အာဏာသိမ်းတစ်နှစ်ပြည့် အသံတိတ်သပိတ်ဆင်နွှဲဖို့ ပြင်ဆင်နေ
စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ပြည့်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်တဲ့အနေနဲ့ အိမ်ပြင်မထွက်ဘဲ အသံတိတ် သပိတ်ဆင်နွှဲကြဖို့ ဒီမိုကရေစီ ပြန်လည်ရရှိရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေက လူထုကို နှိုးဆော်ရင်း လှုပ်ရှားမှုမှာ လူတန်းစားအလွှာပေါင်းစုံ ပါဝင်ဖို့ ဆွေးနွေးပြင်ဆင်နေကြပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022-01-26 -
-
-
စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်တဲ့အနေနဲ့ အိမ်ပြင်မထွက်ဘဲ အသံတိတ် သပိတ်ဆင်နွှဲကြဖို့ ဒီမိုကရေစီပြန်လည်ရရှိရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေက လူထုကို နှိုးဆော်ရင်း လှုပ်ရှားမှုမှာ လူတန်းစားအလွှာပေါင်းစုံ ပါဝင်ဖို့ ဆွေးနွေးပြင်ဆင်နေကြပါတယ်။ ဒါဟာ စစ်ကောင်စီကို မြန်မာတပြည်လုံးရှိ ပြည်သူလူထုက လက်မခံဘူးဆိုတဲ့အချက်ကို နိုင်ငံတကာအသိုင်းအဝန်း သိအောင် အထင်အရှား သက်သေပြသရမယ့်ပွဲ ဖြစ်တယ်လို့လည်း စည်းရုံးလှုံ့ဆော်နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ တစ်ဝန်း စစ်တပ်အာဏာသိမ်းမှု တနှစ်ပြည့်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အိမ်ပြင်မထွက်ပဲ အသံတိတ်သပိတ်ဆင်နွှဲကြဖို့ တော်လှန်ရေးအဖွဲ့တွေက နှိုးဆော်နေသလို စစ်ကောင်စီကလည်း အဲဒီသပိတ်မှာ ပါဝင်သူတွေကို အရေးယူမယ်လို့ ကြေညာထားပါတယ်။
အာဏာသိမ်းတာ ၁ နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ တိုင်းပြည်ကို ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ စစ်ကောင်စီ တပ်ဖွဲ့တွေက ရက်စက်စွာ ချေမှုန်းနေပေမယ့် မြန်မာပြည်အနှံ့အပြားမှာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ လျှော့နည်းသွားခြင်း မရှိရုံမျှမက လက်နက်ကိုင်တော်လှန်မှုတွေ အရှိန်မြင့်လာနေတာမြင်ရပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်မှုတွေကို နည်းမျိုးစုံနဲ့ ပြုုလုပ်နေကြရာမှာ အိမ်ပြင်မထွက်၊ ဈေးဆိုင်တွေ ပိတ်၊ အလုပ်တွေရပ်နားပြီး အသံတိတ် သပိတ်တွေကို ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း မတ်လ ၂၄ ရက်နေ့နဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွေက နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့ရာမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ အခုပြုလုပ်မယ့် အသံတိတ် သပိတ်ကတော့ တတိယအကြိမ်ပါ။
ဒီလူထုလှုပ်ရှားမှုကို ပါဝင်ဦးဆောင်နေသူတစ်ဦးကတော့ တကသကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်း ဖြစ်ပါတယ်။ အာဏာရှင်တွေကို ဆန့်ကျင်မှုအတွက် ပြည်သူတွေအနေနဲ့ ပေးဆပ်ရင်းနှီးရမှာ တွေရှိမှာပါပဲ၊ ဒါပေမယ့် လက်ရှိတော်လှန်ရေးမှာ ပြည်သူ့အားဟာ အဓိကဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
“စစ်ကောင်စီက ဒီ Silence Strike မှာ ပါဝင်ကြမယ့်ပြည်သူတွေကို တကယ့်ကို ပြင်းပြင်းထန်ထန်ကို ဖိအားပေး အကြပ်ကိုင်တဲ့ပုံစံတွေ တွေ့ရပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဒီအသံတိတ် သပိတ်သည် ဘာကြောင့် ဒီတခေါက်မှာ ပိုပြီးအရေးကြီးနေလဲ လူထုကပိုပြီး ပါဝင်ချင်သလဲဆိုတာ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေး အင်အားစုအနေနဲ့က လူထုတိုက်ပွဲတွေ လူထုအာဏာဖီဆန်ရေး သပိတ်တွေကို လုပ်သွားပြီးတော့မှ တော်လှန်ရေးအတွက် အလှည့်အပြောင်း အချိုးအကွေ့တွေ ပေါ်ပေါက်လာဖို့ ကြိုးစားသွားဖို့ အနေအထားရှိတယ်။ တဖက်က စစ်ကောင်စီဘက်ကလည်း အခုအချိန်အထိ မြေပြင်မှာ အုပ်ချုပ်လို့ မရသေးဘူး။ အုပ်ချုပ်လို့မရအောင်လည်း လူထုက တော်လှန်နေတယ်။ အခုအချိန်မှာ သူတို့က တကယ့်ကို ကြောက်အား လန့်အားနဲ့ တကယ့်ကို ပြင်းပြင်းထန်ထန် လူတွေကိုယ့်အိမ်ကိုယ်နေ ကိုယ့်ဆိုင်ကိုယ်ပိတ်တဲ့ အခွင့်အရေးကိုတောင် ချိုးဖောက်ပြီးတော့မှ ဆိုင်ပိတ်ရင် ပုဒ်မဘယ်လောက် နဲ့ တရားစွဲမယ်။ လက်ခုပ်တီးရင် ပုဒ်မဘယ်လောက်နဲ့ တရားစွဲမယ်ဆိုတဲ့ ပုဒ်မကြီးပုဒ်မငယ်တွေ နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့အတွက် သူတို့က လူထုကို ခြောက်လုံး လှန့်လုံးတွေ လုပ်တာဖြစ်ပါတယ်။ ၂ဝ၂၂ က ဒီတိုက်ပွဲရဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ်ရမယ်ဆိုတဲ့ တိုက်ပွဲဖော်ဆောင်မှု မဟာဗျူဟာအရ ဒီ Silence Strike ကို ဖော်ဆောင်တာဖြစ်တယ်လို့ ကျနော် ပြောကြားချင်ပါတယ်”
NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဒါဟာ လူထုအနေနဲ့ ဒီမိုကရေစီစနစ်ကို သူတို့ဘယ်လောက်လိုလားတယ်ဆိုတာ သက်သေပြမယ့်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုလာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ Silence Strike ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖော်ဆောင်ဖို့ ဆောင်ရွက်နေခြင်းဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးဟာ စစ်အာဏာရှင်ကို လုံးဝလက်မခံပဲ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တရပ် ပေါ်ပေါက်လာဖို့ ပြင်းပြစွာ ရည်မှန်းထားကြဖို့ ညီညွတ်စွာနဲ့ ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ တိကျတဲ့နိုင်ငံရေးဆိုင်ရာ ဘုံရည်မှန်းချက်၊ ခိုင်မာတဲ့ သန္နိဌာန်၊ မကြုံစဖူးတဲ့ ညီညွတ်ရေးနဲ့ တော်လှန်နေတဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို ဆက်လက်ပြီးတော့လည်း ခိုင်မာညီညွတ်စွာနဲ့ ခရီးဆက်သွားဖို့ရှိတယ်ဆိုတာကို တနိုင်ငံလုံးက နိုင်ငံသူ နိုင်ငံသားအားလုံး ညီညွတ်စွာနဲ့ ဖော်ထုတ်နိုင်ဖို့အတွက် အခု ဖေဖော်ဝါရီ ၁ ရက်နေ့မှာဖော်ထုတ်မယ့် Silence Strike မှာ အားလုံးညီညွတ်စွာနဲ့ ပါဝင်ပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်”
မကြာခင်က သေဒဏ်ချမှတ်ခံရတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုဂျင်မီရဲ့ဇနီးဖြစ်သလို လူထုလှုပ်ရှားမှုမှာ ကိုယ်တိုင် ပါဝင်ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ မနီလာသိန်းကလည်း အသံတိတ်သပိတ်မှာ လူထုတစ်ရပ်လုံးပါဝင်မယ်ဆိုတာ ယုံကြည်မျှော်လင့်တယ်လို့ RFA ကိုပြောပါတယ်။
“အာဏာသိမ်းတာ ၁ နှစ်ပြည့်တဲ့နေ့မှာ ကျမတို့ ပြည်သူလူထုအနေနဲ့ အသံတိတ်သပိတ် ပြုလုပ်မှာဖြစ်ပါတယ်။ အသံတိတ်သပိတ်လုပ်မယ်လို့ စကြေညာတဲ့ အချိန်ကစပြီး စစ်အာဏာရှင်က ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုတွေ ဆက်တိုက်ထွက်ပေါ်လာတာ တွေ့ရတယ်။ ဒီလိုခြိမ်းခြောက်မှုတွေ ရှိခြင်းအားဖြင့် သူတို့ရဲ့ အကြောက်တရား ဘယ်လောက်ကြီးမားတယ်ဆိုတာ ကျမတို့ မြင်နေရတယ်။ ပြည်သူလူထုညီလေ သူတို့အနေနဲ့ အကြောက်တရား ပိုကြီးလေ၊ ကျမတို့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုမျိုးစုံကို သူတို့လုပ်လေ ပေါ့နော်။ ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူလူထုရဲ့အား ဘယ်လောက်ညီသလဲဆိုတာ အချိန်က သက်သေပြသွားမှာ ဖြစ်တယ်။”
တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရမ်းကလည်း စစ်ကောင်စီဟာ အာဏာသိမ်းပြီးတနှစ်ပြည့်ချိန်မှာ လူထုရဲ့အာဏာဖီဆန်မှုကို အပြင်းအထန် ရင်ဆိုင်ရတဲ့အတွက် သွေးပျက်ခြောက်ခြားနေပြီဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“စစ်အစိုးရအနေနဲ့ အခုဆိုရင် နယ်တွေရော မြို့တွေရော ရွာတွေရော အသံချဲ့စက်တွေနဲ့ လိုက်အော်တယ်၊ Silence Strike မှာပါတဲ့သူတွေကို ဖမ်းမယ်၊ VPN သုံးတဲ့သူတွေကို ဖမ်းမယ်၊ ဈေးဆိုင်တွေကို ဖွင့်ရမယ်။ မဖွင့်ရင် ၁ လ ပိတ်မယ်ဆိုပြီး ဒီလိုလုပ်တဲ့ အတွက်ကို သူတို့ရှုံးသွားပြီ။ သူတို့သွေးပျက်နေပြီ ဘယ်နိုင်ငံမှာမဆို ကိုယ့်သဘောထားနဲ့ မတိုက်ဆိုင်ရင် ဆန္ဒပြခွင့် ရှိတယ်ဆိုတာ လူ့အခွင့်အရေးကြေညာစာတမ်းမှာလည်း ပါပြီးသားပဲဗျ”
အခုလို မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလောမရရှိသေးပါဘူး။