ဘန်ကောက်ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ မမိုးမြင့်

ခင်ခင်အိ
2023.10.06
ဘန်ကောက်ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ မမိုးမြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာကို ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
AFP

Updated: 2:40 AM Oct, 7 

ဘန်ကောက်မြို့လယ်ခေါင်က လူစည်ကားရာ Siam Paragon ကုန်တိုက်မှာ အသက် ၁၄ နှစ်အရွယ် ထိုင်းနိုင်ငံသားလူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မမိုးမြင့် ဆိုတဲ့ မြန်မာအလုပ်သမားတစ်ဦး အောက်တိုဘာ ၃ ရက်နေ့ ညနေက သေဆုံးခဲ့ပါတယ်။

"သားသမီး ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုက ဘာနဲ့မှ မလဲနိုင်ဘူး"

သူဟာ မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာက ဖြစ်ပြီး ထိုင်းနိုင်ငံကိုရောက်နေတာ ဆယ်စုနှစ်တစ်စု ရှိနေပါပြီ။ နာတာရှည်ကျောက်ကပ်ရောဂါသည် မိခင်ကို လုပ်ကိုင်ရှာဖွေကျွေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မမိုးမြင့် သေနတ်သမားလက်ချက်နဲ့ ရုတ်တရက်သေဆုံးခဲ့ရတဲ့အတွက် ဖြေမဆည်ဖြစ်ရတယ်လို့ မိခင်ဖြစ်သူက ဒေါ်ခင်ဝင်းက ပြောပါတယ်။

“အခုထက်ထိ ရင်ထဲမှာ စိတ်ထဲ ခေါင်းထဲမှာ ဘာမှလည်း မမြင်နိုင်သေးဘူး၊ ဘာမှလည်း မသိဘူး၊ သားသမီး ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုက ဘာနဲ့မှ မလဲနိုင်ဘူး၊ ခုထက်ထိလည်း စိတ်ထဲမကောင်းဘူး။”

ဒေါ်ခင်ဝင်းဟာ သမီးရဲ့ စျာပနကို သွားရောက်ဖို့ သောကြာနေ့ ဒီနေ့မှာ နိုင်ငံကူးလက်မှတ် ရရှိမှာဖြစ်ပြီး ထိုင်းနိုင်ငံကို ဒီနေ့ညပဲ သွားရောက်မယ်လို့ သူကပြောပါတယ်။

"ပညာလည်း တတ်တယ်၊ အရမ်းစိတ်ကောင်းရှိတယ်"

မမိုးမြင့်ဟာ Siam Paragon စင်တာရဲ့ ဘေးချင်းကပ်ရက်က ဆီယမ်စင်တာထဲက အရုပ်ဆိုင်မှာ အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။ အဲဒီနေ့က အလုပ်ရှင်ရဲ့ ငွေတွေကို ပါရာဂွန်စင်တာထဲက ဘဏ်မှာ သွားထည့်ပြီး အပြန်မှာ သေနတ်သမားနဲ့တွေ့ပြီး ပစ်သတ်ခံခဲ့ရတာပါ။ သူဟာ ထိုင်း-တရုတ် အင်္ဂလိပ်ဘာသာစကားကောင်းစွာ ပြောတတ်ပြီး အပြောအဆိုရည်မွန်သလို လူတိုင်းကို ကူညီတတ်သူ တစ်ဦးဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

သူ့ရဲ့ထိုင်းအလုပ်ရှင်ကလည်း မမိုးမြင့်ဟာ အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပြီး မိခင်ကို ရှာဖွေကျွေးမွေးနေသူ တစ်ဦးဖြစ်လို့ သူသေဆုံးရတာ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေကို ပြောကြားပါတယ်။ မမိုးမြင့်ဟာ ယောကျ်ားလေးတစ်ယောက်လို ဝတ်စားဆင်ယူသူဖြစ်သလို သူ့မိခင်ကို ထိုင်းဘတ်ငွေ တစ်သောင်းခန့် လစဉ် ပြန်လည်ထောက်ပံ့သူတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။



မမိုးမြင့်နဲ့အတူ အလုပ်လုပ်တဲ့ မနီကလည်း သူတို့အချင်းချင်းအပေါ် အမြဲကူညီတတ်တဲ့ မမိုးမြင့် သေဆုံးသွားတဲ့အတွက် ဝမ်းနည်းကြေကွဲနေပါတယ်။

“သူက မိဘကို လုပ်ကျွေးတယ်၊ စိတ်ကောင်းရှိတဲ့သူ၊ ဘာသာစကားလည်း ၄- ၅ မျိုးတတ်တယ်၊ သူဌေးမ ပြောတာ သုံးမျိုး ဒါပေမဲ့ သူက အဲဒီထက်ပိုတတ်တယ်။ ပညာလည်း တတ်တယ်၊ အရမ်းစိတ်ကောင်းရှိတယ်။ ညီမတို့ကို အစ်ကိုရင်း တစ်ယောက်လိုပဲ စောင့်ရှောက်တယ်။ အလုပ်ထဲမှာဆို ထိုင်းတွေရော မြန်မာတွေရော သူ့ကို ချစ်တယ်။ သူဌေးမကဆို သူ့ကို အယုံကြည်ဆုံး သူ့ကို မန်နေဂျာနေရာမှာထားတယ်။ ဆိုင်တာဝန် သူ အကုန်လုံးတာဝန်ယူပေးတယ်။ အလုပ်မှာဆိုရင်လည်း မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူအကောင်းဆုံး ရင်ဆိုင်ပေးတယ် ဖြေရှင်းပေးတယ် သူများလို လူမချဘူးပေါ့နော်။ ဧည့်သည်တွေ တစ်ခါတစ်လေ သူ့ကို ဟောက်ရင်လည်း သူအကောင်းဆုံးနည်းနဲ့ အပြုံးမပျက် တုံ့ပြန်တယ်၊ မယုံနိုင်ဘူးပေါ့နော် အခုလည်း သူကြိုက်တာလေးချက်ပြီး သွားပို့ပေးမလို့”

မမိုးမြင့် နာရေးကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ထိုင်းအစိုးရတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ မမိုးမြင့် အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး နစ်နာကြေးရဖို့ စီစဉ်ဆောင်ရွက်နေပြီး သူမရဲ့ မိခင်ကိုလည်း ထိုင်းနိုင်ငံကို ခေါ်ယူထားတယ်လို့ အလုပ်သမားသံအရာရှိ ဦးကျော်စွာထွန်းက RFA ကို ပြောပါတယ်။

“သူ့ရဲ့မိခင်ဖြစ်သူလာမယ် ဒီမှာ စျာပနလုပ်မယ်၊ အရင်ဆုံး သဂြိုလ်မယ် ပြီးရင် တရားရေးဌာနကို အမေလာမှ လိုအပ်တဲ့စာရွက်စာတမ်းတွေ လုပ်ရမယ် မြန်မာပြည်ဘက်မှာလည်း လိုအပ်တာတွေ တောင်းရမ်း သူ အိမ်ထောင်ရှိမရှိ အဲဒါတွေ ရပြီးမှ စာရွက်စာတမ်းတွေ တင်ပြီးမှ ဘယ်လောက် ရမလဲဆိုတာ သိရမယ်”

ဒီပစ်ခတ်မှုမှာ မမိုးမြင့်နဲ့အတူ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီး ထိုင်းနိုင်ငံသား သုံးဦးနဲ့ လာအိုနိုင်ငံသူတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ထိုင်းခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်နေ့က ကြေညာထားသလို ထိုင်းတရားရေးဝန်ကြီးဌာနကလည်း သေဆုံးသူအတွက် နစ်နာကြေးအဖြစ် ဘတ်ငွေ နှစ်သိန်းစီ ပေးမယ်လို့ ပြောဆိုထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Siam Paragon စင်တာကတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဘတ် ငါးသန်းစီ နဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို ဘတ် သုံးသိန်းစီ ပေးအပ်သွားမယ့်အကြောင်း Bangkok Post သတင်းဌာနရဲ့ ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် သေနတ်သမားလူငယ်ကို သေနတ်ရောင်ချခဲ့သူ နှစ်ဦးအား ဘန်ကောက်မြို့ ရဲစခန်းတွင် တွေ့ရစဉ်။ (Photo: AFP)
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် သေနတ်သမားလူငယ်ကို သေနတ်ရောင်ချခဲ့သူ နှစ်ဦးအား ဘန်ကောက်မြို့ ရဲစခန်းတွင် တွေ့ရစဉ်။ (Photo: AFP)


သူ့ရဲ့အလုပ်ရှင်ကလည်း မမိုးမြင့်ရဲ့မိခင် အသက်ရှင်နေသရွေ့ကာလပတ်လုံး မမိုးမြင့်ကိုယ်စား ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ သေဆုံးသူအတွက် ထိုင်းအစိုးရသာမက လုပ်ငန်းရှင်နဲ့ ထိုင်းနိုင်ငံအတွင်းက အဖွဲ့အစည်းတွေကလည်း ထောက်ပံ့ငွေတွေ ထပ်မံ ပေးအပ်ဖို့ ရှိတယ်လို့ RFA ကို ပြောပါတယ်။

“သူတို့နိုင်ငံထဲမှာဖြစ်တယ် နောက်ပြီး အသက် ၁၄ နှစ်အရွယ် သူတို့ထိုင်းလူငယ်က ပစ်တဲ့ကိစ္စဖြစ်တယ်ဆိုတော့လေ သူတို့ပဲ ပိုပြီးပေးမယ်လို့ ထိုင်းအစိုးရဘက်က ပြောတာကြားတယ်။ ထိုင်းအလုပ်ရှင်ကလည်း ကရုဏာကြေးဆိုပြီး ပေးလို့ရပါတယ်၊ နောက် ထိုင်းနိုင်ငံမှာ သပ်သပ်ကို လူသေရင်ပေးတဲ့ အဖွဲ့အစည်းရှိပါတယ် အသတ်ခံရတဲ့ကိစ္စအတွက်ပေါ့လေ”

မမိုးမြင့်ရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၈ ရက် လာမယ့် တနင်္ဂနွေနေ့မှာ ဘန်ကောက်မြို့က Wat Phasuk Maneechak ဘုန်းကြီးကျောင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူ လူငယ်ကို ဖမ်းဆီးထားပြီး လူသတ်မှု၊ လက်နက်ခဲယမ်း လက်ဝယ်တွေ့ရှိမှုနဲ့ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

သူ့ကို လက်နက်ရောင်းချတဲ့သူနှစ်ယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မမိုးမြင့်ရဲ့ အလုပ်ရှင်ကတော့ သေနတ်သမားလူငယ်ရဲ့ မိဘတွေက သူ့ကို ဆက်သွယ်လာကြောင်းနဲ့ အခုဖြစ်ရပ်အတွက် တောင်းပန်သွားကြောင်း ထိုင်းနိုင်ငံက သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။