မြဝတီမှာ စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်တပ်စွဲ
မြဝတီမြို့မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ငြိမ်သက်နေတဲ့အကြောင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ ခလရ ၂၇၅ တပ်ရင်းကို ဝင်ရောက် ပြန်လည်တပ်စွဲပြီး စစ်ကောင်စီအလံ ပြန်တင်ခဲ့တဲ့အကြောင်း မြို့ခံစီးပွားရေးလုပ်ငန်းရှင်က RFA ကို ပြောပါတယ်။
- 2024-04-23
-
-
-
စစ်ကောင်စီတပ်အချို့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ မှာ ဝင်ရောက်တပ်စွဲထားပေမယ့် မြဝတီမြို့ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို မနေ့က ပြောပါတယ်။ အခုလို စစ်ကောင်စီဘက်က ပြောဆိုချက်နဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ KNU ပြောခွင့်ရသူတွေကို AFP က မေးမြန်းနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတယ်။
မြဝတီမြို့က BGF တပ်၊ စစ်ကောင်စီတပ်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ မြဝတီ မြို့ဧရိယာတွင်းမှာ ကရင်နယ်ခြားစောင့်တပ် BGF တပ်နဲ့ စစ်ကောင်စီတပ်က ပူးတွဲအုပ်ချုပ်တော့မယ့် အခြေအနေအတွက် နှစ်ဖက်ညှိနှိုင်းပြီး နယ်မြေရှင်းလင်း နေရာပြန်ယူတာတွေ လုပ်နေပြီလို့ ပြောပါတယ်။
ဧပြီလ ၂၃ ရက်မှာတော့ မြဝတီမြို့အနီးဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ငြိမ်သက်နေတဲ့အကြောင်း လက်ရှိ မြို့လုံခြုံရေးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ ခလရ ၂၇၅ တပ်ရင်းကို ဝင်ရောက် ပြန်လည်တပ်စွဲပြီး စစ်ကောင်စီအလံ ပြန်တင်ခဲ့တဲ့အကြောင်းကို မြို့ခံစီးပွားရေးလုပ်ငန်းရှင်က RFA ကို ပြောပါတယ်။
"မြဝတီမြို့ထဲမှာတော့ သူတို့ လက်ရှိစစ်ကောင်စီနဲ့ BGF တွေ ကင်းလှည့်တယ်၊ ပြီးတော့ ၂၇၅ တစ်ဝိုက်မှာ သူတို့ နယ်မြေရှင်းလင်းရေး လုပ်တယ်။ မြေနီကုန်းဘက်တို့၊ ရပ်ကွက်တွေဘက်တွေမှာတော့ နောက်ထပ်ကြားထားတာ ဘာလဲဆိုလို့ရှိရင် သူတို့က ဒီဘက်အခြမ်းပေါ့။ မြဝတီမြို့ဘက်ခြမ်းကို သူတို့တာဝန်ယူမယ်၊ ပြီးလို့ရှိရင် PDF တွေနဲ့ KNU က ဆုတ်ပေးရမယ်ပေါ့။ ဆုတ်ပေးပြီးတော့ ဟိုဘက်ခြမ်းမှာ ဂိတ်ထိုင် ရုံးထိုင် အဲ့လိုလုပ်။"
ပြီးခဲ့တဲ့ ရက်တွေအတွင်းက မြဝတီမြို့မှာ စစ်ရေး၊ စီးပွားရေး ၊လုံခြုံရေးကိစ္စတွေကို ကရင်လက်နက်ကိုင်အဖွဲ လေးဖွဲ့က တာဝန်ရှိသူတွေ ဆွေးနွေးညှိနိုင်းခဲ့ကြပြီးနောက် အခုလို တပ်ပြန်ဆုတ်တာ၊ နယ်မြေရှင်းလင်းရေး လုပ်တာတွေကို တွေ့မြင်ရတာလို့ အဲဒီ မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။
"စစ်ကောင်စီနဲ့ BGF က ဒီဘက် မြဝတီမြို့ထဲကနေ ညီနောင်အထိ ဘက်ခြမ်းကို အခွန်အကောက်တွေ သူတို့ကောက်မယ်။ သူတို့ မျှဝေပြီးတော့ သူတို့ခွဲယူမယ်ပေါ့၊ အဲ့လိုကြားထားတယ်။ အခုကုန်စီးဆင်းမှုကနေပြီး ကျန်တဲ့အပိုင်းတွေ အကုန်လုံးထိပေါ့။ KNU ဘက်ကကျတော့ ညီနောင်အထွက်ကနေပြီးတော့ အဲဒီအာရှလမ်း လမ်းသစ်တွေရော၊ လမ်းဟောင်းတွေရော အဲ့ဘက်တွေမှာ သူတို့ ဂိတ်တွေချမယ်ပေါ့၊ အခွန်ကောက်မယ်လို့တော့ ကြားထားတယ်။”
အခုလို မြဝတီမြို့က BGF တပ်နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းပြီး မြဝတီမြို့ကို ထိမ်းချုပ်ထားမယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး မြဝတီမြို့ BGF တပ်ဖွဲ့ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်နဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူတို့ဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမဖြေဆိုပါဘူး။
လတ်တလော မြဝတီ မြို့က စစ်ရေး၊ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ KNLA မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ နီးစပ်တဲ့ အမည်မဖာ်လိုသူ မြဝတီမြို့ခံတစ်ဦးကလည်း တိုက်ပွဲရပ်တာ၊ PDF စစ်ကြောင်းတွေ နောက်ဆုတ်ပေးရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"အဲ့ဒီမှာပဲ ဒီမှာတိုက်ပွဲကို ရပ်ထားရတာလည်းတဲ့ အဲဒီအောက်ကနေ အင်အားတွေ အရမ်းများပြီး ပေါက်ထွက်လာမှာစိုးလို့ ခဏရပ်ထားတယ်လို့။ အဲဒီလို သတင်းရတယ်။"
အခု ရက်ပိုင်းအတွင်း စစ်တပ်နဲ့ BGF ပူးပါင်းတပ်တွေ မြဝတီမြို့ကနေ သင်္ဃန်ညီနောင်ကျေးရွာအထိ အာရှလမ်းသစ် လမ်းပိုင်းတစ်လျှောက် လုံခြုံရေးတိုးမြှင့်ချထားပြီး အာရှလမ်း ပြန်ဖွင့်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းတာတွေ လုပ်နေတယ်လို့ သူက RFA ကို ပြောပါတယ်။
"သတင်းတော့ ကြားနေတာပဲ။ အဲ့ဒီသတင်းကြားနေတယ်ဆိုတော့ ပြောရင်တော့ စစ်က စစ်တိုက်တာကတော့ သေနတ်က ကျည်ဆံထွက်ရုံနဲ့ တိုက်တာပဲ မဟုတ်ဘူး၊ စီးပွားရေးတွေ၊ ရပိုင်ခွင့်တွေ အဲ့လိုတွေပေါ့ တစ်ခုခုနဲ့ ညှိကြတော့ ညှိကြမယ်ထင်တာပဲ၊ ဖွင့်ဖို့တော့လည်း လုပ်နေတယ်။"
အခုလို မြဝတီမြို့ပတ်ဝန်းကျင်က စစ်တပ်နေရာတွေကနေ KNLA မဟာမိတ်အဖွဲ့တွေ တပ်ပြန်ဆုတ်ပေးရတာနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်လက်နက်ကိုင်လေးဖွဲ့ ပြန်လည်ပေါင်းစည်းရေးကော်မတီ တာဝန်ရှိသူတွေ၊ KNLA တပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို RFA က ဆက်သွယ်နေပေမယ့် ဖုန်းအဆက်အသွယ် မရရှိသေးပါဘူး။
ကော့ကရိတ် KNLA မဟာမိတ်စစ်ကြောင်းတွေရဲ့ ထုတ်ပြန်ချက်မှာတော့ လတ်တလောမှာ မြဝတီ မြို့နဲ့ ကော့ကရိတ်မြို့က KNLA မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်နေရာတွေကို ပြန်တိုက်ဖို့ စစ်ကောင်စီက အောင်ဇေယျ စစ်ဆင်ရေးအမည်နဲ့ စစ်ကူတက်လာတဲ့ စစ်ကြောင်းတွေဟာ ကော့ကရိတ် ရန်ကုတ် ကျေးရွာဘက်နဲ့ တောနော်ရေတံခွန်နေရာတွေမှာ နှစ်ဘက်အသင့်ပြင်ထားတဲ့ အခြေအနေ ဆက်ရှိနေတုန်းပဲလို့ ဖော်ပြထားပါတယ်။