မြဝတီနယ်စပ်ကုန်သွယ်ရေး နှောင့်နှေးတဲ့အတွက် ကုန်ဈေးနှုန်း နှစ်ဆတက်

ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းဖို့ အိမ်စီးကားနဲ့ ကုန်ကားတွေ သိန်းနဲ့ချီ အခွန်ပေးဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂ဝ၂၄ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ RFA

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့နယ်က ကော့နွဲတံတား ဖျက်ဆီးခံလိုက်ရလို့ ကုန်တင်ကား၊ ခရီးသည်တင်ကားတွေနဲ့ အိမ်စီးကားတွေဟာ မြဝတီကနေ ကော့ကရိတ်လမ်းပိုင်းအတွက် ထို့ကော်ကိုးလမ်းကို အသုံးပြုနေကြရပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းဟာ KNU ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ PC ရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပြီး KNU၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် DKBA၊ နယ်ခြားစောင့်တပ် BGF စတဲ့လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံတို့ရဲ့ စစ်ဆေးရေးဂိတ်နဲ့ လမ်းအသုံးပြုခ ကောက်ခံတဲ့ ဂိတ်တွေမှာ ဖြတ်သန်းခပေးဆောင်နေကြရတယ်လို့ ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁ ရက်ကစလို့ အဲဒီလမ်းကို ကုန်တင်ကားအသုံးပြုခွင့်ပါ ကန့်သတ်ခံလိုက်ရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေနှောင့်နှေးပြီး ကုန်ဈေးနှုန်းတွေလည်း နှစ်ဆကျော်အထိ မြင့်တက်နေပါတယ်။

ကုန်တင်ကားတွေ ဖြတ်သန်းခွင့် ကန့်သတ်လိုက်တဲ့အတွက် ကုန်သည်တွေဟာ အိမ်စီးကားတွေ၊ ခရီးသည်တင် မှန်လုံကားတွေနဲ့ ကုန်စည်တွေကို တစ်ဆင့် တင်ဆောင်နေရလို့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်ပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတာလို့ ဆိုပါတယ်။

ကုန်ဈေးနှုန်းတွေ နှစ်ဆက်တက်သွားတာဟာ နောက်ဆုံး စားသုံးသူတွေကပဲ ပိုကုန်ကျမယ်လို့ အမည်မဖော်လိုတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"အရင်တုန်းက အထုတ်တစ်ထုတ်က သုံးသောင်းဆိုရင် အခုက ခုနစ်သောင်းဖြစ်သွားပြီ။ မြဝတီ-ရန်ကုန် ကားခ ဈေးတွေက နှစ်ဆတက်သွားတယ်။ အရင်တုန်းက လေးရက်နဲ့ ရောက်တာ ခြောက်ရက်နဲ့ ပြောင်းရောက်တာပဲ ရှိတယ်။ လချီကြာသွားတဲ့အထိ ထိခိုက်နစ်နာတာမျိုး မရှိဘူး။ကားကြီးတွေကတော့ တော်တော် ကြာသွားကြတယ်။ ရပ်လိုက်ရတယ်ပေါ့နော်။ ရှိတဲ့ပစ္စည်းတွေ ပြန်တင်တဲ့အခါကျတော့ အသုတ်တွေခွဲ တင်ရတာနဲ့ ဘာနဲ့ဆိုတော့ တကယ်တမ်း သူတို့ရဲ့ကာစတန်မာတွေအနေနဲ့ဆို ရောက်တဲ့အချိန်က လချီ ကြာသွားတာမျိုးတွေဖြစ်သွားတယ်။ အခက်အခဲအနေနဲ့ ပြောမယ်ဆိုရင် အဲဒါပေါ့နော်။ စီးပွားရေးသမားကတော့ သူ့လမ်းကိုသူရအောင် ဖောက်သွားတာ၊ ဖောက်လဲ ဖောက်ပြီးသွားပြီပေါ့နော်။ အခုလက်ရှိဆိုရင် ပြီးတောင်ပြီးနေပြီ။ ဒီတိုက်ပွဲကို သူတို့ရင်မခုန်တော့ဘူး။ စရိတ်ကတော့ လိုတာထက် နည်းနည်း ပိုများသွားတယ်။ အဲဒီအတွက် ဒီဝန်တွေ ထမ်းရတာ စီးပွားရေးသမားတွေ မဟုတ်ဘူး။ ကာစတန်မာတွေထမ်းရမှာ"

ဒါ့အပြင် အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းဖို့ အိမ်စီးကားတစ်စီး တစ်သိန်းကျော်အထိပေးရပြီး ကုန်ကားတစ်စီးဆိုရင်လည်း သုံးသိန်းလောက်အထိ အခွန်ပေးဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေက နယ်မြေဖြတ်သန်းခွင့်အတွက် ဂိတ်တွေဖွင့်ပြီး ကားတွေဆီက အခွန်ကောက်ခံနေလို့ ကုန်ဈေးနှုန်းတွေ တက်နေတဲ့အတွက် အဲဒီတိုက်ပွဲရက် ရှည်ကြာနေတာကို မြန်မြန်ပြီးစေချင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

"ရှေ့ဆက်ပြီးတော့အလားအလာကတော့ ဈေးကတော့တက်မှာပေါ့၊ ပစ္စည်းကတက်သွားပြီးရင် အကြာ ကြီးတော့မဟုတ်ဘူး၊ ဟိုဘက်မှာလဲ တိုက်ပွဲဘယ်လောက်ဖြစ်ဖြစ် တိုက်ပွဲက ၂၄ နာရီ ဖြစ်တယ်ဆိုတာ မရှိဘူး။ အခုတိုက်ပွဲကြီးက ကျွန်တော်တို့လဲ အားမရဘူး။ တကယ်တမ်း စစ်တောင်းမြစ် ဒီဘက်အခြမ်းကို တစ်ပတ်မကြာဘူး ရတယ်။ တကယ်တမ်း တိုက်ရင်။ နောက်ပြီးတော့ KNU ခေါင်းဆောင်တွေက ခွင့်ပြု ပေးလိုက်ပါလား သူတို့လည်းမပါနဲ့။ PDF ချည်းပဲ ဆော်ကြည့်လိုက်။ တစ်ပတ်မကြာဘူး ပြီးသွားမှာ။ အဲဒီတော့ မြန်မာတစ်ပြည်လုံးမှာ တက်မဲ့ ပစ္စည်းကို သူတို့က ဒီဘက်ကနေပြီးတော့ ကဲနားမယ် တစ်နာရီနားမယ် နှစ်နာရီနားမယ်ဆိုပြီးတော့ သူတို့ခေါင်းဆောင်အချင်းချင်းက အဆက်အသွယ် ရှိတယ်။ အဲဒီလိုနားတဲ့အချိန် ကုန်ကားတစ်စီးကို အရင်က ငါးသောင်းကို ငါးသိန်းပေးရင် တစ်နာရီမကြာဘူး အခုပဲရောက်ချလာမှာ’’

၂ဝ၂၄ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့မြင်ရသည့် ထိုင်းနိုင်ငံ၊ မဲဆောက်စျေး တစ်နေရာ မြင်ကွင်း။ (Photo: RFA)

မဲဆောက်ဈေးမှာ စျေးရောင်းချသူ ကိုမောင်နိုင်က ... "မြန်မာပြည်မှာ ကုန်ဈေးနှုန်းနဲ့ မြန်မာပြည်သားတွေ ဝယ်စားဖို့အတွက်က ခက်ခဲတယ်။ ဒီမှာ အရမ်းဈေးကြီးတယ်။ ဒီဘက်မှာကျတော့ အကုန်လုံး အခကြေးငွေ အခွန်တွေ ဆောင်ရတယ်ဆိုတော့ မြန်မာပြည်သားတွေအတွက်က အရမ်းကို သနားဖို့ ကောင်းတယ်။ ကိုယ့်မြန်မာပြည်သားတွေက တန်ဖိုးမရှိဘူးလို ဖြစ်နေတယ်’’ လို့ ပြောပါတယ်။

မဲဆောက်မြို့မှာ ရွှေ့ပြောင်းလုပ်သားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ရှောင်တိမ်းနေကြရသူ လေးသိန်းနီးပါးလောက်ရှိပြီး နေထိုင်ရပ်တည်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ကြားက ခုလိုကုန်ဈေးနှုန်းတွေ တက်တဲ့အခါ ပိုခက်ခဲနေရတယ်လို့လည်း ကိုမောင်နိုင်က ဆိုပါတယ်။

ကုန်စည်စီးဆင်းမှုမှာ အခွန်အခတွေကောက်ခံနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ့အကျိုးကြည့်စေချင်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်နေတဲ့ ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

"ထိုင်းနဲ့မြန်မာ ကူးသန်းရောင်းဝယ်ရေးမှာ အစိုးရဖြစ်ချင်တဲ့ ဘယ်အဖွဲ့အစည်းမဆို စနစ်တကျအခွန်ကို ကောက်စေချင်တယ်။ ပြည်သူတွေဟာ အခွန်နဲ့ ပတ်သက်ပြီးတော့ အရမ်းမရင်းနှီးသေးဘူး။ လမ်းမှာ ဘယ်လောက်တောင်းတယ်ဆိုတာ ပေးရမယ်ဆို ပေးလိုက်တာပဲပေါ့နော်။ လမ်းတွေမှာ ဒီလိုကောက်နေတာတွေကကျတော့ သူတို့က ဘာပြန်ပေးမှာလဲပေါ့။ ကျွန်တော်တို့ ပြည်သူတွေ ပေးလိုက်တဲ့ အခွန်ငွေတွေက ဘယ်ရောက်သွားလဲ ဘယ်သူတွေအတွက် အသုံးချလဲ။ ဒါကို ပွင့်လင်းမြင်သာစွာချပြနိုင်မှ စစ်မှန်တဲ့ အစိုးရ စစ်မှန်တဲ့ အဖွဲ့အစည်းလို့ ပြည်သူတွေအပေါ်မှာလည်း မှန်မှန်ကန်ကန် စီမံခန့်ခွဲပေးနိုင်တဲ့ အစိုးရအဖွဲ့အစည်းတွေအဖြစ် ပြည်သူတွေက ယုံကြည်အားကိုးလာမှာ ဖြစ်တယ်။ အခုဆိုရင် တရုတ် ကုန်သွယ်ရေးလမ်းကြောင်းတွေ အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းတွေက ကိုယ့်ကြမ္မာကိုယ် ဖန်တီးပေးနိုင်တဲ့ အခြေအနေကို ရောက်နေပြီ။ထိုင်းနဲ့ မြန်မာရဲ့ လမ်းကြောင်းမှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့လဲ ပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ စကစကို အမြန်ဆုံးအဆုံးသတ်နိုင်မယ့်လမ်းကို အမြန်ဆုံး လျှောက်ဖို့ကို တိုက်တွန်းချင်တယ်။ မျှော်လဲ မျှော်လင့်တယ်။ ဒါမှ စစ်မှန်တဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိတဲ့ ပြည်သူ့အကျိုး လိုလားတဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြည်သူတွေ အားကိုးနိုင်မယ်။ နောက်ပြီးတော့ ကိုယ့်အဖွဲ့အစည်းကို မှတ်ကျောက်တင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်’’

ထို့ကော်ကိုးလမ်းပိုင်း အသုံးပြုမှုအတွက် ဂိတ်တွေဖွင့်လှစ်ပြီး အခွန်ကောက်ခံနေတာတွေနဲ့ပတ်သက်လို့ KNU ပြောခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org