ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ထိန်းချုပ်နယ်မြေမှာ လူငယ်တွေ ပြည်ပထွက်ခွင့် ပိတ်ပင်
2024.12.13

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) နဲ့ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) တို့ရဲ့ စစ်ရေး ပဋိပက္ခတွေရှိသလို၊ PNO/PNA အဖွဲ့နဲ့ ကရင်နီလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်တာတွေ ရှိနေပါတယ်။ စစ်ကောင်စီနဲ့လည်း ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေရှိပါတယ်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ဖြစ်တဲ့တိုက်ပွဲဟာ သူတို့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် တိုက်ခိုက်တာလို့ PNO အဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
“ကျွန်တော် သိရသလောက် လက်ရှိ ကျွန်တော်တို့ နယ်မြေမှာဖြစ်တဲ့ ကိစ္စ။ ဥပမာ PNO/PNA ဆိုတာ နဂိုရှိပြီးသားပဲ။ တခြားတိုင်းရင်းသားတွေ မကျူးကျော်ဖို့ဘဲ နဂိုကတည်းက ငြိမ်းချမ်းရေး စယူတဲ့ အဲကတည်းက ရရှိထားတဲ့ နယ်မြေ။ တော်လှန်ရေး စလုပ်ကတည်းကပေါ့။ အဲဒီနေရာတွေမှာ သူလှုပ်ရှားတယ်။ ကိုယ့်နေရာ ကိုယ့်ဒေသမှာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်နေရော ကိုယ့်ဒေသမှာရှိတဲ့ အတိုက်အခံတွေအားလုံးတော့ တိုက်ခိုက်မှုတော့ ရှိမှာပေါ့နော်။ စစ်ကောင်စီနဲ့ မဆိုင်ဘူးပေါ့နော်။ အဓိကကတော့ PNO/PNA က တခြားနေရာလည်း မရှိဘူး။ သူနေရာပဲ သူရှိနေတာပေါ့”
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၆) မှာ စစ်ကောင်စီလက်အောက်ခံ PNO ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က သြဂုတ် (၂၁) နေ့မှာ စစ်သည်အင်အား တစ်သောင်းကျော်သင်တန်းဆင်းခဲ့သလို စက်တင်ဘာ ၃ဝ ရက်နေ့မှာလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အင်အားနှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
PNLO နယ်မြေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့ ထိုးစစ်ဆင်
စစ်သည်အင်အားပြပြီး တော်လှန်ရေးကို PNA ခြိမ်းခြောက်နေကြောင်း လေ့လာသူတွေပြော
စစ်သည်အင်အား နှစ်သောင်းကျော် နဲ့ PNA စစ်သင်တန်းဆင်း
ဒီလို လူငယ်တွေသောင်းနဲ့ချီပြီး စစ်သင်တန်းပေးနေတဲ့ကာလမှာပဲ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ထိန်းချုပ်ထားတဲ့ နယ်မြေအများစုမှာ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရော၊ စစ်ကောင်စီကို တော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ကပါ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအရှေ့ဘက်ခြမ်း ဗန်းမောက်ရွာတစ်ကြောက လူငယ်နဲ့ လူလတ်ပိုင်းတွေကို ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ပြည်ပထွက်ခွာခွင့် ပိတ်လိုက်တာလို့ ဆိုပါတယ်။
ဒီလိုပိတ်ပင်တယ်ဆိုတာကို PNO က တရားဝင်ညွှန်ကြားချက်ထုတ်ပြန်ထားတာ မရှိပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် လုပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပင်လောင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆယ်ကျော်သက်တွေပဲဖြစ်ဖြစ် လူလတ်ပိုင်းတွေပဲဖြစ်ဖြစ် ပြည်ပထွက်ခွာခွင့် ပိတ်လိုက်တာဗျ။ တကယ်လို့ သူတို့လိုအပ်ရင် စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အကြောင်းကြားထားလို့ မသွားရဲကြတာပေါ့။ စစ်မှုထမ်းဖို့လည်း ကြောက်တယ်”
ဒီလိုပြောတာနဲ့ ပတ်သက်လို့ RFA က PNO အဖွဲ့ချုပ်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အနေနဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားတာမရှိဘူးလို့ အမည်မဖော်လိုတဲ့ PNO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ သိရသလောက် ဒီအထူးဒေသ (၆) ပေါ့နော်။ ၁၈ နှစ်ကနေ ၃၅ နှစ် စစ်မှုထမ်းဖို့ ထုတ်ပြန်ထားတာတော့ ရှိတယ်။ ဒါကတော့ စစ်မှုမထမ်းတာက သက်ဆိုင်ရာ ကာယကံရှင်နဲ့ဆိုင်တယ်။ ထမ်းလည်းရတယ်။ မထမ်းလည်းရတယ်ပေါ့နော်။ ကိုယ့်ပေါ်မူတည်တယ်ပေါ့နော်။ နောက်တစ်ခုက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ဆိုင်တယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကနေ စီမံခန့်ခွဲတဲ့ အပိုင်းမှာရှိပါတယ်။ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရွာသူကြီးတွေမှာ သူတို့ ဆုံးဖြတ်တဲ့အပေါ် မူတည်ပါတယ်။ အဖွဲ့အစည်းနဲ့တော့ အခရာမကျဘူးပေါ့”
ပအိုဝ်းပြည်သူ့စစ်ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ရပ်တည်နေရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ညွှန်ကြားချက်အတိုင်း လုပ်နေတာလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ အတွင်းရေးမှူး ခွန်ဝေထူးက RFA ကို ပြောပါတယ်။
“ဟုတ်ပါတယ်။ အဲဒီသတင်းကို ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ ကြားပါတယ်။ နိုင်ငံခြား ထွက်ခွာခွင့်ကို သူတို့တားမြစ်ပါတယ်။ ပြီးရင် စစ်ထဲဝင်ရောက်ဖို့ကို ဖိအားပေးပြီး အဲဒီလို ဖမ်းဆီး ခေါ်ဆောင်တာတွေ အရင်တုန်းကကျတော့ ဒဏ်ငွေဆောင်ပြီးတော့ စစ်မှုထမ်းခွင့်ကို ရှောင်ရှားခွင့်ရ သော်ငြားလည်းပဲ ယခုကာလမှာတော့ ဒဏ်ငွေမရတော့ဘဲနဲ့ မဖြစ်မနေစစ်မှုထမ်းရမယ် ဆိုတာမျိုး တစ်အိမ်ထောင်ကို တစ်ယောက်ဆိုတာမျိုးတွေ သတင်းတွေ ကြားသိရပါတယ်။ အဲဒီသတင်းတွေ ကိုတော့ အတည်ပြုလို့ရပါတယ်”
PNO/PNA အဖွဲ့ဟာ ၁၉၉၁ ခုနှစ်က အဲဒီအချိန်မှာအာဏာသိမ်းထားတဲ့ စစ်အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ ဒါကြောင့် စစ်အစိုးရက ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသ (၆) အဖြစ် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA) နဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။