ဝူဟန်ပြန်ကျောင်းသားတွေ အခြေအနေကောင်း

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်ပြည်ဝူဟန်မြို့ကနေ မန္တလေးမြို့ကို ပြန်ခေါ်ထားပြီးစောင့်ကြည့်နေတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကောင်းမွန်တယ် လို့ ရောဂါစောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲလွင် က RFA ကိုပြောပါတယ်။

wuhan-622.jpg

ကုသဖို့ ဆေးမရှိသေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က မြန်မာ ပညာတော်သင် ၅၉ ဦးကို အစိုးရအာဏာပိုင်တွေက ပြီးခဲ့တဲ့ နှစ်ရက် တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်လာပါတယ်။ အခု ကျမရောက်နေတဲ့ ဒီအဆောက်အဦးဟာ ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ အစိုးရဝန်ထမ်းအများစုပါတဲ့  ဒီပညာတော်သင်ကျောင်းသား ၅၉ ဦးကို ထားရှိတဲ့နေရာဖြစ်ပါတယ်။

သူတို့ဟာ ပြန်ခေါ်တဲ့ရက်ကစပြီး မန္တလေးကို ရောက်နေတာ သုံးရက်ရှိသွားပြီဖြစ်ပါတယ်။ (ကျမရောက်ရှိချိန်မှာ အရင်က ဒီနေရာ အနီးတစ်ဝိုက်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေလည်း ပိတ်ထားတာတွေ့ရပါတယ်။)  

အဲ့ဒီဆေးရုံကို ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မယ်ဆိုရင် ထိရောက်စွာ အရေးယူခံရမယ်ဆိုတဲ့ အသိပေးစာတန်းတွေ ကပ်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီဆေးရုံရဲ့ ကိုက် ၂ဝဝ ပတ်လည်မှာဆိုရင် လူနေအိမ် မရှိတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မန္တလေးတိုင်းအစိုးရအဖွဲ့က လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

ဝူဟန်မြို့မှာပညာသင်ကြားနေတဲ့မြန်မာ ကျောင်းသား ၆၂ ယောက်ကို ခေါ်ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် ကျောင်းသူတစ်ယောက်နဲ့ ကျောင်းသား တစ်ယောက်ဟာ ကိုယ်အပူချိန်တက်နေခဲ့အတွက် ခေါ်ဆောင်နိုင်ခြင်း မရှိခဲ့ဘဲ ၅၉ ယောက်သာ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

“ WHO ရဲ့ လမ်းညွှန်ချက်၊ CDC (communicable disease control ) နဲ့အညီ ဆောင်ရွက်တာဖြစ်တယ်၊ သူတို့ကိုယ်တိုင်သည်လည်းပဲ ရောဂါကူးစက်ခံရသူတွေမဟုတ်ပါဘူး၊ ဝူဟန်မှာရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံ သားတွေပဲဖြစ်ပါတယ်"
လို့  လျှပ်စစ်-စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

မန္တလေးမြို့ကို ပြန်ခေါ်ထားပြီး စောင့်ကြည့်နေတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်တယ်လို့ မန္တလေးမြို့တော်ဝန်လည်းဖြစ်ပြီး အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲလွင်က ပြောပါတယ်။

“ အကုန်ကောင်းပါတယ်။ တနေ့ကို နှစ်ကြိမ်စစ်ပါတယ်။ တချို့လာလှူတဲ့ဆေးတွေ ဗိုက်တာမင်- စီက လွဲ လက်မခံပါဘူး၊။ အပူချိန်ကျမယ့် ဆေးတွေ လုံးဝလက်မခံဘူး၊ ယူခွင့်လည်းမရှိပါဘူး။ စီစီတီဗွီကင်မရာတွေလည်း တပ်ထားပါတယ်။ စောင့်ကြည့်နေပါတယ်။  ဆယ်လေးရက် ပြည့်တဲ့နေ့မှာ အောင်စားရင်းထွက်မှာပါ"

ဆေးရုံတာဝန်ရှိသူတွေ၊ ကျောင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့ Viber Group ဖွဲ့ထားပြီး အဆက်သွယ်မပြတ်အောင် ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာရဲလွင်က ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကာကွယ်နိုင်ဖို့ မန္တလေးတိုင်းအတွင်းမှာ လူစည်ကားစေမဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေကို တားမြစ်ထားတယ်လို့ မန္တလေးတိုင်းလျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

တရုတ်နိုင်ငံသားအပါအဝင် ဘယ်သူမဆို ကိုယ်အပူချိန်မြင့်တက်မယ်။ ဖျားနာမယ်ဆိုရင် သက်ဆိုင်ရာ ဆေးရုံတွေကို သတင်းပို့ဖို့ကိုလည်း အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ သီးခြားစောင့်ကြည့်ခန်းတွေမှာ ထိန်းသိမ်းထားသူ မနေ့ကအထိ ၆ ဦးရှိခဲ့ပေမယ့် အဲ့ဒီထဲက ၃ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း တွေ့ရှိရတဲ့အတွက် အာဏာပိုင်တွေက မနေ့က ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။  

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ရန်ကုန်မြို့မှာ စောင့်ကြည့်နေသူ ၂ ဦး၊ နေပြည်တော်မှာ ၁ ဦးရှိနေဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့အထိ သေဆုံးသူ ၄၂၆ ယောက်နဲ့ ရောဂါပိုးကူးစက်ခံရသူ ၂ဝ၄၃၈ ယောက် ရှိသွားပြီလို့  တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က  အခုလ ၃ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့အထိ သေဆုံးသူ ၄၂၆ ယောက်နဲ့ ရောဂါပိုးကူးစက်ခံရသူ ၂ဝ၄၃၈ ယောက် ရှိသွားပြီလို့  တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က  အခုလ ၃ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org