့ လိုင်စင်တွေ အတွက် ပြည်ပကို ဆန်တင်ပို့ခွင့်သာ ပြုမယ်လို့ သိရပါတယ်။

ပြည်ပကိုဆန်တင်ပို့မှုက အခု ၂၀၂၀ ပြည့်နှစ်အတွက် တန်ချိန် ၂.၂ သန်းအထိ ပို့ဖို့ရည်မှန်းထားပြီး လက်ရှိ ငါးလ အတွင်း တန်ချိန် ၁.၄ သန်းပို့ထားပါတယ်၊ ကျန်တဲ့ ခုနှစ်လအတွင်းမှာ ရည်မှန်းထားတာထက်ပိုပြီး မတင်ပို့တော့ဘဲ လိုင်စင်အရ ချထားပေးပြီးသားတွေထဲက ကျန်တဲ့ တန်ချိန် ခုနှစ်သိန်းအတွက် တစ်လကို တန်ချိန်တစ်သိန်းပဲ ပြည်ပကို တင်ပို့မှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကနေ နိုင်ငံပေါင်း ၅၀ ကျော်ကို တင်ပို့နေတဲ့ ဆန်တင်ပို့မှုအတွက် လိုင်စင်အသစ် ထပ်ချ မပေးဘဲ ရပ်ထားတာ နှစ်ပတ်လောက်ရှိပြီလို့ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

"ပုံမှန်က ကျွန်တော်တို့ဆီမှာ ထွက်တာနဲ့စားသုံးတာနဲ့ အကြမ်းမျဉ်းတော့ ဒီစိုက်ပျိုးရေးမှာပါတဲ့ ဒေတာ မှာတော့ ကျွန်တော်တို့ဆီကထွက်တာ တစ်နှစ်ကိုတန်ချိန် ဆယ့်သုံးသန်းခွဲလောက် ထွက်တယ်ပေါ့၊ စားတာက ဆယ်သန်းကျော် စားတယ်၊ အကြမ်းမျဉ်း တန်ချိန် သုံးသန်းလောက်ပိုတယ်လို့ ပြောတယ်ပေါ့၊ ဒါကြောင့် တန်ချိန် နှစ်သန်းခွဲ သုံးသန်းလောက် ပြည်ပကိုပို့နေတဲ့အတွက်ကြောင့်မို့လို့ မလောက်တာတော့ သိပ် မဖြစ်နိုင်ဘူး၊ ပိုက်ဆံပေးရင်တော့ ဝယ်လို့ရမှာပေါ့၊ တစ်ခုပဲရှိတယ် ပြည်ပကိုအိတ်စ်ပို့ ပို့တာကိုပဲ ထိန်းချုပ်ဖို့ ရှိတာပေါ့၊ လောလောဆယ်တော့ လိုင်စင်တော့ ပိတ်ထားတယ်ရှိတယ်၊ နှစ်ပတ်လောက်ရှိပီ အိတ်စ်ပို့လိုင်စင် ချမပေးဘူး၊ အရင်ရှိတဲ့ လိုင်စင်တွေကတော့ ပို့နေတာပေါ့၊ လိုင်စင်တစ်ခုဟာ သက်တမ်းက ခြောက်လလောက် ရှိတယ်၊ အရင်ချထားပီးသားလိုင်စင်တွေရှိတယ် အဲဒါပဲပို့နေတယ်။"

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်ကို တင်ပို့လျက်ရှိပြီး တင်ပို့မှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ဖြစ်ပါတယ်။

ပြည်ပတင်ပို့မှုတွေ အားလုံးရပ်ရင် တောင်သူလယ်သမားတွေအတွက် လာမယ့်နွေရာသီ စပါးပေါ်တဲ့အချိန် ဈေးကျတဲ့အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်လို့ လိုင်စင်ချထားပေးပြီးသလောက်အထိတော့ ပို့ဖို့ရှိတယ်လို့ ဆန်လုပ်ငန်းရှင် ဦးနေလင်းဇင်က RFA ကိုပြောပါတယ်။

"ပုံမှန်ကတော့ ပြည်တွင်းမှာစားသောက်ဖို့က လုံလောက်မှုရှိပါတယ်၊ တစ်ခုပဲ ပြည်ပကိုပို့တာ အလွန်အကျွံ မပို့ဖို့ပဲပေါ့၊ အဲဒါလည်း စီးပွားကူးသန်းနဲ့ ဟိုတစ်နေ့က အစည်းအဝေးလုပ်တယ်၊ ဆန်စပါးအသင်းချုပ်နဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ ပြည်ပကို အလွန်အကျွံ အများကြီးရောက်မသွားဆိုတာ ကျွန်တော်တို့ တစ်လကို တန်ချိန် တစ်သိန်းထက် ပိုမပို့နိုင်အောင်ပေါ့၊ အိတ်စ်ပို့ ပိတ်သွားရင်လည်း ဘာဖြစ်နိုင်လဲဆိုတော့ လယ်သမား တွေ စပါးပေါ်တဲ့အခါ ဈေးကျသွားခဲ့ရင် Covid - 19 နဲ့လည်း စီးပွားရေးကမကောင်းဘူး။ ကုန်ဈေးနှုန်းကလည်း တက်မယ်။ ပြီးတော့ စပါးဈေးကလည်း မရဘူးဆိုရင် လယ်သမားတွေ ဒုက္ခရောက်မှာပေါ့နော်၊ အဲလိုလည်း မဖြစ်အောင်၊ ပြည်တွင်းမှာ စားနပ်ရိက္ခာမဖူလုံမှာလည်း စိုးရိမ်တယ်၊ အဲတော့ တစ်လကို တန်ချီန်တစ်သိန်းပေါ့၊ အဲ့တော့ အခုလက်ရှိ ငါးလမှာ တန်ချိန် ၁.၄ သန်းပို့ပြီးသွားပီ၊ ကျွန်တော်တို့ ဒီနှစ်မှာ ၂.၂ သန်းလောက်ပို့ဖို့ မှန်းထားတယ်၊ ဆိုတော့တစ်လကိုတန်ချိန် ၁ သိန်းနဲ့ ၇ သိန်းလောက်ပဲ ပို့လို့ရတော့မယ့်အနေအထားမှာ ရှိတယ်။"

အစိုးရအနေနဲ့လည်း လက်ရှိမှာ အရံဆန် တန်ချိန် တစ်သောင်းခွဲလောက်ထားရှိပေမယ့် နောက်ထပ် ဆန်တန်ချိန် တစ်သိန်းလောက် ထပ်ဝယ်ပြီး ကြိုတင်ပြင်ဆင်ဖို့ လုပ်နေတယ်လို့လည်း ဦးနေလင်းဇင်က ဆိုပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေ အများဆုံးစားသုံးတဲ့ ပေါ်ဆန်း၊ ပေါ်ကျွဲ၊ ရက်ကိုးဆယ်၊ မီးဒုံး၊ သီးထပ် အစရှိတဲ့ ဆန်တွေဟာ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေဆီမှာ လက်ရှိ ဆန်တန်ချိန် သုံးသန်းလောက်ရှိပြီး ဧပြီ လကုန် နွေစပါးပေါ်လာရင် နောက်ထပ် တန်ချိန် နှစ်သန်းနီးပါးလောက် ထပ်ရလာမှာဖြစ်ပါတယ်။

ပြည်တွင်းစားသုံးမှုဟာ ပုံမှန် တစ်လကို ဆန်တန်ချိန် တစ်သန်းနီးပါးလောက်ပဲ ရှိတဲ့အတွက် ပြည်တွင်းအတွက် အလုံအလောက်ရှိပေမယ့် အထိတ်တလန့် မဝယ်ကြဖို့တော့လိုတယ်လို့ ဦးနေလင်းဇင်က ပြောပါတယ်။

"တန်ချိန်လက်ရှိက ပြည်တွင်းမှာက လူဦးရေက တစ်နှစ်ကို ဘယ်လောက်စားလဲဆိုရင် ဆယ်သန်းခွဲလောက် စားတယ်၊ ဆိုတော့တစ်လကို ကိုးသိန်းကျော် တစ်သန်းနီးပါး စားတယ်ပေါ့၊ လက်ထဲမှာတော့ ကျွန်တော်တို့ တန်ချိန် သုံးသန်း လေးသန်းလောက်ရှိပါတယ်၊ တန်ချိန် သုံးသန်းဆိုတာ ဈေးကွက်ထဲမှာရှိတဲ့ ပမာဏပေါ့၊ နောက်ထပ် အခု နွေစပါး ပေါ်လာပီဆိုရင် တန်ချိန် နှစ်သန်းလောက် ထပ်ထွက်လာဦးတယ်၊ ပုံမှန်တော့ ပြတ်လပ်သွားဖို့မရှိဘူး၊ အထိတ်တလန့် (Panic Bying) မဝယ်ဖို့ပဲလိုတာ၊ အဲလိုဝယ်ရင်တော့ ပြဿနာရှိတယ်၊ သူ့ပုံမှန်အတိုင်း သွားနေတာကို ပိုပြီးဝယ်ရင်တော့ ပုံမှန်ထက် ပြောင်းသွားမှာပေါ့၊ အဲတော့ လူတွေက အထိတ်တလန့်မဝယ်ကြဖို့နဲ့ လိုသလောက်ပဲဝယ်ကြဖို့ပေါ့၊ အချိန်မရွေးဝယ်လို့ရပါတယ်။"

မြန်မာနိုင်ငံ ဆန်စပါးအသင်းနဲ့ ညီနောင်အဖွဲ့တွေကလည်း ဆန်ဈေးမတက်အောင် စာတွေထုတ်ပြီး မေတ္တာရပ်ခံထားသလို စီးပွားကူးသန်း ဝန်ကြီးဌာနကလည်း ဆန်ဈေးတွေ အဆမတန် ဈေးတက်မရောင်းဖို့ ပြောဆိုထားတာတွေရှိတယ်လို့ ဦးနေလင်းဇင်က ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ တိုင်းအစိုးရနဲ့ ပရဟိတ အဖွဲ့တွေ ပူးပေါင်းပြီး We Love Yangon အဖွဲ့ဖွဲ့ကာ ဆန်နဲ့ အခြေခံ စားသောက်ကုန်တွေကို ပြတ်လပ်မှုမရှိအောင် ရောင်းချပေးနေသလို ဆန်လုပ်ငန်းရှင်တွေကလည်း ဈေးမတက်ဘဲ ရောင်းချပေးနေပါတယ်။

မြန်မာနိုင်ငံနည်းတူ အခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာလည်း ပြည်ပ ဆန်တင်ပို့မှုတွေကို ယာယီရပ်နားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှု တန်ချိန် ၁ ဒဿမ ၆၈ သန်းရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org