တစ်နှစ်အတွင်း လွတ်ငြိမ်းသက်သာနဲ့ လွတ်သူ ခြောက်သောင်းနီးပါးမှာ နိုင်/ကျဥ်း ရှစ်ရာခိုင်နှုန်းသာပါဝင်
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဧပြီလ ၁၇ ရက်နေ့အထိ အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အကျဥ်းသားစုစုပေါင်း ခြောက်သောင်းနီးပါးကို ပြန်လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၅၅၆ ယောက်ပဲ ပါဝင်ပါတယ်။
- 2022-04-28
-
-
-
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဧပြီလ ၁၇ ရက်နေ့အထိ အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အကျဥ်းသားစုစုပေါင်း ခြောက်သောင်းနီးပါး ကို ပြန်လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၅၅၆ ယောက်ပဲ ပါဝင်ပါတယ်။
ဒီအရေအတွက်ဟာ ပြန်လွှတ်ပေးသူ စုစုပေါင်းရဲ့ ရှစ်ရာခိုင်နှုန်းသာရှိတယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ပါတယ်။
ဒီအခြအနေဟာ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်မလွှတ်ပေးချင်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေး အာသီသကို ပြနေတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးဌာန (ISP Myanmar) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက ထောက်ပြဝေဖန်ပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတာ သူတို့ရဲ့ နိုင်ငံရေးအာသီသကို ဘယ်လိုရှိလဲဆိုတာ ပြတဲ့အနေအထားပါပဲ။ အခုအချိန်အထိက နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ပေးတာ နည်းတာက လွှတ်ပေးချင်တဲ့စိတ် မရှိသေးဘူးလို့ ယူဆလို့ရတာပဲ။ အစောပိုင်းမှာကတည်းက အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်တယ်ဆိုတာ အဲဒါကိုက ဆွေးနွေးစရာဖြစ်ပါတယ်။ အဲဒီလို ခေါင်းစဉ်တပ်လိုက်တော့ ပြန်လွှတ်ပေးဖို့ ခက်သွား တဲ့ အနေအထားဖြစ်တာပေါ့”
မူးယစ်ဆေးဝါး၊ လူဝင်မှုကြီးကြပ်ရေး စတဲ့ အမှုတွေနဲ့ ဖမ်းဆီးခံရသူတွေများလာတဲ့အတွက် နိုင်ငံတစ်ဝန်းက အကျဥ်းထောင်တွေ ထမ်းထားရတဲ့ဝန်ကို လျှော့ချဖို့အတွက်သာ စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံရေးအမှုနဲ့ အဖမ်းခံထားရသူတွေကို ပြန်လွှတ် ပေးချင်စိတ်မရှိဘူးလို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီအနည်းအကျဥ်းကို ပြန်လွှတ် ပေးတာတောင် အကြမ်းဖက်သမားတွေကို ပြန်လွှတ်ပေးရမလားဆိုပြီး သူတို့ ဝေဖန်ခံနေရ တယ်လို့ မနေ့က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“ပြစ်မှု ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးတဲ့အတွက် ဝေဖန်ခံရမှုတွေ တွေ့ရတယ်။ တချို့ ကလည်း ဒီအကြမ်းဖက်လုပ်ခဲ့တဲ့ ဒီလူတွေကို လွှတ်ပေးခဲ့တဲ့အတွက် ရင်ဖွင့်ကြတာ လည်း ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့လည်း ပြောတဲ့ဆိုတဲ့အသံတွေ၊ ရင်ဖွင့်သံတွေ ကြားတယ်လို့ ပြောချင်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ သတိပြုမိမှာ ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါ ဘယ်သူတွေ ပါ မပါဆိုတာ သတိ ပြုမိမှာ ဖြစ်ပါတယ်။ ဒီလောက်ပဲ ကျနော် ပြောချင်ပါတယ်”
ဒီပြောဆိုချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်မပေးချင်လို့ အကြောင်းပြတာလို့ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မှတ်ချက် ပေးပါတယ်။
"အဲဒါက အကြောင်းပြတာပါပဲ။ သူတို့ကို ထောက်ခံသူတွေဆိုတာ သူတို့နဲ့ အတွေး အခေါ်တူတယ်။ အယူအဆတူ တယ်။ ယုတ်မာတဲ့နေရာမှာလည်း တူတယ်။ စုတ်ပဲ့တဲ့ နေရာမှာလည်း တူတယ်။ ဥပဒေမဲ့တာလည်း တူတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ အကြောင်းပြချက်က မခိုင်လုံဘူးလေ။ ပေါ်တင် ပြောလိုက် မင်းတို့က ငါတို့ရန်သူဖြစ်တယ်"
စစ်ကောင်စီဟာ သူတို့ဖမ်းထားတဲ့ CDM ဝန်ထမ်းတွေ၊ PDF တွေနဲ့ ဆန့်ကျင်သူတွေကို ပြန်လွှတ်ပေးဖို့ ကြောက်ရွံ့နေတာလို့လည်း ဦးထွန်းကြည်က ဝေဖန်ပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ နည်းတာက လွှတ်ပေးချင်တဲ့စိတ် မရှိသေးဘူးလို့ ယူဆလို့ရတာပဲ"
စစ်ကောင်စီက အာဏာသိမ်းတစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းသက်သာခွင့် ခုနစ်ကြိမ် ပေးခဲ့ပြီး နိုင်ငံတစ်ဝန်းက အကျဉ်းသား ၅၇,၀၉၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဥ်းသား ၄၅၅၆ ယောက်ပဲ ပါဝင်ခဲ့တာပါ။
ခုနစ်ကြိမ်လောက် လွတ်ငြိမ်းသက်သာခွင့် ပေးတာတောင် ပါမလာတဲ့အတွက် မျှော်လင့် ချက် မထားတော့ဘူးလို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကိုဆစ်နိုင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“လွတ်ဖို့ကတော့ မျှော်လင့်ချက်ရှိလားဆိုတော့ မရှိပါဘူး။ သူတို့ကို သုံးနှစ်ချထားတယ် ဆို သုံးနှစ်ပြည့်မှပဲ လွတ်မယ်လို့ ထင်တာပါပဲ။ တမင်တကာတောင် ခြောက်ခါ၊ ခုနစ်ခါ လွှတ်တာတောင်မှ မပါတာဘဲ ဟုတ်တယ် မဟုတ်လား။ အခုဆို နယ်တွေတောင် ပြောင်းခံလိုက်ရတာဆိုတော့ မမျှော်လင့်ဘူး”
နိုင်ငံရေးအကျဥ်းသား အနည်းငယ်ပဲ ပြန်လွတ်လာတာကိုကြည့်ရင် အာဏာသိမ်း တစ်နှစ် ကျော်အတွင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့် ခုနစ်ကြိမ်ပေးခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ အမြင်ကောင်းဖို့ ဟန်ပြသက်သက် လုပ်ရပ်သာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က ဝေဖန် ပါတယ်။
“အာဆီယံမှာ အသိအမှတ်ပြုမှုရဖို့၊ UN မှာ နာမည်ကောင်းရဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုပြီး ကြေညာတယ်။ ဒါပေမဲ့ တကယ်တမ်း လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါတဲ့ နိုင်ငံရေးအကျဉ်းသားက ရှစ်ရာခိုင်နှုန်းပဲရှိတယ်။ ဒီ့အပြင် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း နည်းအမျိုးမျိုးနဲ့ ညှဥ်းပန်းနှိပ်စက်နေတာ ရှိတယ်။ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းတွေအပေါ် တစ်ပတ်ရိုက်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။ နိုင်ငံရေးအမြတ်ထုတ်တဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်”
အာဏာသိမ်း တစ်နှစ်ကျော်အတွင်း နိုင်ငံရေးခံယူချက်ကြောင့် ဖမ်းဆီးအကျဉ်းချခံရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားပေါင်း ၂၀၀ ကျော်အထိ ရှိခဲ့ပြီး အဲဒီအထဲက အယောက် ၂၀ ဟာ အခုချိန်ထိ အကျဥ်းချခံထားရဆဲလို့လည်း သူက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီ ၂၇ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်နေ့အထိ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း နိုင်ငံရေးလှုပ်ရှားသူ ၁၇၉၈ ဦး အသက်ဆုံးခဲ့ပြီး ၁၀,၃၇၇ ဦး အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။