တစ်လကျော်အတွင်း ထင်ရှားတဲ့ အနုပညာရှင် ၁၃၀ ကျော် ကွယ်လွန်
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကြောင့် သေဆုံးမှုတွေ မြင့်တက်လာတဲ့ ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၀ ရက်နေ့အထိ တစ်လကျော်အတွင်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် စတဲ့နယ်ပယ်စုံက အနုပညာရှင် ၁၃၀ ကျော် ကွယ်လွန်ခဲ့ပါတယ်။ အနုပညာလောကသားတွေ အများအပြား ကွယ်လွန်နေတာဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ပါတယ်။
-
ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-08-12 -
-
-
ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၀ ရက်နေ့အထိ ရက်ပေါင်း ၄၀ ကျော်အတွင်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် စတဲ့နယ်ပယ်စုံက အနုပညာရှင် ၁၃၁ ဦး ကွယ်လွန်ခဲ့တယ်လို့ RFA က စာရင်းပြုစုနိုင်ခဲ့ပါတယ်။
အဲဒီ အနုပညာရှင်အများစုက ကိုဗစ်ကြောင့် သေဆုံးရတာဖြစ်ပြီး ရိုးရိုးသေဆုံးသူလည်း အနည်းငယ် ပါဝင် ပါတယ်။ တချို့က ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးတာ မဟုတ်ပေမယ့် ကိုဗစ်တတိယလှိုင်းမှာ ဆေးရုံ ဆေးခန်းတွေ မဖွင့်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝ မရတာကြောင့် အချိန်မီ ဆေးကုသ ခွင့်မရဘဲ သေဆုံးခဲ့ရတာလို့လည်း မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ စာရေးဆရာ ကဗျာဆရာနဲ့ စာနယ်ဇင်းနယ်ပယ်က ၇၃ ဦး၊ ပန်းချီပန်းပုနဲ့ ကာကွန်း နယ်ပယ်က ၂၂ ဦး၊ ရုပ်ရှင်နဲ့ ဇာတ်သဘင်နယ်ပယ်က ၁၈ ဦး၊ ဂီတနယ်ပယ်က ၁၈ ဦး စုစုပေါင်း ၁၃၁ ဦး ဖြစ်ပါတယ်။
စာပေနယ်က ထင်ရှားသူတွေကတော့ စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း၊ သိုက်ထွန်းသက်၊ ခင်စောတင့်၊ ဆင်တဲ၀ မြတ်ဖုန်း၊ အဏ္ဏဝါစိုးမိုး၊ စာရေးဆရာ ညီစေမင်းနဲ့ ဒေါက်တာ ခင်မောင်ဝင်း၊ ကဗျာဆရာတွေထဲက မင်းယုဝေ၊ အောင်ချိမ့်၊ မောင်သင်းခိုင်၊ လူဇော်သစ် တို့ဖြစ်ပါတယ်။
စာရေးဆရာကြီး မင်းယုဝေဟာ မြန်မာ့စာပေလောကမှာ လူကြိုက်များခဲ့တဲ့ ငွေတာရီမဂ္ဂဇင်းကို တည်ထောင်ခဲ့ သူဖြစ်ပါတယ်။
“ငါရှုံးပါစေ၊ တရားက နိုင်ပါစေ” ဆိုတဲ့ကဗျာစာသားနဲ့ လူငယ်ထုကြားမှာ ထင်ရှားခဲ့တဲ့ ကဗျာဆရာ အောင်ချိမ့် ဟာဆိုရင်လည်း ခေတ်ပေါ်မြန်မာကဗျာ လောကကို ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။
အခုလို ကပ်ရောဂါကာလမှာ မြန်မာပြည်သူတွေအတွက် တန်ဖိုးရှိတဲ့ စာပေသမား အများအပြား ကွယ်လွန် သွားတာဟာ မြန်မာ့စာပေလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ စာရေးဆရာမ သွေး (စစ်ကိုင်း) က ပြောပါတယ်။
“အခုဆိုရင် အစ်မတို့မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ မနက်မိုးလင်းလာရင် Facebook ကို မဖွင့်ရဲ လောက်အောင်ပဲပေါ့နော်။ တစ်ယောက်ယောက်ဆီက ဖုန်းသံများကြားရင် ဟာ ဘယ်သူဆုံးတယ် ဆိုတဲ့ ဟာကို ကြားဦးမလဲပေါ့။ နောက်တစ်ခါ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းတာကတော့ စာပေ လောကရဲ့ ပုဂ္ဂိုလ်တွေပေါ့နော် ကဗျာဆရာတွေ၊ စာရေးဆရာကြီးတွေ စာရေးဆရာမကြီးတွေ ကွယ်လွန် တိမ်းပါး သွားကြတာဟာ အင်မတန်မှ မြန်မာစာပေလောကအတွက် ဆုံးရှုံးနစ်နာမှု တစ်ရပ်ဖြစ်ရတယ်။ ဒါတွေဟာ တိုင်းပြည်အတွက်လည်း အင်မတန် ဆုံးရှုံးမှုဖြစ်တယ်။ ရသစာပေအတွက်လည်း အင်မတန် ဆုံးရှုံးမှု တစ်ရပ်ဖြစ်တယ်”
ပန်းချီ၊ ပန်းပုနဲ့ ကာတွန်းနယ်ပယ်က သေဆုံးခဲ့သူတွေထဲမှာ ကာတွန်း မြေဇာ၊ ကာတွန်း ဇော်ဝိတ်၊ ပန်းချီပန်းပု အနုပညာရှင် ဆန်နီညိမ်းနဲ့ မော်ဒန်ပန်းချီဆရာ ဒေါက်တာကိုကိုကြီး တို့လို ထင်ရှားသူတွေ ပါဝင်ပါတယ်။
"ဆုံးရှုံးရတဲ့အခါကျတော့ ဝမ်းနည်းတာကလွဲလို့ အကိုတို့က ဘာမှကိုမတတ်နိုင်ဘူး"
မော်ဒန်ပန်းချီဆရာ ဒေါက်တာကိုကိုကြီးဟာလည်း ဒြပ်မဲ့ ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲခဲ့ပြီး၊ စိတ်ဒဏ်ရာ ရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပညာနဲ့ ပြန်လည် ကုသပေးခဲ့တဲ့ ပန်းချီဆရာတစ်ဦး ဖြစ်တဲ့အပြင် စိတ်သရုပ်ခွဲ ပညာရှင်အဖြစ်လည်း ရပ်တည်ခဲ့သူတစ်ဦးပါ။
ဂီတနယ်ပယ်မှာတော့ တက္ကသိုလ်အေးမောင်၊ ရာဇာဝင်းတင့်၊ ဂီတနက်သန် ဦးအုန်းလွင်၊ တေးရေး တိုနီတင်၊ အဆိုတော်ရေမွန်၊ မြန်မာအိုက်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ထင်ရှားခဲ့တဲ့ အဆိုတော် ဇော်မင်းဦးစတဲ့ လူကြီး၊ လူငယ် အသက်အရွယ်မျိုးစုံ က ထင်ရှားသူတွေ ကွယ်လွန်သွားခဲ့ကြပါတယ်။
ဂီတနယ်ပယ်က ကွယ်လွန်သွားတဲ့သူတွေထဲမှာ မထင်မှတ်ထားတဲ့ လူငယ်တွေလည်း ပါဝင်နေပြီး ကိုဗစ် တတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ မကြုံရနိုင်ဘူးလို့ အဆိုတော် စိုင်းလေးက ပြောပါတယ်။
“အခုက မထင်မှတ်တဲ့လူတွေရော အခုဖြစ်နေတဲ့ တတိယလှိုင်းမှာ ကိုဗစ်တတိယလှိုင်းဆိုရင် ထားပါတော့ အကိုတို့ ဘော်ဒါတွေထဲကဆိုရင် ကိုမြတ်နီတို့၊ ပြီးတော့ တေးရေးအာရုံတို့ ဘေ့စ်တီးတဲ့ အောင်ညီတို့ ဒါကတော့ နာမည်သိပ်မကြီးဘူး ဆိုပေမယ့်လည်း ဒါတက်သစ်စ လူငယ်တွေအများကြီး ရှေ့လျှောက်ပြီး သူတို့မှာ အစီအစဉ်တွေလည်း အများကြီးရှိတယ်။ အကို တို့ကိုလည်း ပြောပြတယ်။ အဲဒါမျိုးတွေကစ ဆုံးရှုံးရတယ် အခုဆို။ ဆုံးရှုံးရတဲ့ အခါကျတော့ ဝမ်းနည်း တာကလွဲလို့ အကိုတို့က ဘာမှကိုမတတ်နိုင်ဘူး။ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိရင်တော့ အများကြီး သက်သာမှာပေါ့။ ဒါမဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့။”
ရုပ်ရှင်နဲ့ သဘင်နယ်ပယ်မှာ ဆိုရင်လည်း ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဦးညွန့်ဝင်း၊ ဝါရင့်လူရွှင်တော်နဲ့ ဟာသသရုပ်ဆောင် ဦးစံမတူ၊ လူရွှင်တော်မေတ္တာနဲ့ ဆိုင်းဆရာကြီး အကယ်ဒမီစိန်မွတ္တား တို့လို အနုပညာရှင် တွေ ကွယ်လွန်ခဲ့ကြပါတယ်။
လူရွှင်တော် မေတ္တာရဲ့ သံချပ်တွေနဲ့ ထူးခြားပြောင်မြောက်တဲ့ ဟာသပြက်လုံးတွေကြောင့် လူသိများထင်ရှားပြီး ရုပ်ရှင်နဲ့ သဘင်နယ်ပယ်မှာတင်မကဘဲ သင်္ကြန်သံချပ်နဲ့ စာပေနယ်ပယ်တွေ အထိပါ လူချစ်လူခင်များတဲ့သူ ဖြစ်ပါတယ်။
သူဟာ RFA မြန်မာပိုင်းမှာ အပတ်စဉ် ထုတ်လွှင့်ခဲ့တဲ့ "အကျိုးမျှော် နှိုးဆော်ပါရစေ" ကဏ္ဍရဲ့ ပင်တိုင်အသံလွှင့် သရုပ်ဆောင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကို ထိထိရောက်ရောက် မလုပ်နိုင်တဲ့အပေါ် စာရေးဆရာ ကျော်မျိုးခိုင်က ဘဝင်မကျပါဘူး။
“အစားထိုးလို့မရတဲ့ ပုဂ္ဂိုလ်တွေအများကြီး ပါသွားတာပေါ့နော်။ ပါသွားတော့ ဒါလည်း ကမ္ဘာနဲ့ချီလာတဲ့ ကပ်ဆိုးဆိုတော့လည်း မတတ်နိုင်ဘူးပေါ့ ဆရာရယ်။ မတတ်နိုင်ဘူးပေါ့။ ဒီလိုပဲ လက်ပိုက်ပြီး ကြည့်နေ ရတဲ့ အနေအထားကို ဖြစ်နေတာပေါ့နော်။ နောက်တစ်ချက် ကလည်း သက်ဆိုင်ရာ အာဏာသိမ်း အစိုးရ ကလည်း ဘာမှ မလုပ်ပေးနိုင်ဘူးလေ။ NUG အစိုးရကလည်းပဲ နည်းနည်းလေး အဝေးရောက် သဘောမျိုး ဖြစ်နေတဲ့အခါကျတော့ သူတို့လည်း ထိထိရောက်ရောက် မစီမံနိုင်ဘူးပေါ့နော်။ သဘော တရားလောက်ပဲ သူတို့က ပြည်သူကို လမ်းညွှန်နိုင်တာပေါ့နော်။ ကြားထဲမှာတော့ ကျနော်တို့က ဘာတွေဖြစ်ဦးမလဲဆိုတော့ ကျန်းမာအောင်နေကြဖို့ပဲလိုတာပေါ့”
ကဏ္ဍအသီးသီးမှာ ဆုံးရှုံးနစ်နာမှုတွေရှိခဲ့လို့ ပြန်လည်ထူထောင်ဖို့ အများကြီး ကြိုးစားရမယ်လို့ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ကဗျာဆရာ မိုးကျော်သူက ပြောပါတယ်။
“တော်တော်များများပေါ့ ဂီတရော ဘာညာရော အကုန်လုံး ပန်းချီရော၊ ကဗျာရော၊ စာပေရော အကုန်လုံး ထိခိုက်နေတယ်။ အနုပညာလမ်းကြောင်းအရတော့ ကျနော်တို့ အတွက်ကတော့ တော်တော်လေးကို နစ်နာ တာပေါ့နော်။ နစ်နာတယ်ဆိုတော့ တစ်ချိန်ကျရင် ဒါတွေကို မနည်းဘူး ပြန်ပြီးတော့မှ ပြန်ပြီး ပြန်လုပ် ကြရမယ့် အခြေအနေ ပေါ့ဗျာ။ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ကူကြ၊ ညီကြ၊ လုပ်ကြ အဲဒီလိုမျိုး ပေါ့နော်။ ရုပ်ရှင်ဆိုလည်း ရုပ်ရှင်အဖွဲ့သားတွေက တစ်ယောက်ဖြစ်ရင် တစ်ယောက်ကူကြ၊ ပန်းချီဆိုလည်း ပန်းချီသမားတွေ တစ်ယောက်ဖြစ်ရင် တစ်ယောက်ကူကြ အဲဒီလို လုပ်နေကြရတာပဲ။ ဒါက ဆုံးရှုံးသွားတာ တွေကတော့ အများကြီးပဲဗျာ။ ကျနော်တို့ကတော့ ရှင်းရှင်းပြောရလို့ရှိရင် အခု တစ်ယောက် ဆုံးတယ်၊ နောက်နေ့က နောက်တစ်ယောက် နောက်တစ်ယောက် နှစ်ယောက် ထပ်ဆုံးပြန်ပြီဗျာ။ အဲဒါမျိုးလေး တွေ ဖြစ်နေတော့ စိတ်ထဲက ဘယ်လို ပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူး”
အခုပြောပြခဲ့တဲ့ တတိယလှိုင်းမှာ ကွယ်လွန်ခဲ့သူ ကဏ္ဍစုံနယ်ပယ်စုံက အနုပညာရှင်တွေရဲ့ စာရင်းဟာ RFA က လက်လမ်းမှီသလောက် သီးခြားပြုစုထားတဲ့ စာရင်းပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တကယ့် လက်တွေ့မှာ သေဆုံးမှုဟာ ဒီထက် ပိုများနိုင်ပါတယ်။ ကိုဗစ်ကာလလည်းဖြစ်၊ အာဏာသိမ်း ကာလလည်း ဖြစ်တာကြောင့် ဖျော်ဖြေရေးနဲ့ အနုပညာလုပ်ငန်းတွေ အားလုံးနီးပါးရပ်တန့်နေတာ တနှစ်ကျော်လာပါပြီ။ အနုပညာရှင်တွေရဲ့ ဘဝရပ်တည်ရေး ခက်ခဲနေချိန်မှာ ကပ်ရောဂါကြောင့် သေဆုံးရသူတွေ ရှိလာတဲ့အတွက် အနုပညာလောကမှာ ဆုံးရှုံးမှုက ပိုပြီး ကြီးမားနေပါတယ်။