ရခိုင်မှာ သင်္ကြန်ပွဲစည်ကားအောင်ကျင်းပဖို့ စစ်ကောင်စီနဲ့ AA အပြိုင်အဆိုင်ပြင်ဆင်နေ
ရခိုင်ရိုးရာ အင်္ကြန်ပွဲတော်အတွက် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့က သူတို့ထိန်းချုပ်ရာနယ်မြေတွေမှာ စည်စည်ကားကားကျင်းပဖို့ အပြိုင်အဆိုင် ပြင်ဆင်နေကြပါတယ်။
-
RFA Burmese
2023-04-06 -
-
-
ယာယီအပစ်အခတ်ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်မှာ မကြာခင်ကျရောက်မယ့် နှစ်သစ်ကူး ရခိုင်ရိုးရာ အင်္ကြန်ပွဲတော်အတွက် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့က သူတို့ ထိန်းချုပ်ရာနယ်မြေတွေမှာ စည်စည်ကားကားကျင်းပဖို့ အပြိုင်အဆိုင် ပြင်ဆင်နေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့ပေါ်နဲ့ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ အမ်း စတဲ့ မြို့ပေါ်တွေမှာ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်အပါအဝင် ဗဟိုမဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်တွေ၊ ရခိုင်အဆိုတော်တွေနဲ့ စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
"AA အနေနဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေနဲ့ ဘယ်လောက်ထိ တသားတည်းကျလဲ၊ ဘယ်လိုမျိုး ပေါင်းသင်းဆက်ဆံမှုတွေရှိလဲ ဆိုတာကိုပြချင်တယ်"
အလားတူ AA ကလည်း ကျောက်တော်မြို့နယ်က သူတို့ ထိန်းချုပ်ရာနယ်မြေမှာ ဇီးချောင်းသင်္ကြန်၊ မြောက်ဦးမှာ လေးမြို့မြစ် ရေပေါ်သင်္ကြန်နဲ့ တခြားနေရာအချို့မှာ သင်္ကြန်ပွဲတွေကျင်းပဖို့ အကြီးအကျယ် ပြင်ဆင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြောက်ဦးတို့ ကျောက်တော်တို့ ဒီဘက်ကမြို့တွေမှာတော့ ULA/AA က သင်္ကြန်ပွဲ တော်တွေ စီစဉ်နေတာ တွေ့ရတယ်။ မဏ္ဍပ်တွေ ဆောက်နေတာ တွေ့ရတယ်။ ULA/AA ကတော့ ပြည်သူတွေရဲ့ ပျော်ရွှင်မှုအတွက် ပြီးတော့ သူတို့ရဲ့တည်ရှိမှုကို ပြသချင်တဲ့ အတွက်လည်း ဖြစ်မှာပေါ့။ လေးမြို့မြစ်ရယ်၊ ဇီးချောင်းဆည်ရယ် အဲဒီနေရာ နှစ်ခုမှာတော့ မဏ္ဍပ်တွေဆောက်နေတာ သတိထားမိတယ်”
မနှစ်က ၂၀၂၂ ခုနှစ်ကလည်း ရခိုင်ပြည်နယ်မှာ သင်္ကြန်ပွဲတော်ကို အခုလိုပဲ နှစ်ဖက်အပြိုင်အဆိုင် စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
အခုလည်း အပြိုင်အဆိုင်ကျင်းပဖို့ ပြင်ဆင်နေကြပေမယ့် ရည်ရွယ်ချက်ကတော့ မတူညီဘူးလို့ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီကလုပ်တဲ့ သင်္ကြန်ကကျရင် အာဏာသိမ်းထားတဲ့ကာလမှာ ခက်ခဲမှုတွေ မရှိဘူး။ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်ရှိတယ် ဆိုတာကို ပြချင်တဲ့သဘောပေါ့။ နောက်တစ်ခုက ရက္ခိုင့်တပ်တော် (AA) ကျင်းပမယ့် သင်္ကြန်ပွဲဟာဆိုရင် သူတို့မှာ အရမ်းပင်ပန်းနေတဲ့ တပ်ဖွဲ့ဝင်တွေရှိတယ်။ သူတို့ကို ပျော်ရွှင်မှုပေးမယ်၊ နောက်တစ်ခုက AA အနေနဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေနဲ့ ဘယ်လောက်ထိ တစ်သားတည်းကျလဲ၊ ဘယ်လိုမျိုး ပေါင်းသင်းဆက်ဆံမှုတွေရှိလဲ ဆိုတာကိုပြချင်တယ်။ အဲဒီလိုမျိုး အဓိကဦးတည်ပြီး ချတယ်လို့ မြင်တွေ့ရပါတယ်”
ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ပေါ်မှာ ပေတစ်ရာကျော်ရှည်တဲ့ ဗဟိုရေလောင်းမဏ္ဍပ်ကြီး အပါအဝင်၊ မဏ္ဍပ်ငယ်တချို့နဲ့ စစ်တွေမြို့ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်တွေကို ငွေအများအပြား အကုန်အကျခံပြီး လုပ်ထားတာလို့ ဆိုပါတယ်။
ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ သင်္ကြန်ကာလဟာ ရခိုင်ပြည်သူတွေအတွက် ခဏတာပျော်ရွှင်မှုသာ ဖြစ်ပြီး ရေရှည်ကြုံတွေ့ရမယ့် စစ်ရေး၊ နိုင်ငံရေး အခြေအနေကိုလည်း မမေ့ဖို့လိုတယ်လို့ ထောက်ပြပါတယ်။
“နှစ်စဉ်လုပ်နေတဲ့ အစဉ်အလာတစ်ခုဆိုတော့ ဒါက လုပ်တာကောင်းပါတယ်။ လူငယ်၊ လူရွယ်တွေ ပျော်ကြပါးကြမှာပေါ့နော်။ သက်ကြီးရွယ်အိုတွေဆိုလည်း ဘုန်းကြီးကျောင်း ကို သွားကြမှာပေါ့။ ဒါပေမဲ့ သတိထားရမှာက ဒါက ခဏတာပျော်ရွှင်မှုပဲဖြစ်တယ်။ ရေရှည်ပြဿနာကကျတော့ ကျနော်တို့မှာ အများကြီးရှိသေးတယ်ပေါ့။ အထူးသဖြင့် စစ်ရေး၊ နိုင်ငံရေးကို ကျနော်တို့ မေ့ထားလို့မရဘူး။ ဒီအတွက် ကျနော်တို့ စဉ်းစားထားရမယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ အဲဒါကသာ ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ အနာဂတ်ဖြစ်တယ်။ ဒါကိုတော့ မမေ့မလျော့ ရှိစေချင်တယ်”
စစ်ကောင်စီနဲ့ AA တို့ ရခိုင်ပြည်နယ်မှာ သင်္ကြန်ပွဲကျင်းပဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်လို့ ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရှိသူ ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ရိုးရာသင်္ကြန်ကို စစ်တပ်နဲ့ AA တို့ စစ်ရေးပဋိပက္ခအပြင် ကိုဗစ်ကပ်ဘေးကြောင့် ၂၀၁၉ ကစပြီး သုံးနှစ်ကြာ မကျင်းပဖြစ်ခဲ့ဘဲ ၂၀၂၂ ခုနှစ်ကမှ ပြန်လည်ကျင်းပခဲ့ကြတာပါ။
ရန်ကုန်မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကတော့ ကိုဗစ်ကပ်ရောဂါ စဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက သင်္ကြန်ပွဲတော်မကျင်းပသလို စစ်အာဏာသိမ်းပြီး နောက်ပိုင်းလည်း သင်္ကြန်ပွဲတွေ မလုပ်ကြပါဘူး။
ဒါပေမဲ့ အခုနှစ်မှာတော့ စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်လို နေရာတွေကလွဲပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေနဲ့ တိုက်ပွဲမရှိတဲ့ မြို့နယ်အသီးသီးမှာ ရေကစား ကဏ္ဍပ်တွေနဲ့ သင်္ကြန်ကိုစည်ကားအောင် စီစဉ်နေတာ တွေ့ရပါတယ်။