ဝက်လက်မြို့နယ်အတွင်း ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ကြား ပစ်ခတ်မှုကို NUG စစ်ဆေးမည်

အဲဒီပစ်ခတ်မှုမှာ ဗိုလ်ကျားကြီး လွတ်မြောက်သွားပေမယ့် သူ့ရဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့က လူ နှစ်ဦး သေဆုံးပြီး တစ်ချို့ကို ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ဦးနေမျိုးအောင် တို့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo : Wetlet People's Defense Force

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ မနက် ၁ဝ နာရီခွဲက စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရွှေညောင်တော် ဘုရားကုန်းထိပ်မှာ စခန်းချနေတဲ့ ဗိုလ်ကျားကြီး ဦးဆောင်တဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာန ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ဦးနေမျိုးအောင် ဦးဆောင်တဲ့အဖွဲ့က သွားရောက်ဖမ်းဆီးရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုမှာ ဗိုလ်ကျားကြီး လွတ်မြောက်သွားပေမယ့် သူတို့အဖွဲ့က လူ နှစ်ဦး သေဆုံးပြီး တစ်ချို့ကို ဦးနေမျိုးအောင် တို့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရာရသူတစ်ဦးရဲ့ အခြေအနေဆိုးဝါးနေပါတယ်။

ဗိုလ်ကျားကြီးကို ဒေသခံတွေထံကနေ ငွေကြေးကောက်ခံခြင်း မပြုဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် အခုလို အရေးယူဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ဦးနေမျိုးအောင်က RFA ကို ပြောပါတယ်။

“ဗိုလ်ကျားကြီး က စကစ အုပ်ချုပ်ရေးမှူးရဲ့ သားကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းတာ။ တောင်းတဲ့ အခါကျတော့ ကျွန်တော်တို့ မြို့နယ် ပလဖကို တိုင်တန်းတယ်။ တိုင်တန်းတဲ့ အခါကျတော့ မြို့နယ် ပလဖကနေခေါ်ယူပြီးတော့ ဒါမျိုး မလုပ်ဖို့ဆိုပြီး သတိပေးတာ တစ်ခါရှိတယ်။ နောက်ထပ် စဉ့်ဦး မြို့နယ်မှာရှိတဲ့ ရေလုပ်သားတွေ အင်းဒိုင်တွေ ဆီကနေပြီးတော့ တစ်အင်းကို ၁၅ သိန်းတို့ သိန်း ၂၀ တို့တောင်းတယ်။ ပြီးကျတော့ သူ့ဆီကို စဉ့်ဦးမြို့နယ်မှာရှိတဲ့ ဆရာ၊ ဆရာမတွေ နဲ့ အခြားဝန်ထမ်းတွေကို သူ့ဆီကို CDM လာဝင်ရတာ။ CDM လာဝင်တယ်ဆိုတာက ကျွန်တော်တို့ မြို့နယ် ပအဖ တို့ဆီမှာ လာဝင်ရတာ။ အဲဒီလို မဟုတ်ဘဲ သူက ဝက်လက်က ။ စဉ့်ဦးမြို့နယ်က အဲလိုဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ရှစ်သိန်းတို့ ၊ ငါးသိန်းတို့ သုံးသိန်းတို့ ပေး။ မပေးရင် သတ်ပစ်မှာ ဆိုတဲ့ ပုံစံမျိုး နဲ့ ဒါက လက်နက်အားကိုးနဲ့ လုပ်တာ။ ဒါတွေကိုလည်း မလုပ်ဖို့ ကျွန်တော်တို့ အကြိမ်ကြိမ်ပြောတယ်။ တစ်လနှစ်လ နေတော့ တစ်ခါ ဘာလုပ်လဲဆိုရင် ရေကြောင်းမှာသွားတဲ့ ဖောင်တွေ ထင်းမော်တော်တွေ အဲ့ဒါတွေကို ငွေကြေးတွေ တောင်းခံတယ်။ အဲ့ဒါတွေကို မော်တော် ပိုင်ရှင်တွေက မကျေနပ်လို့ ကျွန်တော်တို့က မော်တော်တစ်ခေါက်မှ အဲ့လောက်မကျန်ဘူး တစ်ခေါက်ကို ခုနစ်သိန်းပေးရရင် ကျွန်တော်တို့က လုံးဝ မကိုက်ဘူးဆိုပြီး မော်တော်ပိုင်ရှင်တွေက တိုင်တန်းထားတယ်။ အဲ့လို မလုပ်နဲ့ ဆိုပြီး နောက်တစ်နေ့ကို ကျွန်တော်ဖုန်းဆက်ပြီး ပြောတယ်။ မလုပ်ဖူးလို့ ပြောပြီး နောက်တစ်ခါကျတော့ နောက်ထပ် ခုနစ်စီး အထက်ကို ဆန်တက်လာတဲ့ သင်္ဘော ခုနစ်စီးကို တစ်စင်းကို သုံးသိန်းနှုန်းနဲ့ တစ်ခါကောက်တယ်။ အဲ့တာနဲ့ ကျွန်တော်ကဖုန်းဆက်ပြီး မင်းတို့ကို ဖမ်းမယ်။ မြို့နယ် ပလဖ ကို တိုင်တန်းပြီးတော့ ဖမ်းမယ်။ မြို့နယ်ရဲတပ်ဖွဲ့လည်း ရှိတယ်လို့ ကျွန်တော်တို့ ပြောပြီး နောက်တစ်နေ့မှာပဲ ကျွန်တော်တို့ သူ့ကို မြို့နယ်ပလဖ ရုံးကိုအပ်ဖို့ ဆိုပြီး ကျွန်တော်လည်း ပါတယ်၊ ပလဖ လည်းပါတယ် တပ်ရင်းတပ်ဖွဲ့ကို ကျွန်တော် အကူအညီတောင်းပြီး သွားဖမ်းတဲ့ အချိန်မှာ ကျွန်တော်တို့က ကားရပ်တာပဲရှိသေးတယ် သူတို့ဘက်ကစပြီး G3 လက်လုပ် နှစ်လက် သုံးလက်နဲ့ ပစ်လိုက်တာ စကပ်ကားကိုပစ်လိုက်တာ၊ အဲ့အချိန်မှာ စကပ်ကား ထိပ်ကြီး ပွင့်ထွက်သွားတာ။ အဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ခလေးတွေနဲ့ ပစ်ခတ်မှုဖြစ်သွားတာ။”

ဗိုလ်ကျားကြီးက အဲဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

“ဆက်ကြေးကောက်တယ်ဆိုပြီးတော့ကျုပ်ကိုစွပ်စွဲပြီးတော့ လာပစ်တာဗျ။ ကျုပ်ဆက်ကြေးလုံးဝ မကောက်ခဲ့ဘူး။ ပြည်သူတွေလှူတာ တန်းတာလေးနဲ့ရပ်တည်တာပဲရှိတယ်။ ဆက်ကြေးဆိုတာ လုံးဝမကောက်ခဲ့ဘူး။ မကောက်ဘဲနဲ့ကောက်တယ်ဆိုပြီး စွပ်စွဲတာဗျ။ ကျုပ်ကျင်းကိုလာမှာ ပြုမှာလည်းသတင်းမပေးဘူး။ သူတို့က လက်နက်လူအင်အားအမြောက်အများနဲ့ လာပြီးတော့ကျုပ်တို့အဖွဲ့ကို လာဝင်စီးပြီးတော့ ပစ်သွားတာ။ သူတို့ကကားပေါ်က ဆင်းဆင်းချင်းကို တန်းပစ်တာ။ ကျုပ်တို့မှာလက်နက်ဆိုတာအစစ်မရှိဘူး။ မောင်းပြန်ဆိုတာမရှိဘူး။ တစ်တောင့်ထိုးလေးတွေနဲ့ ကိုးလုံးကျည်လေးတွေနဲ့ တူမီးလေးတွေနဲ့ပဲရှိတာ အဲတာမျိုးလေးတွေ တစ်ချက်မှလည်း သူတို့ကို ပြန်ကိုမပစ်ဘူး။”

ဗိုလ်ကျားကြီးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သေဆုံးသူ ကိုရန်လင်းထွန်း ရဲ့ ဇနီး ဒေါ်သိင်္ဂီကျော်က သူ့ယောက်ျားအတွက် တရားမျှတမှုကို တောင်းဆိုပါတယ်။

“ကျမ ယောက်ျား ကျဆုံးသွားတယ်။ ကျမမှာလည်း ကိုယ်ဝန် ငါးလနဲ့ အခု နေခဲ့တာပါ။ အခုကျမတောင်းဆိုချင်တာကတော့ ကျမယောက်ျားကို သူတို့တွေက ဒီတိုင်းရက်ရက်စက်စက် ဒလန် သတ်နည်း သတ်သွားတာပေါ့။ ကျမ တောင်းဆိုချင်တာကတော့ ကျမ ယောက်ျားအတွက် တရားမျှတမှုလိုချင်ပါတယ်။ ကျမ ယောက်ျားအတွက်တရားမျှတမှုပဲ လုပ်ပေးပါ။”

ဗိုလ်ကျားကြီးအဖွဲ့ဝင် ကိုရှိန်းဇော် ကတော့ ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကို အခု ဝက်လက် ပကဖ က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ဆေးကုသဖို့ အခက်ကြုံနေရတယ်လို့ မိခင် ဒေါ်ကြည်တင်က ပြောပါတယ်။

“ကျမသားလေးကို ကယ်ပေးကြပါဦး ကျမတောင်းဆိုပါတယ်။ ကျမသားလူရုပ်နဲ့လည်း မတူတော့ပါဘူး။ စုတ်ပြတ်နေပါတယ်။ မကြည့်ရက်တော့ပါဘူး။ ဒီကနေ့ဆို ၂၇ ရက်ရှိပါပြီ။ ဘာမှ မစားရမသောက်ရဘဲ နေရတာ။ ထမင်းလည်း မဝါးနိုင်ပါဘူး။ ဆန်ပြုတ်ကလေးတောင် ကျဲကျဲလေး ကျိုပြီးတိုက်ရတယ်။”

အခုအချိန်ထိ ဖမ်းဆီးခံနေရတဲ့ ကိုချက်ကြီးမောင်ရဲ့ ဇနီး ဒေါ်ဆွေဆွေကလည်း သူမယောက်ျားကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

“ဖမ်းဆီးခေါ်ဆောင်သွားတာ အခုနဲ့ဆိုရင် ၁၇ ရက်ရှိပါပြီ။ ကျမရဲ့ ဦးလေးကနေပြီး ခေါင်းဆောင် ကိုနေမျိုးအောင်ဆီကို ဖုန်းဆက်ပြီး လှမ်းမေးပါတယ်။ နှစ်ရက် သုံးရက်နေရင် လွှတ်ပေးမယ် ဆိုပြီးတော့ သူပြောတဲ့ ရက်နဲ့ဆိုရင် အခုဆို ၁၅ ရက်ရှိပါပြီ။ အခုအချိန်ထိ လွှတ်မပေးသေးပါဘူး။ ကိုကျားကြီးအဖွဲ့ကလည်း သူတို့ စွပ်စွဲထားသလို ဆက်ကြေးကောက်ခံတဲ့အဖွဲ့လည်း မဟုတ်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ NUG အနေနဲ့ ကိုချက်ကြီးမောင်ကို အမြန်ဆုံး လွတ်မြောက်အောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်ရှင်။ သူ့အမေကလည်း သူ့သားစိတ်နဲ့ အခုထိ အိပ်ယာထဲ လဲနေတာ မထသေးပါဘူး။”

ဒီလို ဖမ်းဆီးထားတာဟာ စစ်ဆေးစရာရှိတဲ့အတွက်ဖြစ်တယ်လို့ ဦးနေမျိုးအောင် က ပြောပါတယ်။

“ကိုချက်ကြီးမောင်က ကိုကျားကြီးရဲ့ ပေ့ချ်ကိုင်တဲ့သူဖြစ်တယ်။ ရေလမ်းတွေက ကောက်တဲ့ဟာတွေရယ် အဲ့ဘက်က သူတွေပေါ်မှာ ငွေညစ်ကောက်တဲ့အပေါ်မှာ သိရှိတဲ့သူပေါ့။ အခုအချိန်မှာ သူ့ကို ယာယီ ထိန်းသိမ်းထားတာရှိတယ်။ ကျန်တဲ့သူတွေ အားလုံးကိုပြန်လွှတ်ထားတယ်။ သူ့ကိုစစ်ဆေးမေးမြန်းနေတဲ့ အခုအချိန်မှာ လွှတ်မပေးသေးတာ။ ကျွန်တော်တို့ ဖမ်းဆီး နှိပ်စက်ထားတာ လုံးဝမရှိဘူး။”

ကိုချက်ကြီးမောင်ကို မကြာခင်ပြန်လွှတ်ပေးဖို့အစီအစဉ်ရှိပါသလားလို့ RFA ကမေးမြန်းရာမှာတော့ ဖြစ်နိုင်ပါတယ်လို့ ဦးနေမျိုးအောင်က ပြောပါတယ်။

ဘယ်ဥပဒေပုဒ်မနဲ့ အခုလို ဖမ်းဆီးထားတယ်ဆိုတာကိုတော့ သူကပြောဆိုခြင်း မရှိပါဘူး။ ဗိုလ်ကျားကြီး ရဲ့ကိုယ်စားလှယ် Ko KJ ဆိုသူက ဒီအမှုအတွက် အမှန်တရားပေါ်ပေါက်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

“ဒီဝက်လက်ဖြစ်စဉ်က စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ သက်ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြဿနာတွေကို ကူးစက်မသွားအောင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကလည်း ဒီ NUG အစိုးရဆုံးဖြတ်ချက်ကို ဝိုင်းဝန်းပြီး အမှန်တရား ပေါ်ထွက်လာအောင် စောင့်ကြည့်ပေးကြဖို့ ကျွန်တော့်အနေနဲ့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီအမှုကို သူတို့အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုဖွဲ့ပြီး အရေးယူမှာ ဖြစ်တယ်လို့ ဖြေကြားပါတယ်။ စစ်ဆေးမှုတွေကို ဘယ်တော့ စတင်မှာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org