ပုသိမ်မြို့က အမားဗားစက်ရုံမှာ အလုပ်သမား ၁၅ဝဝ ကျော်ဆန္ဒပြ
ဧရာဝတီတိုင်း ပုသိမ်မြို့စက်မှုဇုန်က Amava Apparel Ltd အမားဗားအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၅ဝဝ ကျော် ဒီနေ့ဆန္ဒပြကြပါတယ်။
-
2019-07-29 -
-
-
Your browser doesn’t support HTML5 audio
ဧရာဝတီတိုင်း ပုသိမ်မြို့စက်မှုဇုန်က Amava Apparel Ltd အမားဗားအထည်ချုပ်စက်ရုံမှာ အလုပ် သမား ၁၅ဝဝ ကျော် ဒီနေ့ဆန္ဒပြကြပါတယ်။ အလုပ်ထုတ်ခံရတဲ့သူကိုပြန်ခန့်ဖို့၊ အချိန်ပိုလုပ်အားခ အပြည့်အဝပေးဖို့၊ စက်ရုံအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ရိုင်းပြတဲ့ဆက်ဆံရေးနဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးဆက်ဆံတာတွေကို အရေးယူပေးဖို့အပါအဝင် အချက် (၁၉) ချက်ကိုအလုပ် သမားတွေဘက်က တောင်းဆိုကြပါတယ်။
“အလုပ်သမားတွေ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်ပဲနဲ့ အရေးယူလိုက်တဲ့ ကိစ္စတွေရှိတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ ရှိတယ်ပေါ့နော်။ သူတို့က မရည်ရွယ်ဘူးလို့ပြောပေမယ့် ကျွန်မတို့ နားလည်သလောက်တော့ ဒါဟာ တကယ်ကျူးလွန်ခံရတာတွေ ဖြစ်တယ်ပေါ့နော်။ နောက်ပြီးတော့ အချိန်ပိုလုပ်ခတွေ မရတာရှိတယ်ပေါ့။ နောက်ပြီးတော့ အဝေးသင်တက္ကသိုလ်ကျောင်းတက်တဲ့သူတွေ ခွင့်လိုချင်တာရှိတယ်။ အချက်တွေကတော့ အားလုံး ၁၉ ချက်ပေါ့” လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ LHEO အဖွဲ့က မခခ က RFA ကိုပြောပါတယ်။
“စက်ရုံမှာ အလုပ်သမားတွေကို လိင်ပိုင်းဆိုင်ရာထိကပါးရိကပါးလုပ်တာ လုံးဝမရှိသလို၊ ရှိရင်လည်း အရေးယူမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံဥပဒေတွေကို လေးစားလိုက်နာဖို့ နိုင်ငံခြားသားတွေကို ညွှန်ကြားထားပါတယ်” လို့ ကုမ္ပဏီရဲ့လူ့စွမ်းအားအရင်းအမြစ်ဌာန လက်ထောက်မန်နေဂျာ ကိုဝိုင်းပြည့်စုံရှင်းက ပြောပါတယ်။
ဆန္ဒပြကြတဲ့အတွက် ညနေပိုင်းမှာတော့ စက်ရုံမှာဖွဲ့ထားတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ယောက်၊ အလုပ်သမားရေးကူညီသူ ၁ ယောက်နဲ့ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ သတင်းတပ်ဖွဲ့က ပုဂ္ဂိုလ်တွေပါဝင်ပြီး ညှိနှိုင်းကြတဲ့အခါ တောင်းဆိုချက် ၁၉ ချက်ထဲက ၁၅ ချက်ကိုလိုက်လျောမယ်လို့ အလုပ်ရှင်ဘက်ကသဘောတူတယ်လို့ မခခက ပြောပါတယ်။
ညှိလို့မရသေးတဲ့အချက် ၄ ချက်ကတော့ - အလုပ်သမားတွေရဲ့ဆန္ဒမပါဘဲ ဌာနပြောင်းတာမလုပ်ဖို့၊ ပုံသေတာဝန်သတ်မှတ်ပေးဖို့ ဥပဒေနဲ့အညီ ခွင့်ယူတဲ့အခါ ရက်မှန်ကြေးမဖြတ်ဖို့နဲ့ ခွင့်မဲ့ပျက်ကွက်ရင် အရင်ကသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းသာဖြတ်ဖို့၊ အဝေးသင်တက္ကသိုလ်တက်နေတဲ့ အလုပ်သမားတွေကို လစာမဲ့ခွင့် ၄၅ ရက်ပေးဖို့၊ အလုပ်ထုတ်ခံထားရတဲ့ အမျိုးသမီးကို အမြန်ဆုံးပြန်ခန့်ပေးဖို့ ဖြစ်ပါတယ်။
ဒီပြဿနာကို အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်နေတယ်လို့လည်း ကုမ္ပဏီ လူ့စွမ်းအားအရင်းအမြစ်ဌာန လက်ထောက်မန်နေဂျာ ကိုဝိုင်းပြည့်စုံရှင်းက RFA ကိုပြောပါတယ်။
အမားဗားအထည်ချုပ်စက်ရုံခွဲတွေကို မြန်မာနိုင်ငံအပြင် သီရိလင်္ကာ၊ အိန္ဒိယနဲ့ ကမ္ဘောဒီးယားမှာ လဲရှိတယ်လို့သိရပြီး၊ မြန်မာနိုင်ငံမှာတော့ ပုသိမ်စက်မှုဇုန်အပြင်၊ ရန်ကုန်သီလဝါစက်မှုဇုန်မှာလည်း တည်ဆောက်ထားပါတယ်။ မြန်မာနိုင်ငံက စက်ရုံတွေမှာ သီရိလင်္ကာနိုင်ငံသားတွေ၊ အင်ဒိုနီးရှားတွေနဲ့ မြန်မာတွေ အုပ်ချုပ်နေကြပြီး၊ မီးသတ်ဝတ်စုံအပြင် လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံတွေ ချုပ်လုပ်တယ်လို့ သိရပါတယ်။
(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)