နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ပြိုင်ဘက် ကိုးဦး ဇမ္ဗူသီရိမှာ မဲဆွယ်နေ
ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်တဲ့အတွက် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် USDP ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နဲ့ ပြိုင်ဘက်ပါတီ ကိုယ်စားလှယ် လောင်းတွေဟာ၊ နည်းလမ်းအမျိုးမျိုးနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေပါတယ်။
-
သီဟထွန်း
2020-10-02 -
-
-
ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်တဲ့အတွက် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် USDP ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နဲ့ ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းတွေဟာ၊ နည်းလမ်းအမျိုးမျိုးနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေပါတယ်။
အစိုးရဝန်ထမ်းအများစုရှိတဲ့ ဇဗ္ဗူသီရိမြို့နယ်မှာ ၂၀၁၅ တုန်းက NLD အနိုင်ရခဲ့တာမို့၊ အခု ၂၀၂၀ မှာ တော့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီအနိုင်ရရေးအတွက် ဂရုတစိုက်နဲ့ မဲဆွယ်စည်းရုံးနေတာ တွေ့ရပါတယ်။
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝဏ္ဏမောင်လွင်နဲ့ အာဏာရ NLD အပါအဝင် တခြား ပါတီ ခြောက်ခုက ကိုယ်စားလှယ်လောင်း ခြောက်ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
ဇဗ္ဗူသီရိမြို့နယ်မှာ ဝန်ထမ်းရပ်ကွက် ကိုးခုရှိပြီး အစိုးရ ဝန်ထမ်းအများစုနေထိုင်ကြတာကြောင့် သူတို့ရဲ့ ထောက်ခံမဲပေးမှုအပေါ်မူတည်ပြီး ရွေးကောက်ပွဲမှာ အနိုင်အရှုံးကွာဟချက် များသွားနိုင်ပါတယ်။
ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမောင်လွင်က ဝန်းထမ်းဘဝ ဖြတ်သန်းမူ၊ အတွေ့အကြုံ စွမ်းဆောင်ရည်တွေအရ ပြည်သူတွေက သူ့ကိုရွေးချယ်မဲပေးလိမ့်မယ်ဆိုတာ ယုံကြည်တယ်လို့ RFA ကို ပြောပါတယ်။
"နိုင်ငံရေး တာဝန်ကိုထမ်းဆောင်မယ့်အခါမှာ ကိုယ့်ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူ လူထုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး သာယာဝပြောရေး ဒါတွေတင်မကဘဲနဲ့ ပြည်သူ့လွှတ်တော် ဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ တိုးတက်ရာ၊ တိုးတက်ကြောင်းနဲ့ သာယာကြောင်း ကျနော်တို့ ပါတီရဲ့ ဆောက်ပုဒ်လည်းဖြစ်တဲ့ " ပိုမိုတောက်ပတဲ့ အနာဂတ် " ဆိုတာကို တည်ဆောက်နိုင်ဖို့ အတွက် ကိုယ့်မှာ အတွေ့အကြုံ၊ အရည်အချင်း ပြည့်ပြည့်စုံစုံရှိတယ်ဆိုတာ ယုံကြည်ပြီးသား ဖြစ်ပါတယ်။ ဆိုတဲ့အတွက်ကြောင့်မလို့ ကျနော့်ကို ပြည်သူလူထုတွေက ယုံယုံကြည်ကြည် ထောက်ခံရွေးချယ်ကြလိမ့်မယ် ဆိုတာ ကျနော် လုံး၀ သံသယမရှိပါဘူး။"
၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ဆန္ဒမဲပေါင်း ( ၂၃,၀၀၄) မဲ ရခဲ့ပြီး၊ USDP ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းက ( ၂၀,၉၄၀ ) မဲ ရခဲ့လို့ မဲအရေအတွက် သိပ်ပြီး ကွာခြားလှတာ မဟုတ်ပါဘူး။
ဦးဝဏ္ဏမောင်လွင် က “ ဒီနှစ်ရွေးကောက်ပွဲမှာတော့ ကပ်ရောဂါကြောင့် လူစုလူဝေးနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာရတာကြောင့် အရင်လို ရာနဲ့ချီပြီး ဟောပြောပွဲတွေ လုပ်လို့မရဘူး၊ လူဦးရေ နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး အကြိမ်ရေများများ သွားရောက် တွေ့ဆုံဟောပြောတာတွေ လုပ်နေရတယ်” လို့ ပြောပါတယ်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းတွေထဲမှာ နိုင်ငံရေးသမား ၁ ဦး၊ အစိုးရ အရာရှိဟောင်း ၃ ဦး၊ စီးပွားရေး လုပ်ကိုင်သူ ၆ ဦးပါဝင်တာ တွေ့ရပါတယ်။
ပြိုင်ဘက်တွေထဲမှာ ၆၈ နှစ်အရွယ် ဦးဝဏ္ဏမောင်လွင်က အသက်အကြီးဆုံး အမတ်လောင်း ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ထွေး ကတော့ အောင်ဇမ္ဗူရပ်ကွက် အပါအဝင် ဇဗ္ဗူသီရိမြို့နယ်က ရပ်ကွက်တွေမှာ တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင် ဝေတာတွေ၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို မိတ်ဆက်တာတွေပြုလုပ်ပြီး နေ့စဉ် မဲဆွယ်စည်းရုံးနေပါတယ်။
ဇဗ္ဗူသီရိမြို့နယ်မှာ အရင်ရွေးကောက်ပွဲတုန်းက မဲကွာဟမှုသိပ်မရှိခဲ့ပေမယ့် အခု ခေတ်စနစ် ပြောင်းနေပြီဖြစ်လို့ ဒီတစ်ကြိမ် အပြတ်အသတ်အနိုင်ရဖို့ ယုံကြည်တယ်လို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ထွေးက ပြောပါတယ်။
"ကျနော်တို့ကတော့ ကိုယ့်ရဲ့ပါတီရဲ့ သမိုင်းကြောင်း၊ ပါတီရဲ့ဂုဏ်သိက္ခာပေါ့နော်၊ ခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်၊ ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာနဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေအားလုံးရဲ့ လွှတ်တော်ထဲမှာ သူ့ရဲ့သက်တမ်းအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရပ်ကွက်တိုင်းတော့ အပြတ်အသတ် နိုင်မယ်လို့ ယုံကြည်ပါတယ်ဗျ။ ဇဗ္ဗူသီရိကတော့ ဟုတ်တယ် မဲမပြတ်ခဲ့ဘူးပေါ့။ အဲဒီကာလကလည်း တချို့သော ဝန်ထမ်းမဲကိုရတာ နည်းနည်းတော့ နည်းသွားတယ်လို့ သုံးသပ်ရရှိပါတယ်။ တချို့ရပ်ကွက်တွေ မှာလည်း မဲကမပြတ်တော့ မဲကွာခြားချက်က ကျဉ်းမြောင်းခဲ့တယ်ပေါ့နော်၊ ခုကတော့ ခေတ်ကလည်း ပြောင်းနေပြီ၊ ပြည်သူလူထုရဲ့ အမြင်လည်းပြောင်းနေပြီ၊ နောက် ပြည်သူလူထုရဲ့ တွေးခေါ်မျှော်မြင်မှု စွမ်းအားတွေကလည်း အရမ်းတိုးတက်လာတယ်။ ဒါကြောင့်မို့ အပြတ်အသတ်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ မဲဆွယ်ခွင့်ရနိုင်သလောက် ဆက်လက်မဲဆွယ် စည်းရုံးဖို့ စီစဉ်ထားသလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းအပေါ် မူတည်ပြီး အင်တာနက်အွန်လိုင်းကနေ မဲဆွယ်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ ဦးကျော်ထွေး ကပြောပါတယ်။
ပါတီကြီး နှစ်ခုနည်းတူ တပ်မတော်မှာ ဗိုလ်ချုပ်ကြီး တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကလည်း လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ကိုးရာကျော်နဲ့ မြို့နယ် ၂၆၁ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဇဗ္ဗူသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ သန်းဇော်မြင့်ကလည်း ကပ်ရောဂါကာလ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ မဲဆွယ်နေတယ်လို့ ပြောပါတယ်။
"ရပ်ရွာတွေမှာကျတော့ အောင်နိုင်ရေးယာဉ်နဲ့ သွားရင်းကနေ တပါတည်း ဝေပါတယ်။ ဒီနိုင်ငံ့ဝန်ထမ်း ရပ်ကွက်တွေကျတော့ အတတ်နိုင်ဆုံး ကျနော် လူအင်အားကို ချုံ့ပြီတော့ပဲ သွားပါတယ်။ Very low profile ပေါ့၊ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ ဒီ Covid ကာလမှာ အုံနဲ့ကျင်းနဲ့ သွားတယ်၊ နောက်ပြီးတဲ့အခါကတော့ လူမြောက်မြားစွာနဲ့ ဝင်ကြထွက်ကြတဲ့အခါမှာ သက်ဆိုင်ရာဒေသခံတွေရဲ့ ကျန်းမာရေးကို အထူး ဂရုစိုက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ နည်းလမ်းတွေ အတိုင်းပဲ လိုက်နာပြီးတော့ ဆောင်ရွက်ပါတယ်။"
လက်ရှိအချိန်အထိ နေပြည်တော်နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးလုပ်တဲ့ ပါတီတွေထဲမှာ အာဏာရပါတီ NLD ကို ထောက်ခံသူတွေနဲ့ အင်အားကြီးအတိုက်အခံ USDP ပါတီကို ထောက်ခံသူတွေဟာ မဲဆွယ်ရေးကားတွေ၊ ယာဉ်တန်းတွေ၊ ဆိုင်ကယ်တွေနဲ့ လူရာနဲ့ချီပြီး လှည့်လည်မဲဆွယ်တာကို တွေ့ရပါတယ်။
အဲဒီထဲမှာ NLD ပါတီထောက်ခံသူတွေ လှည့်လည်တဲ့အကြိမ်က အများဆုံးဖြစ်ပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့ကတေ့ာ NLD ပါတီ မဲဆွယ်စည်းရုံးရေးယာဉ်တန်းဟာ ပျဉ်းမနားမြို့နယ်မှာ လှည့်လည်မဲဆွယ်နေစဉ် ပန်းပဲစုကျးရွာမှာ ခဲနဲ့ ပစ်ခတ်ခံခဲ့ရပြီး ကားဘေးမှန်ကွဲကာ NLD ထောက်ခံသူ အမျိုးသမီးတဦးရဲ့ နားထင်တစ်ဝိုက်မှာ ပွန်းပဲ့ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တဲ့သူကို အရေးယူပေးဖို့ အမှုဖွင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမောင်လွင်ကတော့ USDP ပါတီကို ထောက်ခံလှည့်လည်သူတွေ နဲ့ ပတ်သက်ပြီး အခုလို ကာကွယ်ပြောဆိုပါတယ်။
"ပြည်ခိုင်ဖြိုး အနေနဲ့လည်း ပြည်သူလူထုရဲ့ ထောက်ခံမှုကရှိနေပါတယ်ဆိုတာ အများပြည်သူ သိစေချင်တယ်။ တစ်ဘက်ကပဲ Show of Force အနေနဲ့ သွားနေတဲ့အခါမှာ တစ်ဘက်က လှုပ်ရှားမှုမရှိတဲ့အခါမှာ ကြားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အထင်အမြင်လွဲမှားမှာကိုလည်း သူတို့ စိုးရိမ်ကြပါတယ်။ စိုးရိမ်တဲ့အတွက် ထောက်ခံတဲ့သူတွေက သူတို့ကို ထောက်ခံတဲ့သူတွေရှိနေတယ်ဆိုတာ သူတို့သိအောင်လုပ်ချင်တယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့တော့ Covid 19 ကာလအတွင်းမှာတော့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်သွားဖို့ဟာ အားလုံးပါတီ အောက်ခြေအထိ လမ်းညွှန်ထားပြီးသားလည်း ဖြစ်ပါတယ်။"
နေပြည်တော်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေအပါအဝင် ပါတီ ၁၂ ခုကနေ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇၆ ဦးရှိပြီး၊ နေပြည်တော် ကောင်စီနယ်မြေ မြို့နယ် ရှစ်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရှစ်နေရာနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှစ်နေရာ၊ စုစုပေါင်း ၁၀ နေရာအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်မှာ လူဦးရေ ၁၀ သိန်းကျော်ရှိပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိ အချိန်အထိ ထုတ်ပြန်ချက်အရ မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စုစုပေါင်း ရှစ်သိန်း ခြောက်သောင်းခန့် ရှိပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၃၉၀ ဦး အနိုင်ရရှိခဲ့ပြီး USDP ပါတီက ၄၁ ဦးသာ အနိုင်ရရှိခဲ့ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)