ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ကျော် သေဆုံး
လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမှာ ၅၀ ဦး၊ ပေါက်တောမှာ ၂၀ ဦး၊ သံတွဲမှာ ၁၆ ဦး၊ ဂွ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ သေဆုံးသူ နှစ်ဦးစီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တစ်ဦး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2024-10-02 -
-
-
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ တစ်လတည်းမှာတင် လူ ၉၃ ဦးသေဆုံးပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်မှာ ၅၀ ဦး၊ ပေါက်တောမှာ ၂၀ ဦး၊ သံတွဲမှာ ၁၆ ဦး၊ ဂွ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ သေဆုံးသူ နှစ်ဦးစီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တစ်ဦး သေဆုံးခဲ့တာပါ။
သေဆုံးသူတွေထဲမှာ အရပ်သားတွေအပြင် AA က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။
"လေယာဉ်သံကြားတာတို့၊ ဂျက်ဖိုက်တာသွားတာတို့ဆိုရင် စိုးရိမ်ကြောက်လန့်ပြီးတော့ စားမပျော်၊ အိပ်မပျော်ပေါ့။ ဗုံးခိုကျင်းကိုပဲရှာနေတဲ့ အခြေအနေ ဖြစ်နေတယ်”
ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ မောင်တောမြို့မှာဆိုရင် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းကနေ အကြိမ်ရေများစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပါ။
စက်တင်ဘာလ ၂၉ ရက် တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်က မောင်တောမြို့ပေါ်ကို ဗုံးအလုံးရေ ခြောက်ဆယ်ခန့် ကြဲချခဲ့တယ်လို့ မောင်တောဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မောင်တောမြို့ကို လေယာဉ်နဲ့ဗုံးလာကြဲတာက ဒီလထဲမှာ အများဆုံးလို့ ပြောလို့ရတာပေါ့နော်။ မနေ့က မနက် ၈နာရီကျော်လောက်ကတည်းကနေ နေ့လယ် ၁နာရီကျော်လောက်အထိ ဗုံးကြဲခဲ့တယ်။ လေယာဉ်က တစ်စင်းပြီး တစ်စင်းလာတော့ ဘယ်နှစင်းလဲဆိုတာကိုတော့ မပြောတတ်ဘူး။ ဒါပေမဲ့ အလုံးအရေအတွက် အများကြီးကြဲချခဲ့တယ်”
စစ်ကောင်စီတပ်ရဲ့ စက်တင်ဘာလ ၈ ရက်နဲ့ ၉ နှစ်ရက်ဆက်တိုက် ဗုံးကြဲချမှုတွေမှာတော့ မောင်တောမြို့နယ်က AA ရဲ့ အကျဉ်းစခန်းမှာ လူ ငါးဆယ်ကျော်နဲ့ ပေါက်တောမြို့နယ်မှာ ၁၇ ဦး စုစုပေါင်း ၆၇ ဦးသေဆုံးပြီး အဲဒီလအတွက် ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
AA အကျဉ်းစခန်း တိုက်ခိုက်ခံရ၊ အကျဉ်းသားနဲ့ စစ်သုံ့ပန်း ငါးဆယ်ကျော် ပွဲချင်းပြီးသေဆုံး
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် ၁၇ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
သံတွဲမြို့က စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရ၊ ၁၄ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ
AA သိမ်းပိုက်ထားတဲ့ သံတွဲမြို့နယ်မှာဆိုရင်လည်း စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးဒုက္ခသည် ၁၆ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးပြီး နောက်ထပ် လူနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မြေပြင်တိုက်ပွဲတွေမရှိတော့ပေမဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်ကြောက်လန့်နေရတယ်လို့ ရသေ့တောင်မြို့နယ်မှာ နေထိုင်သူ ဦးမောင်စာဝင်းက RFA ကို ပြောပါတယ်။
“ဒေသခံတွေကတော့ အကြောက်တရားနဲ့ပဲ နေထိုင်နေကြရတာပေါ့။ အခုအခြေအနေက လူထုတွေကိုပဲ တိုက်နေသလိုဖြစ်နေတယ်။ ဂျက်ဖိုက်တာတွေ၊ Y-12 တွေကအစ မြို့ပေါ်တွေကို ဝဲတာ၊ ဖြတ်ပျံတာများတယ်။ ဒါကြောင့် မြို့ပေါ်လူတွေကလည်း လေယာဉ်သံကြားတာတို့၊ ဂျက်ဖိုက်တာသွားတာတို့ဆိုရင် စိုးရိမ်ကြောက်လန့်ပြီးတော့ စားမပျော်၊ အိပ်မပျော်ပေါ့။ အခုဆိုရင် ဗုံးခိုကျင်းကိုပဲရှာနေတဲ့ အခြေအနေ ဖြစ်နေတယ်”
AA ထိန်းချုပ်ထားတဲ့ မြိုရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတာဟာ အဲဒီဒေသတွေမှာ AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ထူထောင်လို့မရအောင်နဲ့ ပြည်သူတွေ အကြောက်တရားရဖို့ စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်နေတာလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
“စစ်ကောင်စီတပ်က ကျွန်တော်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေမှာ တည်ငြိမ်မှုတွေပျက်ပြားအောင်၊ ပြည်သူတွေကို အကြောက်တရားရအောင်၊ ကျွန်တော်တို့ အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်လို့မရအောင် ရည်ရွယ်ချက်မျိုးနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဗုံးကြဲတိုက်ခိုက်တဲ့ဟာက စစ်ဘက်နဲ့ မပတ်သက်တဲ့ အရပ်သားပြည်သူတွေ နေတဲ့နေရာတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ အဲဒါတွေကိုပဲ အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာ တွေ့ရတယ်။ ဒါကြောင့် စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်ပြီးတော့မှ နေ့စဉ်ရက်ဆက် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ မြင်ပါတယ်”
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဆုံးရှုံးရလိုက်ရတဲ့ မြို့တွေကိုပြန်ရအောင် မြေပြင်နဲ့ ဝေဟင် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်မယ်လို့ အခုစက်တင်ဘာလအတွင်း သွားရောက်တဲ့ တောင်ကြီးမြို့ ခရီးစဉ်မှာ ပြောထားပါတယ်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးလုပ်နေရင် တစ်ချိန်ချိန်မှာ နိုင်ငံရေးဆွေးနွေးနိုင်မဲ့ အခြေအနေဟာ တွေဟာလည်း လမ်းစပျောက်သွားနိုင်တယ်လို့ ရခိုင်ဝါရင့် နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဖေသန်းက ပြောပါတယ်။
“စစ်ကောင်စီတပ်ဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်ဆိုတာ မှတ်တမ်းတွေ၊ တစ်နေ့ထက်တစ်နေ့ များပြားလာမှာ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ နိုင်ငံရေးအရ ဆွေးနွေးလို့ရမဲ့အခြေအနေမျိုး အဲဒီလမ်းစတွေတောင်မှ ပျောက်သွားနိုင်တယ်ပေါ့။ ဒီလိုလုပ်ရပ်ဟာ ရက်စက်တဲ့လုပ်ရပ်ဖြစ်တယ်။ ကောင်းကျိုးထက်၊ သူတို့စစ်ရေးအသာရဖို့ထက် ပိုပြီးဆိုးကျိုးတွေကိုပဲ ရင်ဆိုင်ရနိုင်တယ်လို့လို့ သုံးသပ်ပါတယ်”
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲ ဆယ်လပြည့်ချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ သံတွဲမြို့အပြင် ချင်းပြည်နယ်က ပလက်၀ဒေသတို့ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလို့ AA က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မောင်တော၊ ဂွနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။