ပင်လောင်းက စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော် အရေးပေါ်အကူအညီ လိုအပ်နေ
လွယ်ဖီး၊ ပင်စုံ၊ လဲလောင်း၊ နန်းတုတ်နဲ့ ကုန်းသာအပါအဝင် ရွာပေါင်းသုံးဆယ်ခန့်က စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့အထိ ရွာမပြန်ရဲကြသေးဘဲ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာပဲ နေထိုင်နေကြရပါတယ်။
-
RFA Burmese
2024-07-06 -
-
-
တိုက်ပွဲကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ကနေ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဇွန်လအစပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ပါ ပစ်ခဲ့တာကြောင့် ရွာပေါင်း သုံးဆယ်ခန့်က ဒေသခံတွေ ထွက်ပြေးခဲ့ရတာပါ။
“ရွာလုံးကျွတ် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်”
အဲဒီစစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ နေစရာ အသုံးအဆောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်မတို့ဆီက ရထားတဲ့စာရင်းအတိအကျက လူဦးရေ ရှစ်ထောင်ကျော် ကိုးထောင်လောက် ရှိတယ်။ သူတို့က မိုးရာသီဖြစ်တဲ့အတွက် တုတ်ကွေးမိတဲ့သူတွေလည်း ရှိတယ်။ သူတို့အတွက် ဆေးဝါးတွေ လိုအပ်တယ်။ တချို့ကျတော့လည်း သူတို့ ရုတ်တရက်ကြီး ထွက်ပြေးရတဲ့အတွက် အစားသောက်တွေ လိုအပ်နေတယ်။ မိုးကာတို့ စောင်တို့လည်း လိုအပ်တယ်။ နာတာရှည်ရောဂါ ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဒိုင်ဗာတို့ လိုအပ်တယ်”
လွယ်ဖီး၊ ပင်စုံ၊ လဲလောင်း၊ နန်းတုတ်နဲ့ ကုန်းသာအပါအဝင် ရွာပေါင်းသုံးဆယ်ခန့်က စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့အထိ ရွာမပြန်ရဲကြသေးဘဲ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာပဲ နေထိုင်နေကြရတာလို့ ဆိုပါတယ်။
လူဦးရေ နှစ်ထောင်ခန့်ရှိတဲ့ ဗန်းမောက်ရွာကိုလည်း လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဗန်းမောက်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရုတ်တရက်ဆိုတော့ ဘာမှပါမလာဘဲ ဒီတိုင်းထွက်လာတာ များတယ်။ ကျွန်တော်တို့ရွာမှာက လက်နက်ကြီးကျလာတော့ ခုနစ်ယောက်ထိတယ်။ တစ်ယောက်က ပွဲချင်းပြီး။ အဲဒီလို လက်နက်ကြီးတွေကျလာတော့ ရုန်းရင်းဆန်ခတ် ထွက်ပြေးလာရတော့ ဘာမှပါမသွားဘူး။ ဆန်၊ ဆီ၊ ဆားနဲ့ တဲတွေဆောက်ဖို့ မိုးကာတွေတော့ အရေးပေါ်လိုအပ်တယ်”
လက်ရှိလည်း ပင်လောင်းမြို့တောင်ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာအပြင် လက်နက်ကြီးနဲ့ပါ မကြာခဏ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“ပင်လောင်းမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သောင်းခွဲကျော် ရှိနေပါတယ်”
ပင်လောင်းမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက လက်ရှိအထိ ရွာမပြန်ရဲသေးတာကြောင့် ဒုက္ခရောက်နေရတယ်လို့ RFA ကို ပြောပါတယ်။
“လောလောဆယ်တော့ ရွာမပြန်ရဲကြဘူး။ ရှိတဲ့သူတွေအတွက်တော့ အခက်အခဲမရှိဘူး။ မရှိတဲ့သူတွေအတွက်တော့ အခက်အခဲဖြစ်တယ်။ အိပ်ဖို့နေရာတွေ၊ ရေတွေ၊ ရေက အဝေးကြီး သွားခပ်ရတယ်။ လောလောဆယ်တော့ နေရာထိုင်ခင်းနဲ့ ရိက္ခာပဲ”
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂၀၂၄ ခုနှစ် မေလကတည်းက စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်နေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သောင်းခွဲကျော် ရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ပြောထားပါတယ်။