၁၀၂၇ မှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကိုယ့်ဒေသကိုယ် ပြန်အခြေစိုက်
၁၀၂၇ စစ်ဆင်ရေးကို အဓိကဦးဆောင်ခဲ့တဲ့ အဖွဲ့တွေထဲက MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ တရုတ်ရဲ့ ဖိအားတွေကြောင့် NUG အပြင်၊ PDF နဲ့ တိုင်းရင်းသား မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေကိုပါ အဆက်အသွယ်ဖြတ်လိုက်ပါတယ်။
-
RFA Burmese
2024-12-17 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ NUG လက်အောက်ခံတပ်တွေရော၊ တခြား PDF တွေပါ ပူးပေါင်းပါဝင်ခဲ့ကြပေမဲ့၊ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် MNDAA ဘက်က မဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆံရေးဖြတ်လိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ လားရှိုးမြို့ကို သြဂုတ်လ ၃ ရက်နေ့မှာ MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း NUG၊ PDF တပ်ဖွဲ့တွေနဲ့ ဆက်ဆံမှာမဟုတ်တော့သလို အနောက်တိုင်းမီဒီယာတွေကိုလည်း သတင်းဖြေကြားတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက MNDAA နဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့တွေလည်း ကိုယ့်ဒေသကို ပြန်ခဲ့ကြရတယ်လို့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေ အတွင်းရေးမှူး ရဲဘော် နီနီကျော်က ပြောပါတယ်။
"၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြီးတဲ့အချိန်မှာ ဖိအားတွေဘာတွေ ပေါ်လာတယ်ပေါ့နော်။ သူတို့တွေက တော်လှန်ရေးအဖွဲ့တွေနဲ့ သိပ်ပြီး အဆက်အဆံ မလုပ်ပေးနိုင်တော့ဘူးပေါ့နော်။ အဲလိုအခြေအနေတွေ ဖြစ်လာတယ်။ သူတို့မှာလည်း အကျပ်အတည်းတွေ မျိုးစုံနဲ့ပေါ့နော်၊ ဖြစ်လာတဲ့အခါမှာ ကျွန်မတို့က တခြားနေရာတွေ ရွှေ့ရတာ ရှိတာပေါ့နော်"
သိမ်းထားတဲ့မြို့တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် MNDAA အနေနဲ့ တရုတ်တောင်းဆိုမှုကို လိုက်လျောခဲ့ရပုံရတယ်လို့ သူက သုံးသပ်ပါတယ်။
တရုတ်ဖိအားကြောင့် MNDAA က PDF အပါအဝင် တော်လှန်ရေးအဖွဲ့တွေကို အဆက်ဖြတ်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကိုးကန့်တပ် MNDAA အနေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ မြန်မာနိုင်ငံ ဒေသအသီးသီးက လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိတ်ခေါ်ခဲ့ပြီး MNDAA တိုင်းရင်းသားတပ်မဟာ (၆၁၁) ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီတပ်မဟာထဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တပ်ရင်း (၆၀၅) နဲ့ (၆၀၇) တို့ ပါခဲ့သလို၊ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ကယားပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပုလဲနယ်က ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၊ လားရှိုးအခြေစိုက် NUG လက်အောက်ခံ (၉၇၀၁) PDF တပ်ဖွဲ့၊ မိတ္ထီလာ PDF တပ်ဖွဲ့တွေအပြင် အာရက္ခတပ်တော် AA က တပ်ရင်းနှစ်ရင်း၊ MNDAA တပ်ရင်းတစ်ရင်း၊ စုစုပေါင်းတပ်ရင်း ၁၀ ရင်းနဲ့ ဖွဲ့စည်းခဲ့တာပါ။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာတော့ အင်အား ထောင်နဲ့ချီတဲ့ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပြီး လက်နက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။
ဆယ်လနီးပါးအကြာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ချင်းရွှေဟော်၊ သိန္နီ၊ မုံးကိုး စတဲ့ မြို့တွေကို MNDAA နဲ့ မဟာမိတ်တွေက တစ်ပြိုင်တည်း သိမ်းပိုက်ခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ TNLA ပြော
MNDAA အပစ်ရပ်ရေးကမ်းလှမ်းချက် စစ်ကောင်စီ လိုက်လျောနိုင်မလား
မန္တလေးတိုင်းကို စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်နေ
PLA တပ်ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ MNDAA စစ်ဦးစီးတပ်ဖွဲ့အောက်ကနေ သိန္နီမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး၊ စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ လားရှိုးနဲ့ သီပေါမြို့သိမ်းတိုက်ပွဲတွေမှာ MNDAA၊ TNLA တပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
TNLA တပ်ကလည်း သူနဲ့ မဟာမိတ်တွေဖြစ်တဲ့ NUG လက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၁ မြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ကိုးကန့်တပ်ဖွဲ့လိုပဲ TNLA အပေါ်မှာလည်း တရုတ်ဖိအားတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်ဆွေးနွေးမယ်လို့ TNLA က ကြေညာခဲ့ပေမဲ့ NUG အပါအဝင် မဟာမိတ်တွေနဲ့ ဆက်ဆံရေးကိုတော့ ထုတ်မပြောခဲ့ပါဘူး။
TNLA ပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖြေဖို့ငြင်းဆိုပါတယ်။
ဘယ်လိုပဲပဲဖြစ်ဖြစ် ရှမ်းမြောက်ဒေသကို စွန့်ခွာခဲ့ရတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) အနေနဲ့ မန္တလေးတိုင်းထဲက တွင်းငယ်၊ သပိတ်ကျင်းမြို့တိုက်ပွဲတွေမှာ TNLA တပ်ဖွဲ့၊ မိုးကုတ် ဗျူဟာတပ်ဖွဲ့ တွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ PLA အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော်က ပြောပါတယ်။
အခုကာလမှာ MNDAA အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆံရေးဖြတ်ခဲ့တာကြောင့် အညာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေ သူတို့ဒေသကို ပြန်သွားကြတယ်လို့ လားရှိုးအခြေစိုက် PDF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။
"နားချင်လား၊ နားပေါ့။ သူတို့ထဲမှာ သူတို့နဲ့ ပူးပေါင်းပြီး လုပ်လို့ရတယ်။ အောက်ဘက်လိုက်သွားမယ်ဆိုလည်း လိုက်သွားပေါ့။ ကျွန်တော်တို့ထဲမှာ အဖွဲ့က အစုံပါတယ်။ မန္တလေးဘက်က ကလေးတွေလည်း ပါတယ်။ အဲဒီတော့ သူတို့လည်း အလုပ်ပြီးပြီဆိုတော့ ဒီအတိုင်းလည်း မနေချင်တော့ ဆင်းကြတာပေါ့။ MOD က အဲဒီကနေ နေရာပြန်ချပေးတယ်"
ဒါပေမဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းအုပ်ချုပ်တဲ့ မူဆယ်ခရိုင်မှာတော့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေကို ပုံမှန်အတိုင်း နေထိုင်ခွင့်ပြုထားတယ်လို့ မူဆယ်ဗျူဟာ PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အစကတည်းက မဟာမိတ်သုံးဖွဲ့လေ။ AA ရယ်၊ TNLA ရယ်၊ MNDAA မဟာမိတ်သုံးဖွဲ့ဆိုပြီး ဒီမှာလာပြီး လုပ်ထားတာလေ။ မူဆယ် ဒီနားလေးတစ်ဝိုက် ရွာတွေပေါ့။ ပြီးရင် မြို့အသေးလေးတွေပေါ့။ အဲဒါတွေကိုတော့ ဒီသုံးဖွဲ့က ထိန်းထားတာပေါ့။ ထိန်းပြီးတော့ နောက်ထပ် ကျွန်တော်တို့ PDF ပေါ့။ PDF ကလည်း အစကတည်းက ရှိတယ်။ တိုက်ပွဲတွေဝင်တော့ အတူတူဝင်ခဲ့တာလေ။ ဆိုတော့ ကျွန်တော်တို့က ဒီမှာ အဖွဲ့ဖွဲ့ခွင့်ရှိသလို ဝတ်စုံဝတ်ခွင့်ရှိတယ်။ လက်နက်ကိုင်ခွင့်ရှိသလို ကျွန်တော်တို့ အဖွဲ့ကိုယ်တိုင် ဆုံးဖြတ်ခွင့်တွေလည်း အများကြီးရှိတယ်ခင်ဗျ"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ကတော့ မဟာမိတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်ရှိနေတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ NUG နဲ့ မဟာမိတ်တွေ ဆက်ဆံရေးက နားလည်ကောင်းမွန်တဲ့ အနေအထားတွေ ရှိနေတယ်။ စစ်ရေးတင်မက နိုင်ငံရေးမှာ သဘောတူညီချက်တွေ ရယူထားတဲ့ အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေ စတင်လုပ်ကိုင်နေတာ အမြောက်အမြား ရှိပါတယ်။ ဒါဟာ တစ်စုံလုံးအနေနဲ့ ပြောတာပါ။ MNDAA နဲ့ ပတ်သက်တဲ့ သီးခြားမှတ်ချက်တော့ အခုချိန်မှာ မရှိသေးပါဘူးခင်ဗျ"
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီးမှာ ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်ဖွဲ့က အညာဒေသကို အရင်ဆုံး ပြန်သွားခဲ့ပြီး၊ စစ်ဆင်ရေး ဒုတိယလှိုင်း အပြီးမှာတော့ BPLA၊ KNDF၊ PLA တပ်ဖွဲ့တွေ အားလုံး သူတို့ဒေသကို ပြန်သွားကြပါတယ်။
ဒီတပ်ဖွဲ့ဝင်တွေ အားလုံးဟာ MNDAA ထံကနေ တိုက်ခိုက်စွမ်းရည်နဲ့ လက်နက်တွေ လုံလုံလောက်လောက် ရလိုက်ကြတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
"ကိုယ့်ဒေသမှာကိုယ် ပြန်ပြီးတော့ အခြေကျဖို့အတွက် တိုက်ခိုက်ရေးအင်အားတွေ ဖြန့်ခွဲပေးလိုက်တာလို့ ကျွန်တော်ကတော့ ယူဆပါတယ်"
"ရှမ်းမြောက်ဘက်မှာက သူတို့ တိုင်းရင်းသားတွေက တိုက်ရမယ့်နေရာ ဘောင်ကျော်လို့မရဘူး။ သူတို့ ပြည်နယ်ထဲမှာ သူတို့တိုက်တယ်။ အတွေ့အကြုံလည်း ရသွားပြီး စစ်တပ်တစ်တပ်လိုလည်း လေ့ကျင့်ပေးလိုက်နိုင်ပြီးပြီ။ လက်နက်လည်း တပ်ဆင်ပေးလိုက်ပြီးပြီပေါ့။ ကိုယ့်ဒေသမှာကိုယ် ပြန်ပြီးတော့ အခြေကျဖို့အတွက် တိုက်ခိုက်ရေးအင်အားတွေ ဖြန့်ခွဲပေးလိုက်တာလို့ ကျွန်တော်ကတော့ ယူဆပါတယ်ခင်ဗျ"
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) ကတော့ သူတို့တပ်ဖွဲ့အနေနဲ့ TNLA နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်နေသေးတယ်လို့ ပြန်ကြားရေးတာဝန်ရှိသူ ကိုမောင်က ပြောပါတယ်။
"လတ်တလောမှာဆိုရင်တော့ ကျွန်တော်တို့ TNLA လက်အောက်ကနေ လိုက်နေတဲ့ တပ်ရင်းတွေ ရှိတယ်။ ပြီးတော့ ကျောက်ဂူဒေသမှာဆိုရင်လည်း ကျွန်တော်တို့ စပြီးတော့ တိုက်ပွဲဝင်နေပြီပေါ့လေ။ အဲဒါကတော့ ကျွန်တော်တို့ သြဂုတ်လကနေ စလှုပ်ရှားတာပေါ့လေ။ အခုဆိုရင် ဒီရက်ပိုင်းမှာ စစ်ကောင်စီနဲ့ ထိတွေ့မှုတွေ ခဏခဏဖြစ်တာတွေ ရှိတယ်ဗျ"
နောင်ချိုကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို TNLA က မဟာမိတ်တွေနဲ့ ပူးတွဲပြီး ခုခံနေသလို၊ မန္တလေးတိုင်း တွင်းငယ်၊ သပိတ်ကျင်း၊ မတ္တရာစတဲ့ မြို့နယ်တွေမှာလည်း PLA၊ MDY-PDF၊ ဒေသအခြေစိုက် PDF အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီထိုးစစ်ကို ခုခံနေရပါတယ်။
ဒီတိုက်ပွဲတွေမှာ MNDAA အဆက်ဖြတ်လိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် NUG လက်အောက်ခံ တပ်ရင်းအချို့လည်း ပါဝင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။