ပူတာအိုလမ်းပြတ်တောက်မှုကြောင့် လူ တစ်သိန်းကျော် အခက်အခဲဖြစ်နေ
မြစ်ကြီးနား - ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကေအိုင်အေက မတ် ၁၀ ရက်နေ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကတည်းက ကားလမ်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရပါတယ်။
-
RFA Burmese
2024-05-17 -
-
-
မြန်မာနိုင်ငံ မြောက်ဖျားက ကချင်ပြည်နယ် ပူတာအိုခရိုင်ကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ကားလမ်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်က စစ်ရေးအရ ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်းမှာ အခြေခံ စားသုံးကုန်တွေနဲ့ စက်သုံးဆီတွေ ပြတ်လပ်လာပြီး အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီတပ်တွေကို KIA က မတ်လ ၁၀ ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ချိန်ကတည်းက ကားလမ်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရတာလို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၅ ရက်နေ့က ဆွမ်ပရာဘွမ်မြို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပေမဲ့ လမ်းပိုင်းတွေမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့လည်း ဆိုပါတယ်။
"ဓာတ်ဆီကလည်း တစ်ပုလင်းကို လေးသောင်းနဲ့ ငါးသောင်းကြား တစ်ဂါလန်ဆို နှစ်သိန်းကျော်မယ်ပေါ့”
အခုဆိုရင် ပူတာအိုခရိုင်ကို ကုန်စည်စီးဆင်းမှုမရှိတော့တာ နှစ်လကျော်လောက် ရှိလာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက လမ်းပိတ်တာကတော့ ဒီ နှစ်လကျော်လာပြီပေါ့နော်။ တော်တော်များများ ကုန်ပစ္စည်းတွေက ပြတ်လပ်တဲ့အပိုင်းမှာဖြစ်နေပြီပေါ့။ တော်တော်ကိုရှားသွားပြီ ဒီ အိမ်ဆောက်ပစ္စည်းတွေက အစ။ စားသုံး ကုန်တွေလည်း လမ်းမဖွင့်တဲ့အခါကျတော့ ဆိုင်မှာတွေလည်း ပြတ်တဲ့ပြဿနာတွေ ဖြစ်သွားပြီပေါ့။ အခုတစ်လော ပိုပြီးမှ ခက်ခဲတယ်ပြောရမှာက ဒီစက်သုံးဆီပြတ်လပ်တဲ့ ပြဿနာပေါ့။ ဓာတ်ဆီကလည်း တစ်ပုလင်းကို လေးသောင်းနဲ့ ငါးသောင်းကြား တစ်ဂါလန်ဆို နှစ်သိန်း ကျော်မယ်ပေါ့”
ပူတာအိုခရိုင်မှာ ပူတာအို၊ ဆွမ်ပရာဘွမ်၊ နောင်မွန်၊ မချမ်းဘော့၊ ခေါင်လန်ဖူး စတဲ့ မြို့နယ် ငါးခုရှိပြီး အထွေထွေ အုပ်ဦးစီးဌာနရဲ့စာရင်းအရ ခရိုင်တစ်ခုလုံးမှာ လူဦးရေ တစ်သိန်းကျော် နေထိုင်ကြပါတယ်။
အဲဒီအထဲမှာ မြစ်ကြီးနားဘက်ကနေ သယ်ယူရတဲ့ စက်သုံးဆီနဲ့ အခြေခံစားသုံးကုန်ပစ္စည်းတွေကို ပူတာအိုမြို့ ကနေတစ်ဆင့် မချမ်းဘော့၊ နောင်မွန်နဲ့ ခေါင်လန်းဖူးမြို့နယ်တွေကို ဆက်လက်သယ်ယူရတာပါ။ အခုတော့ ကုန်စည်စီးဆင်းမှုတွေ လုံးဝမရှိတော့ဘူးလို့ ဆိုပါတယ်။
စက်သုံးဆီတွေ ရှာမရတော့လို့ ဒေသခံတွေဟာ ထွန်တုံးကို လူအားနဲ့ ဆွဲပြီး လယ်ထွန်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ နောင်မွန် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နောင်မွန်က ဘာမှကို မရှိတော့ဘူး လုံးဝကို ပြတ်သွားတာ အခုက။ ပူတာအိုဘက်ကလည်း ကုန်စျေးနှုန်းလည်း မြင့်တယ်။ ဒီဘက်ကလည်း ကားတွေ ဘာတွေ သွားဖို့ကလည်း ဆီမရှိတော့ လုံးဝကို နောင်မွန်က ပြတ်နေပြီ။ ကြက်သွန်နီက တစ်လုံးကို တစ်ထောင်ပေးနေရတယ်။ ဒါတောင် ဝယ်စရာမရှိဘူး။ စျေးရောင်းတာတောင် လက်ချိုးရေလို့ရတယ်။ စျေးဆိုင်တွေမှာ ဘာမှ မရှိဘူး တချို့စျေးဆိုင်တွေမှာ ပိတ်ကုန်ပြီ အခုရှိတဲ့ဟာ လက်ကျန်လေးတွေ နည်းနည်းပါးပါး ရောင်းတာပဲရှိတယ်။ စားသုံးဆို မုန့်တောင် ဝယ်စရာမရှိတော့ဘူး။ လယ်လုပ်တဲ့လူတွေများတော့ အခုက စက်ယန္တရားနဲ့ လယ်လုပ်တော့ အဓိကလိုတာ စက်သုံးဆီပေါ့။ အခုက သူများတွေ ထယ်တောင် မထိုးကြတော့ဘူး။ မထူးဘူးဆိုတာ လူနဲ့က ဝိုင်းဆွဲနေကြတယ်"
ပူတာအိုမြို့မှာတော့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ရှိနေပြီး အချို့က ငွေကြေးအကုန်အကျခံပြီးတော့ လေယာဉ်နဲ့ ကုန်ပစ္စည်းအချို့ မှာယူတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ကုန်ကျစရိတ် များပြားလွန်းတာကြောင့် ရန်ကုန်မြို့မှာ တစ်ပိဿာ ကို ၂၅၀၀ ကျပ်သာရှိတဲ့ ကြက်သွန်နီ စျေးဟာ ပူတာအိုမြို့မှာ ကျပ်သုံးသောင်းကျော်အထိ ရှိနေသလို ရန်ကုန်မြို့မှာ ကြက်ဥ တစ်လုံး ၃၀၀ ကျပ်သာ ရှိပေမဲ့ ပူတာအိုမှာ ကြက်ဥတစ်လုံးကို ၂၅၀၀ ကျပ်အထိ စျေးရှိနေတယ်လို့ ဆိုပါတယ်။
ဓာတ်ဆီတစ်လီတာကို ကျပ်ငါးသောင်းနီးပါးအထိ စျေးရှိနေတာကြောင့် ခေတ်အဆက်ဆက် လယ်ယာလုပ်ငန်းနဲ့ ရပ်တည်လာကြတဲ့ ဒေသခံတွေဟာ ဒီနေ့အထိ လယ်မထွန်နိုင်ကြသေးဘူးလို့လည်း ပြောပါတယ်။
စက်သုံးဆီပြတ်လပ်တဲ့ပြဿနာကြောင့် ဆိုင်ကယ်နဲ့ ကားတွေကို အသုံးမပြုနိုင်တော့သလို အရေးတကြီးလူနာ ပို့ဆောင်ရေးအတွက်ပါ ခက်ခဲနေကြတာလို့ ဆိုပါတယ်။
ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ မြစ်ကြီးနား - ပူတာအို ကားလမ်းကို တမင်ပိတ်ထားတာမဟုတ်ဘူးလို့ ပြောပါတယ်။
“ပူတာအိုဘက်က လမ်းပိတ်တဲ့အခြေအနေကတော့ KIA ဘက်ကနေ ပိတ်တာလည်းမဟုတ်ပါဘူး။ စကစ ဘက်က နေပိတ်တာလည်း မဖြစ်နိုင်ပါဘူး။ တိုက်ပွဲဖြစ်လို့ ပိတ်သွားတာပဲဖြစ်နိုင်ပါတယ်။ အခုလည်း အဲဘက်မှာ ကတော့ စကစရဲ့ စစ်ကြောင်းတွေက ပြန်ထိုးနေပြီဆိုတော့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်တယ်။ အဲဒါကြောင့် ပြည်သူလူထုရဲ့ သွားရေး လာရေးမှာကတော့ လုံခြုံရေးအတွက် သူ့ဟာသူနဲ့ပိတ်သွားတဲ့ပုံစံမျိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ KIA ဘက်နေ တမင်တကာပေါ့နော် အစီအစဉ်ရှိရှိနဲ့ အဲဒီ လမ်းကြောင်းကို ပိတ်လိုက်တာ တော့ မဟုတ်ပါဘူး”
ပူတာအိုခရိုင်မှာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လို့ ဒေသခံတွေ အခက်အခဲဖြစ်နေတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မချမ်းဘော့ဒေသခံတစ်ဦးကတော့ လမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးကြဖို့ တိုက်တွန်းပြောဆိုပါတယ်။
“ဟိုတခြားဟာ မပြောနဲ့ဦး အဲဒီသွားဖို့ လာဖို့က ဓာတ်ဆီတွေလည်း လုံးဝမရှိဘူးလေနော်။ ရှိတဲ့သူကလည်း စျေးနှုန်းက အဆမတန်ရောင်းချနေတော့ ကားတို့၊ ဆိုင်ကယ်တို့လည်း အသွားအလာမရှိတော့ဘူး။ စားသောက် ဆိုင်တွေရောင်းပြီး စီးပွားရေးလုပ်နေတဲ့လူတွေအတွက်လည်း ဝယ်စားတဲ့သူမရှိတော့ ဆိုင်တွေအကုန်ပိတ်တော့ မယ်။ မျှော်လင့်ချက်က ကားလမ်းတွေပေါက်မှပဲ အသက်ရှူချောင်မှာပေါ့။ ကားလမ်းဖွင့်ပေးရင်တော့ ကုန်စျေးနှုန်းလည်း အဲဒီလောက်ထိ မခက်ဘူးလေနော်။ အဓိကကတော့ ကားလမ်းတွေ ပိတ်လို့ပဲ ကုန်စျေးနှုန်း မြင့်လာတာပါ“
ပူတာအိုဒေသဟာ ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ ရဝမ်၊ လီဆူ၊ ဂျိမ်းဖော့နဲ့ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။