ထိုင်းနိုင်ငံ ချင်းမိုင်သင်္ကြန်နဲ့ မြန်မာလူငယ်တွေရဲ့ခံစားချက်

ထိုင်းနိုင်ငံမှာတော့ မဟာဆုန်ကရန်ကို ကမ္ဘာ့ယဉ်ကျေးမှုတစ်ခုအဖြစ် အသိအမှတ်ပြုခံရပြီး ပထမဆုံးအနေနဲ့ ဒီနှစ်မှာ အကြီးအကျယ် ကျင်းပနေပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ဆုန်ကရန်ရေကစားပွဲတော် မြင်ကွင်းတစ်ခုအား၂ဝ၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

ထိုင်းနိုင်ငံဟာ သူတို့ရဲ့နှစ်သစ်ကူး မဟာဆုန်ကရန်ကို ယူနက်စကို အသိအမှတ်ပြုခံရပြီး ဒီနှစ်မှာ ကမ္ဘာ့ရေကစားပွဲတော်ဆိုပြီး ပထမဆုံးအနေနဲ့ အကြီးအကျယ်ကျင်းပနေပါတယ်။ အထူးသဖြင့် မြို့တော် ဘန်ကောက်မှာ ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ထားပါတယ်။ ချင်းမိုင်မြို့မှာတော့ ရှေးဟောင်း နန်းမြို့ရိုးဘေး ကျုံးပတ်လည်မှာ ရေပက်ခံကားတွေနဲ့ စည်ကားတာတွေ့ရပါတယ်။

ကျုံးပတ်လည် ပလက်ဖောင်းပေါ်မှာ ရေပက်တဲ့သူတွေ ရှိသလို၊ ရေပြွတ်တို့၊ ရေခဲတို့၊ ရေစိုခံအိပ်တို့ရောင်းတဲ့ ဆိုင်လေးတွေလည်းတွေ့ရပါတယ်။ အဲဒီအထဲမှာ စျေးရောင်းနေတဲ့ မြန်မာနိုင်ငံသားတချို့ကိုလည်းတွေ့ရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို နှစ်ပေါင်းများစွာကတည်းက ရောက်နေတာပါ။ အများစုကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြားတွေ့ရတာကတော့ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့လူငယ်တွေပါ။

“ကျွန်တော် ထိုင်းကိုရောက်လာတာက အမှန်အတိုင်းပြောရရင်တော့ စစ်ဘေးရှောင်လာတာပေါ့။ ဘာလို့ စစ်ဘေးရှောင်လာလဲဆိုတော့ မြို့ပေါ်မှာနေပေမယ့်လည်း အိမ်ထဲအထိ တံခါးခေါက်ပြီး လာဆွဲနေတဲ့အချိန်ဆိုတော့ ကျွန်တော်တို့လည်း မပြေးချင်ဘဲ ပြေးလာရတာပေါ့”

နောက်ထူးခြားချက်ကတော့ စစ်တပ်အာဏာသိမ်းပြီး ပညာရေးအခွင့်အလမ်း မရှိတဲ့အတွက် ချင်းမိုင်မှာ ကျောင်းတက်ဖို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ရောက်နေတဲ့လူငယ်တွေပါ။

“သူများနိုင်ငံမှာ ပျော်ရတာတော့ပျော်ရတာပေါ့။ ဒါပေမဲ့ ရန်ကုန်ကို မမှီဘူးပေါ့နော်။ စိတ်ထဲပျော်သင့်သလောက် မပျော်ရဘူးပေါ့။ ကိုယ့်သူငယ်ချင်းတွေ ရန်ကုန်မှာကျန်ခဲ့တာရော၊ စစ်ဘေးဖြစ်နေတာရောကြောင့် စိတ်မကောင်း ဖြစ်မိတယ်၊ မိဘတွေနဲ့ ခွဲနေရတာတွေရော။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးအဆင်ပြေသွားရင် ရန်ကုန်ကို ပြန်ချင်တယ်”

ဒီနှစ်သစ်ကူးပွဲတော်ဟာ အရှေ့တောင်အာရှမှာဆိုရင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့မှာလည်း ရိုးရာဓလေ့အနေနဲ့ ကျင်းပကြပါတယ်။

ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ ကိုအောင်အောင်ကတော့ ထိုင်းသင်္ကြန်က ရန်ကုန်သင်္ကြန်ကို မမှီဘူးလို့ ခံစားနေရသလို တိုင်းပြည်ကို ပြန်ကောင်းစေချင်နေပါတယ်။

“အကုန်လုံးကတော့ အကောင်းဆုံးဖြစ်ချင်ကြပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်ကတော့ လုပ်နိုင်သလောက်လုပ်နေကြပါတယ်။ အဆင်တော့ပြေလာမှာပါ။ နည်းနည်းတော့စောင့်ရဦးမှာပေါ့”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org