ပြည်တွင်းစစ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ကျဆင်း
ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ထိုးကျနေပြီလို့ လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
-
RFA Burmese
2024-02-22 -
-
-
ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ထိုးကျနေပြီလို့ လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
အခုလပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းတောင်ပိုင်းနဲ့ ကယားပြည်နယ်မှာလည်း ခရီးသည် ပိုနည်းသွားတယ်လို့ အင်းလေးက လုပ်ငန်းရှင်တစ်ယောက်က RFA ကို ပြောပါတယ်။
“ခရီးသွားလုပ်ငန်းက ပျက်ပြီလို့ ပြောလို့ရတယ်။ ခရီးသွားလုပ်ငန်းအမီ ပြုလုပ်သူတွေ အလုပ်တွေပြောင်းကုန်တာနဲ့ ဒီမှာရောင်းတဲ့ ဈေးသည်တွေလည်း အဆင်မပြေဘူး။ ပြည်တွင်းလည်း သိပ်မလာတော့ဘူး”
တောင်ကြီးမြို့ ခရီးသွားကုမ္ပဏီတွေရဲ့ စာရင်းအရ ၂၀၂၁ မတိုင်ခင်က တောင်ကြီးနဲ့ အင်းလေးကို ခရီးသည် တစ်ရက်ကို ငါးထောင်ကနေ ခြောက်ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခုခရီးသွား တစ်ရာသီလုံးမှာ လာတဲ့ဧည့်သည်က အရင်က တစ်ရက်ဝင်တဲ့နှုန်းပဲ ရှိတော့တယ်လို့ ပြောကြပါတယ်။
“ခရီးသွားလုပ်ငန်းကို အမှီပြု လုပ်ကိုင်နေသူတွေ အခုချိန်မှာ စားဝတ်နေရေး ကျပ်တည်းနေပြီ”
ပွင့်လင်းရာသီဆိုရင် တစ်လကို ဧည့်သည် ထောင်နဲ့ချီ ရောက်တတ်တဲ့ ချောင်းသာနဲ့ ငွေဆောင် ကမ်းခြေတွေမှာလည်း လက်ရှိမှာတော့ တစ်လကို ဧည့်သည် ၁၅၀ လောက်ပဲ လာတာတွေ့ရပြီး ဈေးဆိုင်တန်းတွေမှာ လူရှင်းနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
“ခါတိုင်းလို မစည်ကားဘူး။ ပြည်တွင်း ဧည်သည်လည်း နည်းနည်း ဝေးတဲ့သူတွေကျရင် သိပ်မလာကြဘူး။ ဘယ်ကလာလဲဆိုတော့ ပုသိမ်ကလာတယ်၊ ရန်ကုန်ကလာတယ်။ အလွန်ဆုံး မန္တလေး အဲဒီလောက်ပဲ လာကြတယ်။ တိုင်းရင်းသားတွေ တော်တော်များများ ဒီဘက်ကို မလာကြဘူး”
စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနကတော့ ချောင်းသာကမ်းခြေကို ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ ဧည့်သည် လေးသောင်းခွဲလောက် (စုစုပေါင်း ၄၄,၅၈၅ ဦး) ရောက်တယ်လို့ ဖော်ပြထားပါတယ်။
ခရီးသွားလုပ်ငန်း ကျနေတဲ့အတွက် ဒီအပေါ်မှာမူတည်ပြီး လုပ်ကြတဲ့အလုပ်တွေလည်း မရှိတော့သလောက် ဖြစ်နေပါတယ်။
မန္တလေးမြို့က ဧည့်လမ်းညွှန်တစ်ယောက်ကတော့ သူ့အဓိကအလုပ် နားနေရတာကြောင့် လက်ရှိ ပန်းချီရေးဆွဲနေပါတယ်။
“Business (လုပ်ငန်း) တွေ ချိန်းကုန်တာပေါ့နော်။ ကျွန်တော်တို့လည်း အဲဒီဘက်ကိုမရောက်တော့ Tour (ခရီးသွားအလုပ်) လည်း မလိုက်ရဘူးဆိုတော့။ ကျွန်တော် လောလောဆယ် ပန်းချီဆွဲနေတာ။ ပန်းချီဆရာ လုပ်နေတာပေါ့”
လက်ရှိ မန္တလေးမြို့မှာ အနောက်နိုင်ငံနဲ့ ဥရောပဘက်က ခရီးသည်တွေ လုံးဝမရှိတော့သလို ပြည်တွင်းဧည့်သည်ပါ အတော်နည်းတယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ အင်္ဂလန် သံရုံးတွေကလည်း သူတို့နိုင်ငံသားတွေ မြန်မာနိုင်ငံကို မသွားရောက်ဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာနေတဲ့ နိုင်ငံခြားသားလောက်ပဲ တွေ့ရတယ်လို့ ပုဂံဒေသခံ ဦးသန်းဌေးက ပြောပါတယ်။
“များများစားစားလာတာ ထိုင်းရယ်။ တရုတ်တော့ သိပ်တော့ ဝင်တာမတွေ့ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာနေတဲ့ နိုင်ငံခြားသားတွေရယ် နောက်တော့ ကုမ္ပဏီက အဖွဲ့တွေရယ် အဲဒီလိုဟာတွေ လာတာများတယ်”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က၊ ပုဂံကို ပြည်တွင်းခရီးသွား လေးသိန်း ခုနစ်သောင်းကျော် (၄၇၄,၅၅၇ ဦး) နဲ့ နိုင်ငံခြားသား တစ်သောင်းခွဲလောက် (၁၄,၉၂၇ ဦး) လာခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ညွှန်ကြားမှုဦးစီဌာန (ပုဂံ) ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။
ဒီစာရင်းကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
နှစ်ပေါင်း ၂၀ ခရီးသွားလုပ်ငန်းလုပ်ခဲ့တဲ့ အင်းလေးဒေသခံ တစ်ယောက်ကတော့ ခရီးသွားလုပ်ငန်းကို အမှီပြု လုပ်ကိုင်နေသူတွေ အခုချိန်မှာ စားဝတ်နေရေး ကျပ်တည်းနေပြီလို့ ပြောပါတယ်။
“အခုကတော့ လုံခြုံမှုလည်းမရှိဘူး။ သွားရတဲ့ အခြေအနေလည်း သိပ်ပြီးတော့ အဆင်မပြေကြတော့ဘူးပေါ့။ တော်တော်ကို ကျပ်နေပါပြီ လူတွေက။ သိပ်မခံနိုင်လောက်တော့ဘူးနဲ့ တူတယ်”
မီးခိုးတိတ် စီးပွားရေးလို့ခေါ်ကြတဲ့ ခရီးသွားလုပ်ငန်း ကောင်းဖို့ဆိုတာ နိုင်ငံရေး တည်ငြိမ်မှု၊ နယ်မြေ လုံခြုံစိတ်ချမှုတွေနဲ့ သက်ဆိုင်တယ်လို့ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက ပြောကြပါတယ်။