ရှမ်းမြောက်က မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ရာမြို့လမ်းတွေကို စစ်ကောင်စီ ဖျက်ဆီးဖြတ်တောက်

TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့မြို့တွေ သွားတဲ့လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးဖြတ်တောက်လိုက်ပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် MNDAA၊ TNLA၊ AA ကိုယ်စားလှယ်အဖွဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့စဉ်။ Myanmar Military Photo

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့မြို့တွေ သွားတဲ့လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့က TNLA ထိန်းချုပ်ရာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ သီပေါ-နမ္မတူ လမ်းပိုင်းနဲ့ ဇွန်လ ၁၃ ရက်နေ့က ကိုကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်မြို့တွေကိုသွားတဲ့ လားရှိုး- သိန္နီ လမ်းပိုင်းအချို့ကို မြေတူးစက်တွေနဲ့ ဖျက်ဆီးဖြတ်တောက်လိုက်တာပါ။ ဒါကြောင့် လက်ရှိမှာ အဲဒီဒေသတွေကို ကုန်စည်ရောလူတွေပါ သွားလာလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သိသာထင်ရှားတာကတော့ စကစ ဘက်ကလည်း စစ်အင်အားတွေ လက်နက်အင်အားတွေ ပြန်ပြီးစုထားတယ်"

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးမြို့အဝင် အထွက်တွေကိုလည်း ဇွန်လ ၁၃ ရက် မနေ့ကစပြီး စစ်ဆေးမှုတွေ တင်ကျပ်ထားတယ်လို့ ဒေသခံက ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ (၆) စစ်ဒေသ လားရှိးမြို့အဝင် ကားလမ်းမကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီမှ မြေတူးစက်ဖြင့် မြောင်းဖောက်ဖျက်ဆီးခဲ့သည်အား တွေ့ရစဉ်။ (PSLF/TNLA News Telegram Photo)

လားရှိုးမြို့ ပတ်ပတ်လည်မှာလည်း မြောက်ပိုင်း ညီနောင်သုံးဖွဲ့ဘက်က စစ်အင်အားတွေ ထပ်ဖြည့်နေတာ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“သိသာထင်ရှားတာကတော့ စကစ ဘက်ကလည်း စစ်အင်အားတွေ လက်နက်အင်အားတွေ ပြန်ပြီးစုထားတယ်။ EAOs ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ တပ်အင်အားတွေနဲ့ လက်နက်အင်အားတွေ ပြန်ပြီးဖြန့်ထားတယ် ဆိုတာမျိုးတွေရှိတာပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြည့်မယ်ဆိုရင်လည်း သူတို့ လားရှိုးနားအထိ ချဉ်းကပ်ပြီးတော့ လှုပ်ရှားနေတယ်ဆိုတဲ့ ပုံစံမျိုး တော်တော်လေး တွေ့ရတာပေါ့နော်။ လမ်းတွေဖြတ်ထားတယ်ဆိုတာလည်း လားရှိုးမြို့ထဲကိုဝင်မယ့် ဆက်သွယ်ရေးလမ်းတွေကို ဖြတ်တောက်တဲ့ သဘောလို့ အဲလိုမျိုး သွားတွေ့ရတယ်။ ဘယ်အချိန်ဆိုတာ မသိရပေမယ့်လို့ အရမ်းနီးကပ်နေပြီဆိုတဲ့ အနေအထားမျိုးတွေမှာတော့ ရှိနေတယ်”

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမိတ်မြို့နယ် အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကြား တိုက်ပွဲတွေပြန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ အမည်မဖော်လိုတဲ့ မိုးမိတ်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ထဲကလူတွေက ထွက်နေကြတယ်။ ထွက်နေကြတာက နောက်တိုက်ပွဲပြန်ဖြစ်မှာက KIA၊ PDF တွေနဲ့ မဟုတ်ဘဲနဲ့ မဟာမိတ်သုံးဖွဲ့ထဲက TNLA နဲ့ ပြန်ဖြစ်မယ်။ အဲဘက်က အင်အားတွေ တော်တော်များများ ဆင်းလာတယ်ဆိုပြီးမှ ကျွန်တော်တို့ ပြည်သူတွေက သတင်းတွေကြားလို့ ပြန်ထွက်နေကြတာ။ မြို့ထဲမှာကို မရှိသလောက်ဖြစ်နေပြီ”

ဇွန်လ ၉ ရက်နေ့ က မိုးမိတ်မြို့နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ပန်တင်နဲ့ မန်ပြိန်းရွာကြားက TNLA တပ်စခန်းကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း TNLA ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။

TNLA တပ်ဖွဲ့ကတော့ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲမြို့နယ်အတွင်းမှာ သူတို့တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တာတွေရှိနေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်နေတာဖြစ်ပြီး နောက်ထပ်ရှေ့တိုးလာရင် တုံ့ပြန်သွားမယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက ရှမ်းမြောက်မှာ ဒရုန်းတွေပို့တာ လူအင်အားတွေ ထပ်ဖြည့်တာ လမ်းတွေဖြတ်တောက်တာက သူက စစ်ရေးပိုမို ပြင်ဆင်နေတယ်လို့တော့ ကျွန်မ ပြောလို့ရပါတယ်။ ဒီလုပ်ရပ်တွေက စစ်ကောင်စီက ကျွန်မတို့ သဘောတူထားတဲ့ ဟိုင်ဂင် သဘောတူ စာချုပ်ကို ချိုးဖောက်နေပြီးတော့မှာ ကျွန်မတို့ကို တစ်ဖက်သတ် စိန်ခေါ်သလိုဖြစ်ပါတယ်။ နောက်ပြီး လူထုကို ကြောက်လန့်အောင် တမင်တကာ ဖန်တီးနေတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ စစ်ကောင်စီက ကျွန်မတို့ သည်းခံတာထက် မျှော်မှန်းတာထက် ပိုလာရင်တော့ တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်”

TNLA ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်း နိုင်ငံရေး လေ့လာသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဟိုင်ဂင်သဘောတူညီချက်ဟာ ဘယ်သူမှ အသိအမှတ် မပြုထားသလို ယာယီအနေနဲ့ သတ်မှတ်ထားတာကြောင့် နှစ်ဖက်တိုက်ပွဲတွေက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ဟိုင်ဂင်ဆိုတာက ဘယ်သူမှ အတည်မပြုထားဘဲနဲ့ တပ်မတော်အနေနဲ့ပဲ လုပ်လိုက်တယ်ဆိုတဲ့ သဘောရှိတယ်။ စစ်တပ်အနေနဲ့ကလည်း လတ်တလော အခြေအနေအရ အငိုက်မိသွားလို့ လုပ်လိုက်ရတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ တိုက်ပွဲတွေ ဖြစ်လာနိုင်သလားဆိုတော့ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်။ လာမယ့်ပွဲကတော့ အရင်ပွဲနဲ့တူမှာ မဟုတ်တော့ဘူးပေါ့နော်။ ပထမ တစ်ခါတုန်းကတော့ ဒီဘက်က မဟာဗျူဟာ ရည်မှန်းချက် အမှားတွေ ကျူးလွန်တယ်။ ဒီပွဲမှာတော့ နည်းပညာ အငိုက်လည်း မရနိုင်တော့ဘူး။ ဒရုန်းနည်းပညာက ဒီဘက်မှာလည်းရှိလာပြီနော်”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သုံးလနီးပါးအကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြတာပါ။

စစ်ကောင်စီတပ်စခန်းတစ်ခုအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) မှ တိုက်ခိုက်သိမ်းယူအပြီး ထုတ်ပြန်ထားစဉ်။ (The KoKang Photo)

အခုတစ်ကြိမ်မှာတော့ တရုတ်နိုင်ငံဘက်က ကြားဝင်ညှိနှိုင်းလာခဲ့ရင်လည်း တော်လှန်ရေးအဖွဲ့တွေဘက်က လက်ခံမယ့် အခြေအနေ မမြင်တော့ဘူးလို့ တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“တရုတ်ကတားလည်း TNLA က လုပ်စရာရှိတာ လုပ်လိမ့်မယ်။ အခုကျတော့ စစ်တပ်ဘက်က ဒီဟာတွေဖြတ်လာတော့ တအာင်းဘက်က တရုတ်ကို ပြောအားရှိသွားတာပေါ့ဗျာ။ တရုတ်က ရပ်ခိုင်းလို့သာ ရပ်လိုက်ကြရတယ်။ ကိုးကန့်တို့၊ ဘာတို့က လုပ်စရာရှိတာ လုပ်တာပဲလေ။ တရုတ်ပြောလည်း ပြောပြောပဲ ဖြစ်မှာပေါ့ဗျာ”

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ ကျောက်မဲ မြို့နယ်အတွင်းက မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ရန်လုံကြိုင်း၊ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့တွေကို UWSA ဝ တပ်ဖွဲ့က သိမ်းပိုက်ထားတာပါ။

အဲဒီမြို့တွေ အားလုံးကို စစ်ကောင်စီဘက်က ကုန်စည်နဲ့ လူသွားလာခွင့်တွေကိုပါ ပိတ်ပင်ထားတာကြောင့် အခြေခံစားသောက်ကုန်တွေ ပြတ်တောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org