မော်ဒယ်လ် နန်းမွေစံကို ထောင်ချတာ တရားမျှတမှုမရှိသလို လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်

မော်ဒယ်လ် နန်းမွေစံကို လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဖြန့်ချိတာ မြန်မာ့ယဉ်ကျေးမှု ထိခိုက်စေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စစ်တရားရုံးက ထောင်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။

စစ်ကောင်စီက အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မဖြင့် ထောင်ခြောက်နှစ် ချမှတ်ခံရသည့် မော်ဒယ်လ် နန်းမွေစံအား တွေ့ ရစဉ်။ Photo: Nan Mwe San - Facebook

မော်ဒယ်လ် ဒေါက်တာနန်းမွေစံကို လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဖြန့်ချိတာ မြန်မာ့ ယဉ်ကျေးမှု ထိခိုက်စေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က )နဲ့ စက်တင်ဘာလ ၂၇ ရက် မနေ့မှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စစ်တရားရုံးက ထောင်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။

ဒါဟာ မျှတတဲ့ အရေးယူမှု မဟုတ်ဘူးလို့ ရှေ့နေတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေနဲ့ အနုပညာရှင်တွေ အရေးယူခံရတာဟာ အခုတစ်ကြိမ် က ပထမဆုံးဖြစ်ပါတယ်။

"ဒီလို အရေးယူလိုက်ခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှု တိုးတက်သွားမှာ မဟုတ်ဘူး"

ဒါဟာ မျှတမှုမရှိဘဲ ဒီလိုအရေးယူလို့ မြန်မာ့ယဉ်ကျေးမှု တိုးတက်မသွားဘူးလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့ ဥပဒေသမားရဲ့အမြင်အရ ဒါဟာ မျှတမှုမရှိဘူး။ ဒီဥပဒေနဲ့ အရေးယူခြင်း သည် အကြောင်းပြချက် တစ်ခုသာဖြစ်ပြီး ဒီအရေးယူမှုရဲ့ နောက်ကွယ်မှာ အခြား ဖော်ပြမထားတဲ့ အကြောင်းရင်းတွေ ရှိလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ နောက် တစ်ခုကကျတော့ ဒီနှစ်ယောက်ကို ဒီလို အရေးယူလိုက်ခြင်းကြောင့် မြန်မာ့ ယဉ်ကျေးမှု တိုးတက်သွားမှာ မဟုတ်ဘူး။ တကယ်ရော တားမြစ်ပိတ်ပင်နိုင်မှာလား။ ကျနော့်အမြင် တော့ မဖြစ်နိုင်ဘူးလို့ ဒီလိုပဲ သုံးသပ်ပါတယ်”

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) အရ မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်စေတယ် ဆိုတဲ့နေရာမှာ ဘယ်လိုအကြောင်းအရာ၊ လုပ်ငန်းမျိုး တွေက ထိခိုက်စေသလဲဆိုတဲ့ တိကျတဲ့ရှင်းလင်းမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အခုလို ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ တိတိကျကျသိရဖို့ မော်ဒယ်လ်နန်းမွေစံရဲ့ မိသားစုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်း မထုတ်ပြန်သေးပါဘူး။

မော်ဒယ်လ် နန်းမွေစံနဲ့ နီးစပ်သူတစ်ဦးကတော့ ဒဂုံမြို့သစ်မြောက်ပိုင်း စစ်တရားရုံးမှာ တစ်လနီးပါးကြာ အမှု ရင်ဆိုင်ခဲ့ရပြီး စစ်ခုံရုံးကနေ အခုလို အမိန့်ချလိုက်တာလို့ RFA ကို အတည်ပြုပါတယ်။

“ခြောက်နှစ်တဲ့။ စစ်ခုံရုံးပေါ့။ ဒဂုံမြောက်ပိုင်းက စစ်အုပ်ချုပ်ရေးဒေသ ဖြစ်တဲ့အတွက် ပိုမြန်တာလို့ပြောတယ်။ သင်ဇာဝင့်ကျော်က မရမ်းကုန်းဆိုတော့ အရပ်ဘက်တရားရုံး ကပဲ ချမှာ”

မော်ဒယ်လ် နန်းမွေစံကို နိုင်ငံခြား Website တစ်ခုမှာ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အခကြေးငွေယူပြီး ဖြန့်ဝေခဲ့တာကြောင့် စစ်ကောင်စီက အခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အတူ ဖမ်းဆီးခဲ့တာပါ။

စစ်တရားရုံးက အခုအမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိသလို ဥပဒေအရ အသိပေး ရှင်းလင်းတာနဲ့ ပညာပေးမှုတွေ အရင်လုပ်သင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေ သူတစ်ဦးဖြစ်တဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းက RFA ကို ပြောပါတယ်။

“မသင်ဇာဝင့်ကျော်တို့၊ မနန်းမွေစံတို့ ဒီလိုလုပ်တာနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေကို ဒီကလေးမလေးတွေက နားလည်သလားပေါ့။ အဲဒါက တော်တော်ကြီးကို စာနာ ထောက်ထားရမယ့်ဟာ ဖြစ်နေတယ်။ နားမလည်ရင် နားလည်အောင်လို့ ပညာပေးရ မယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ခေါ်ပြီးတော့ပေါ့။ လက်ရှိ စစ်ကောင်စီမှာလည်း ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ လူကြီးတွေ၊ ဝန်ကြီးတွေရှိနေတာပဲ။ ဒီဥပဒေကတော့ ရှိပြီးသား ထုတ်ပြီးသားရှိတယ်၊ သမီးတို့ သိသလား၊ ဒီဥပဒေအရတော့ ဘယ်နှနှစ်အထိ ထောင်ချလို့ရတယ် ဆိုတာတွေကို ကျနော်ထင်တယ် သူတို့မပြော ဘူးဗျ”

ပြစ်ဒဏ်ကျခံခဲ့ရသူအတွက် ဥပဒေအရ ခုခံပိုင်ခွင့်နဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှုလည်း မရှိဘူးလို့ ဦးဇော်ရမ်းက ပြောပါတယ်။

မော်ဒယ်လ် ဒေါက်တာနန်းမွေစံဟာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြရာမှာ ပါဝင်ခဲ့သလို ဆန္ဒပြလူပေါင်းများစွာကို စစ်ကောင်စီဘက်က သတ်ဖြတ်နေ တာနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေကြောင်း ၂၀၂၁ ခုနှစ် မတ်လအတွင်း သူ့ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် အသိပေး ပြောကြားခဲ့ဖူးပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီက သူ့ကို ရာဇသတ်ကြီး ဥပဒေ - ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးဖို့ ကြေညာခဲ့လို့ ခေတ္တ ရှောင်နေရာက နောက်ပိုင်း ခံဝန်လက်မှတ်ထိုးပြီး ဒဂုံမြို့သစ် မြောက်ပိုင်းက သူ့နေအိမ်မှာပဲ ဆက်လက် နေထိုင်ခဲ့တာလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီက အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မဖြင့် ထောင်ခြောက်နှစ် ချမှတ်ခံရသည့် မော်ဒယ်လ် နန်းမွေစံအား တွေ့ ရစဉ်။ (Photo: Nan Mwe San - Facebook)

ခန္ဓာကိုယ်အလှပြပြီး စီးပွားရှာနေသူတွေ နိုင်ငံတိုင်းမှာရှိတာကြောင့် အခုလိုဖမ်းဆီး ထောင်ချတာဟာ အမျိုးသမီး အခွင့်အရေးကို ချိုးဖောက်တာလို့ လိင်စိတ်ခံယူမှု ကွဲပြား သူတစ်ဦးလည်းဖြစ် စာရေးဆရာမလည်းဖြစ်တဲ့ မစောဟန်နွေဦးက RFA ကို ပြောပါတယ်။

“အွန်လိုင်းကနေ အခကြေးငွေယူပြီးတော့မှ ခန္ဓာကိုယ်ကို ပြစားပါတယ်ဆိုပြီးတော့ ဒီလို မျိုးကြီး တရားစွဲ လုပ်လိုက်တာကတော့ တရားမမျှတဘူးလို့ ထင်တယ်။ ဗုဒ္ဓဘာသာ သာသနာ ယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံမို့လို့ ဒါမျိုး လုပ်ချင်သပဆိုရင်လည်း ကျမတို့ လုပ်နေတဲ့သူတွေက ဒုနဲ့ဒေးလေနော်။ ဆိုတော့ ဒီဟာကြီး နိုင်ငံ ယဉ်ကျေးမှုနဲ့ မကိုက်ညီ ပါဘူး၊ နောက် ဆက်သွယ်ရေးပုဒ်မနဲ့ ဒီလိုဒီလို လုပ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ကြီး တွေ စွဲဆိုချက်ကြီးတွေကတော့ ယုတ်မာမှု သက်သက်ပဲလို့ ထင်တယ်”

လက်ရှိ မြန်မာနိုင်ငံမှာ ခန္ဓာကိုယ်အလှပြ စီးပွားရှာနေတဲ့ မော်ဒယ်လ်တွေ အများကြီး ရှိပေမယ့် စစ်ကောင်စီထောက်ခံတဲ့ သူတွေကိုတော့ ဖမ်းဆီးအရေးယူတာ မတွေ့ရဘူးလို့ မစောဟန်နွေဦးက ပြောပါတယ်။

သူနဲ့အတူ အဖမ်းခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အဏာသိမ်းတာကို လက်မခံတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ အခြားသော ထင်ရှားကျော်ကြား သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက်မှာ ရာနဲ့ချီတဲ့ ထင်ရှား ကျော်ကြားသူတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး တရားစွဲဆိုမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

အဲဒီအထဲကမှ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ အဆိုတော် ပိုပိုနဲ့ အလှအပ ရေးရာ ကျွမ်းကျင်သူ မဝင်းမင်းသန်းတို့အပါအဝင် ထင်ရှားသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org