နိုင်ငံရေးအရဖြေရှင်းရေးတိုက်တွန်းချက် လက်တွေ့မဖြစ်နိုင်ကြောင်း EAOs အဖွဲ့တွေပြော
လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
-
RFA Burmese
2023-12-05 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်နဲ့ ကယားပြည်နယ် (ကရင်နီပြည်) တွေမှာ စစ်ရေး ပဋိပက္ခတွေ ပြင်းထန်လာပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အဖွဲ့ အစည်းအဝေးမှာ ပြောဆိုကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ် (ကရင်နီပြည်) ထဲက စစ်ရေး အခြေအနေတွေကို အထူးအလေးပေး ပြောသွားတာ တွေ့ရပါတယ်။ ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့ဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) လက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် ထိခိုက်ပျက်စီးမှု များပြားနေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
"စစ်ကောင်စီနဲ့ စစ်အာဏာရှင်ဟူသမျှ ပြုတ်ကျတဲ့အထိ မပြုတ်ကျမချင်း ကျွန်တော်တို့ ဆွေးနွေးဖို့ မရှိဘူး"
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်တဲ့ ခူညေးရယ်ကတော့ စစ်ကောင်စီပြောသလို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ကတော့ မူအရကတော့ စစ်ကောင်စီနဲ့ စစ်အာဏာရှင်ဟူသမျှ ပြုတ်ကျတဲ့အထိ မပြုတ်ကျမချင်း ကျွန်တော်တို့ ဆွေးနွေးဖို့ မရှိဘူး။ ဆိုလိုတာက စစ်ကောင်စီ မပါစေရဘူးပေါ့ဗျာ။ စကစ ဘက်တော့ သူတို့ အင်အားတော်တော်ချိနဲ့ပြီ နောက်ပြီးတော့မှ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေတွေမှာရော စစ်ကိုင်းဘက်တို့၊ မကွေးဘက်တို့ မြို့တွင်းမှာလည်း ပြောက်ကျားတိုက်နေတယ်။ ဒါမျိုးတွေရှိတဲ့ အခါကျတော့ သူတို့ (စစ်ကောင်စီတပ်သား) တွေကလည်း CDM ထွက်လာတာ မျိုးတွေရှိတယ်။ ဒီအချိန်မှာတော့ ဒီစကားတွေ ပြောလာတာ သူ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှုံးနိမ့်ပြီ အင်အားချိနဲ့နေပြီလို့ ပြောလို့ရတာပေါ့”
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကလည်း စစ်ကောင်စီရဲ့ ဒီလို ပြောဆိုချက်ဟာ အချိန်လွန်သွားပြီလို့ ပြောပါတယ်။
“နွေဦးတော်လှန်ရေး အခုလို အခြေအနေ ရောက်လာတာဟာ စစ်ခေါင်းဆောင်တွေရဲ့ အသိဉာဏ်ကင်းမဲ့မှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ အာဏာရူးသွပ်မှုကြောင့် ဖြစ်တယ်။ အခုချိန်မှာ ဒီစကားပြောလာတာဟာ It’s too late (အလွန်နောက်ကျ) ပဲ၊ အရမ်းကို နောက်ကျသွားပြီ။ အဲတော့ အခုချိန်မှာတော့ ကျွန်တော်တို့ဟာ သွေးစွန်းလက်နဲ့ လက်ဆွဲနှုတ်ဆက်စရာ အကြောင်းမရှိဘူး”
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ပြောဆိုတာဟာ စစ်ကောင်စီရဲ့ လုပ်နေကျ ဗျူဟာတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
“အရင်ကလည်း ပြန်ကြည့်မယ်ဆိုရင် ဒီအတိုင်းပါပဲ။ ဒီဟာက သူတို့ (စစ်ကောင်စီတပ်) ရဲ့ လုပ်နေကျဗျူဟာပဲ။ ဆွေးနွေးမှုဆိုတာက တိုင်းရင်းသားအဖွဲ့တွေ တစ်ဖွဲ့နဲ့ ဆွေးနွေးပြီး တစ်ဖွဲ့ကိုဖိတိုက်မယ်၊ ဒါက သူတို့ ကျင့်သုံးလာတဲ့ လမ်းစဉ်ဖြစ်တယ်။ ဆွေးနွေးမှုတိုင်းမှာလည်း အားလုံးပါဝင်တဲ့ လမ်းကြောင်းကို မရွေးဘဲ ကြိုတင် ဘောင်ခေတ်ပြီးမှ ဆောင်ရွက်တာ။ ဒါကတော့ သူတို့ လုပ်နေကျ၊ ပြောနေကျ စကားတွေပဲဖြစ်မယ်’'
TNLA အနေနဲ့ အခုချိန်မှာ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့ အတိအကျမပြောနိုင် သေးဘူးလို့လည်း သူက ပြောပါတယ်။
စစ်တပ်အရာရှိဟောင်းဖြစ်တဲ့ ဒေါက်တာအောင်မျိုးကတော့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်လိုစိတ်ရှိပြီး၊ လက်ရှိ အကြမ်းဖက်မှုတွေကို ဥပဒေအရပဲ ဖြေရှင်းချင်ပုံရတယ်လို့ RFA ကို ပြောပါတယ်။
“ခြုံပြီးပြောရရင်တော့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်) ကို လက်မလွှတ်ချင်သေးဘူးဆိုတဲ့ သဘောကို သူပြတာ။ ငြိမ်းချမ်းရေးကိုတော့ တက်နိုင်သမျှ မျှော်လင့်နေတုန်းပဲဆိုတဲ့ သဘောထုတ်ပြန်လိုက်တာပေါ့။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိပ်ပြီးတော့ ဥပဒေကိုလွန်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရမှာကို သူက မလုပ်ချင်ဘူး။ အလွန်အကျွံ မဖြစ်ချင်ဘူး။ ဒါ့ကြောင့်မို့လို့လည်း သူက ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ်ဆိုတာ သွားတွေ့ရတယ်။ အခုလည်း သူက အဲဒီအတိုင်းပဲပေါ့နော်”
ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလိုဆွေးနွေးဖို့ပြောပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ တွေ့ဆုံဖို့ဆန္ဒရှိမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်တပ်က နိုင်ငံရေးကနေ အပြီးတိုင်ထွက်ခွာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်းပေးမယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“တော်လှန်ရေး အင်အားစုတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ သဘောထား ကလည်း ရှင်းပါတယ်။ တွေ့ဆုံဆွေးနွေးမှု မလုပ်ဘူးလို့ပြောတာ မဟုတ်ပါဘူး။ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကနဦး ကြိုတင်ပြီးတော့ သဘောထားနှစ်ရပ် ချမှတ်ထား ပါတယ်။ တစ်ခုကတော့ စစ်တပ်နိုင်ငံရေးက ထွက်ခွာဖို့၊ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ အဲဒီနှစ်ရပ်ကို ဖယ်ရှားပစ်ပေးမယ် ဆိုရင်တော့ တွေ့ဆုံဆွေးနွေးတာ ဖြစ်နိုင်တယ်”
အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ပြည်သူတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေက ဘက်ပေါင်းစုံကနေ ကြီးထွားလာမှာဖြစ်ပြီး စစ်ကောင်စီတပ်ကို ဖျက်သိမ်းတဲ့အထိ ဦးတည်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒို့တာဝန် အရေးသုံးပါးကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ နိုင်ငံကိုတည်ဆောက်ထားတာကြောင့် အထိအခိုက် ခံမှာ မဟုတ်ဘူးလို့ မနေ့က စစ်ကောင်စီ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်တယ်လို့ MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အလားတူ တစ်လေးလုံးစစ်ဆင်ရေးစခဲ့တဲ့ ကယားပြည်နယ် (ကရင်နီပြည်) မှာလည်း ကရင်နီပူးပေါင်းတပ်တွေက လွိုင်ကော်မြို့သိမ်းရေး ပြင်းပြင်းထန်ထန် စစ်ဆင်ရေး လုပ်နေပါတယ်။
ရခိုင်ပြည်နယ်ဘက်မှာတော့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၃ ရက် ကစလို့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း လေးခုနဲ့ စစ်ကောင်စီ တပ်ဘက်က စွန့်လွတ်ခဲ့တဲ့ စခန်း ၄၀ ကျော် ကို သိမ်းပိုက်ထားတယ်လို့ အေအေ အဖွဲ့က ထုတ်ပြန်ထားပါတယ်။