ရွာငံမြို့နယ် ပဲရင်းတောင်ရွာက အသတ်ခံရသူ ကိုးဦး PDF နဲ့ ဆက်စပ်မှုမရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပဲရင်းတောင်ရွာမှာ အခုလ ၁၆ ရက်နေ့က ရွာသား ကိုးဦး PDF လို့ စွပ်စွဲခံရပြီး စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြိုနယ် ပဲရင်းတောင်ရွာသားများဖြစ်ကြတဲ့ ဦးလှရွှင်၊ ဦးဗထူးနဲ့ ကိုဖိုးပြောင်တို့ကို မြှုပ်နှံထားသည့်နေရာကို တွေ့ရစဉ် Photo: THA DIN

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပဲရင်းတောင်ရွာမှာ အခုလ ၁၆ ရက်နေ့က ရွာသား ကိုးဦး PDF လို့ စွပ်စွဲခံရပြီး စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

ရွာသားတွေ အဖမ်းခံရတယ်လို့ ကြားပေမယ့် ဘာဖြစ်မှန်းမသိဘဲ အွန်လိုင်းပေါ်မှာ သေဆုံးနေတဲ့ ဓာတ်ပုံတွေ တက်လာမှ အသတ်ခံရတာကို သိရတာလို့ သေဆုံးသူတွေနဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ပဲရင်းတောင်ရွာသား ဦးပန်းချိုက ပြောပါတယ်။

"တစ်ရွာလုံး ရွာမပြန်ရဲဘဲ နေ နေတဲ့အချိန်မှာ ကျွဲတွေ၊ နွားတွေ မွေးထားတော့ နွားစာပြန်ကျွေးရင်းနဲ့ အဖမ်းခံရတာပေါ့။ အဖမ်းခံရပြီးတော့ တစ်ရက်၊ နှစ်ရက်လောက် သူတို့ တုပ်ထား၊ ချည်ထားလား မသိပါဘူး။ နောက်ရက်ကျတော့ အလောင်းပဲ တွေ့ရတယ်လေ။ ရွာသားက ကိုးယောက်ဗျ။ အမျိုးသားတွေချည်းပဲ။ အေးအေး ဆေးဆေးနေတဲ့ သူတွေပါ။ PDF ဆိုပြီး သေနတ်ကလည်း ဘယ်ကနေယူပြီး ဓာတ်ပုံ ရိုက်ထားလဲ မသိဘူး။ ရွာမှာလည်း သေနတ်ဆိုတာ မြင်တောင်မမြင်ဖူးဘူးဗျ။ အဲဒါ သူတို့ လုပ်ကြံထားတဲ့ဟာတွေပါ"

အဲဒီရွာသား ကိုးဦးကို ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့မှာ စစ်တပ်က ဖမ်းဆီး၊ ကျေးရွာဘုန်းကြီးကျောင်းမှာ ချုပ်နှောင်ထားပြီး နှစ်ရက်အကြာမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ရတာပါ။

သေဆုံးသူတွေဟာ အသက် (၅၀) ကျော်အရွယ် ဦးဖိုးပြောင်၊ ဦးလှရွှင်၊ ဦးဗထူး၊ အသက် (၂၅) နှစ်အရွယ် မောင်လှစိုး၊ မောင်သိန်းအောင်၊ မောင်မျိုးထွေးနဲ့ အသက် ၄၀ ကျော်အရွယ် ကိုတင်ဖေ၊ ကိုထွန်းဦးနဲ့ ကိုလှစိုးတို့ ဖြစ်ပါတယ်။

အသက် (၅၀) ကျော် အမျိုးသား သုံးဦးရဲ့ ရုပ်အလောင်းတွေကို အိမ်ခြံဝန်းတစ်ခုထဲမှာ မြှုပ်ထားခဲ့ပြီး ကျန် ခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ပဲရင်းတောင်ရွာအနီးက တောထဲမှာ မီရှို့ထားခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

ဖုန်းတောင် မသုံးတတ်တဲ့ ရိုးသားပြီး အပြစ်မရှိတဲ့ ရွာသားတွေ အစုအပြုံလိုက် အသတ် ခံရတဲ့အတွက် နာကြည်းမိတယ်လို့ အသတ်ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ မနေခြည်က ပြောပါတယ်။

“ဘာမှ အပြစ်မရှိတဲ့ ရွာသားကိုပေါ့နော်၊ ရွာထဲမှာ နွားစာတွေ ပြန်ကျွေးတဲ့အချိန် ဖမ်းသွားပြီး အဲ့လိုမျိုး စွပ်စွဲတာ ခံလိုက်ရတယ်။ တချို့ဆို ဖုန်းတောင်မှ မသုံးတတ်ဘူး။ ရွာသားတွေချည်းပဲ။ တချို့ဆို အမေအိုတွေကို လုပ်ကျွေးနေတဲ့သူတွေချည်းပဲ။ စိတ်နာတယ်။ တအား နာကြည်းသွားတယ်”

ပဲရင်းတောင်ကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး လူဦးရေ ၄၀၀ နီးပါး နေထိုင်ပါတယ်။

PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ရွာသားတွေကို မကြာခဏ တိုင်ကြားလေ့ရှိတဲ့ ပျူစောထီး အဖွဲ့ဝင် ကိုဖိုးချစ် ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က အသတ်ခံရပြီးတဲ့နောက်မှာ စစ်တပ်က ပျူစောထီး အကူအညီနဲ့ ရွာထဲဝင်လာပြီး ရွာသားတွေကို မကြာခဏ ဖမ်းဆီးနေတဲ့အတွက် ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကတည်းက ရွာသားအားလုံးနီးပါး ဘေးလွတ်ရာမှာ ထွက်ပြေး ပုန်းရှောင်နေကြတာပါ။

သင်္ကြန်အတက်နေ့မှာတော့ အခုအသတ်ခံရတဲ့ ရွာသား ကိုးယောက်က အိမ်မွေးတိရစ္ဆာန် တွေကို ပြန်ကြည့်ဖို့ ရွာထဲပြန်လာချိန် စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ် တာကို ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအုပ်စုပေါင်း ၆၀ ကျော်ရှိတဲ့ ရွာငံမြို့နယ်မှာ ရွာငံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွာငံ မြို့ပြပြောက်ကျားတပ်ဖွဲ့၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရှမ်းအမျိုးသား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဆိုပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတဲ့ အဖွဲ့မျိုးစုံ ရှိပါတယ်။

"ရွာသား ကိုးယောက်ဆိုတာ နိုင်ငံရေးအကြောင်းတောင် ဘာမှမသိနားမလည်တာကို တူမီးတို့၊ လက်လုပ်ဗုံးတို့ ဘေးမှာချထားတယ်ဆိုတာကလည်း သူတို့ လုပ်ကြံထားတာ ဖြစ်တယ်ဗျ"

ဒါပေမဲ့ အသတ်ခံရတဲ့ ကိုးယောက်ဟာ အဲဒီအဖွဲ့တွေနဲ့ လုံးဝမပတ်သက်ဘူးလို့ ရွာငံ PDF ပူးပေါင်းအဖွဲ့ဝင် ကိုကြက်ဖက ပြောပါတယ်။

"ပဲရင်းတောင်မှာဆို ကျနော်တို့ စခန်းကို ဝင်စီးပြီးတော့ နောက်တစ်ရက်မှာ ရွာသား ကိုးယောက်ကို သတ်သွားတယ်ဗျ။ အဲဒီ ရွာသား ကိုးယောက်ဆိုတာ နိုင်ငံရေး အကြောင်းတောင် ဘာမှမသိ နားမလည်တာကို တူမီးတို့၊ လက်လုပ်ဗုံးတို့ ဘေးမှာ ချထားတယ်ဆိုတာကလည်း သူတို့ လုပ်ကြံထားတာ ဖြစ်တယ်ဗျ။ ကျနော်တို့ အဖွဲ့အစည်းနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ရွာသား ကိုးယောက်ကို ဘလိုင်းကြီး ဒီအတိုင်းကြီး ဝင်သတ်သွားတာဗျ"

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ရွာသား ကိုးယောက် အသတ်ခံရတဲ့ဖြစ်စဥ်ကို သူမသိဘူးလို့ ဆိုပါတယ်။

ဧပြီ ၂၂ ရက်နေ့ကတော့ ရွာငံမြို့နယ်ထဲမှာ PDF နဲ့ KNPP တပ်တွေ ပူးပေါင်းလှုပ်ရှား နေတယ်လို့ သတင်းရတာကြောင့် စစ်တပ်က ရှင်းလင်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"ရွာငံရဲ့ မြောက်ဘက် မီတာ ငါးထောင်လောက်မှာ KNPP နဲ့ PDF အကြမ်းဖက်အဖွဲ့တွေ ရှိတယ်ဆိုတဲ့ သတင်းအရ သွားရောက်ရှင်းလင်းတဲ့အခါမှာ အကြမ်းဖက် ၁၅ ဦးနဲ့ ထိတွေ့မှု ရှိခဲ့တယ်။ အကြမ်းဖက်တွေဘက်က အလောင်း တစ်လောင်းရယ်၊ လက်နက်ကြီး တစ်လက်ရယ်၊ လက်လုပ် စိန်ပြောင်း သုံးလက်ရယ်၊ ဗုံးသီး ခုနစ်လုံးရယ်၊ တဲ ၁၂ လုံးရယ် သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်တော့ ရှိတယ်"

စစ်ကောင်စီတပ်ဟာ သတင်းရတာနဲ့ ရွာတွေထဲဝင်လာပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ သိမ်းယူတာတွေ လုပ်နေတဲ့အတွက် ရွာငံမြို့နယ် နွားဘန်းကြီးရွာက ဒေသခံ ၃၀၀ လောက်လည်း ဘေးလွတ်ရာမှာ ပုန်းရှောင်နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုဆိုရင် အရွယ်ကောင်း အမျိုးသားမှန်သမျှ ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးနေရတယ်လို့ နွားဘန်းကြီးရွာသား ဦးလင်းအောင် က ပြောပါတယ်။

"ယောက်ျားလေးတွေဆို ဘာပဲပြောပြော ပြန်ပြီဆို ဖမ်းသွားတာ။ ဖမ်းပြီးတော့ ဟိုမှာ ပုဒ်မက တပ်ထားပြီဆိုတော့ ဘာမှ လုပ်လို့ မရတော့ဘူး။ ရှိရင် ရှိသလို ပုဒ်မတပ်တာ ဆိုတော့ ဖမ်းမှာကြောက်တာလေ၊ ကြောက်ပြီး ရှောင်ကြတာများတယ်"

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် ရွာငံမြို့နယ် လွှစင်ကျေးရွာရှိ နေအိမ်တစ်လုံးကို တွေ့ရစဉ် (Photo: Voice of Pindaya)

စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ရှမ်းပြည်နယ် ရွာငံမြို့နယ်မှာ NLD လွှတ်တော်အမတ် အပါဝင် အဖမ်းခံရသူ ၂၀၀ နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ရှမ်းလူ့အခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆန်လွယ်ကတော့ ရွာသားတွေကို အပြစ်ရှိ၊ မရှိ ဥပဒေနဲ့ အညီ မစစ်ဆေးဘဲ ရက်ပိုင်းအတွင်း အစုအပြုံလိုက် သတ်ဖြတ်တာဟာ မဖြစ်သင့်တဲ့ကိစ္စလို့ ဝေဖန်ပါတယ်။

"စစ်ကောင်စီက အခုလို သူတို့တွေ့တဲ့သူတွေကို PDF လို့ထင်ပြီး ဖမ်းတာတွေ၊ နှိပ်စက်တာတွေ မလုပ်သင့်ဘူးပေါ့နော်။ အရင်ဆုံးတော့ မေးမြန်းရမှာပေါ့နော်။ ဒါက သူ့ ဥပေဒနဲ့သူ ရှိတယ်။ လူဆိုတာ သူ့အခွင့်ရေးနဲ့ သူ ရှိတာပေါ့။ ရွာသားတွေက PDF ဟုတ် မဟုတ် မသေချာဘဲနဲ့ ဒီလိုဖမ်းတာတွေ၊ နှိပ်စက်တာတွေ၊ အရေးယူတာတွေတော့ မလုပ်သင့်ဘူး။ ကျနော်တို့တော့ ဒီလိုပဲမြင်တယ်"

ရှမ်းပြည်နယ် ရွာငံမြို့နယ်ထဲက ပဲရင်းတောင်နဲ့ နွားဘန်းကြီးရွာမှာ အခုချိန်ထိ စစ်တပ်က တပ်စွဲထားတာကြောင့် နှစ်ရွာပေါင်းက ဒေသခံ ၇၀၀ ကျော် အိမ်မပြန်ရဲဘဲ ယာယီ ပုန်းရှောင်တဲ့နေရာမှာ စားစရာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့လည်း RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံရွာသားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org