ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အသင့်ဖြစ်ပြီလို့ အစိုးရထုတ်ပြန်


2019.08.01
myintthu-meets-muslim-refugees-622.jpg မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်တွေနဲ့ ၂၀၁၉ ဇူလိုင် ၂၇ ရက်နေ့ကတွေ့ဆုံစဉ်
Photo: MOI

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ အဆင့်မြင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အရာရှိတွေနဲ့ရော ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြန်လည်နေရာချထားရေးအတွက် နေအိမ်အဆောက်အဦတွေ ဆောက်လုပ် ထားတာ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ထားတာတွေ၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသားဖြစ်မှု၊ NVC ကတ် ကိုင်ဆောင်မှုရဲ့ အကျိုးရလဒ်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ၊ လူမှုအသိုက်အဝန်းများအကြား သဟ ဇာတရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို အသိပေးပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက နေအိမ်အဆောက်အဦးတွေ ဆောက်လုပ်ပြီးစီးနေတဲ့ မောင်တောခရိုင် လှဖိုးခေါင်ကြားစခန်းမှာ နေထိုင်ဖို့ပြင်ဆင်ထားတာရှိပေမယ့်လည်း လက်ရှိရခိုင်ပြည်နယ်တွင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေက သူတို့အတွက် လုံခြုံမှုကို အာမခံမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒုက္ခသည်စခန်းကသူတွေက ပြောကြပါတယ်။

တိုက်ပွဲတွေကြောင့် ဌာနေရခိုင်တိုင်းရင်းသားတွေတောင် စစ်ဘေးဒုက္ခသည်တွေအဖြစ် နေထိုင်ရသလို ထိခိုက် ဒဏ်ရာရ သေဆုံးရသူတွေလည်းရှိနေတာမို့ တရားဥပဒေစိုးမိုးရေးအတွက်ကိုလည်း မေးခွန်းထုတ်ရမလိုဖြစ်နေ တယ်လို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းက မြန်မာနိုင်ငံကိုရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စ ခရစ်တင်းဘာဂနာ ကလည်း ဒုက္ခသည်တွေနေရပ်ပြန်ရေးက လက်တွေ့မှာမဖြစ်နိုင်သေးဘူးလို့လည်း ဆိုထား ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့အဖွဲ့ ၂၀၁၉ ဇူလိုင် ၂၇ ရက်နေ့ကတွေ့ဆုံစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့အဖွဲ့ ၂၀၁၉ ဇူလိုင် ၂၇ ရက်နေ့ကတွေ့ဆုံစဉ်
Photo: MOI

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ သွားရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူနဲ့ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် တို့ဆီ RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကော့ဘဇားက ဒုက္ခသည်တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ရာမှာ အရင်တုန်းက ပြောထားတဲ့ အချက်တွေကိုပဲ ပြောကြားခဲ့တာဖြစ်ပြီး စိစစ်ရေးပုံစံဖြည့်ထားတဲ့သူ ၂ သောင်းခွဲကျော်ရှိနေပြီဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူးလို့ ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်က ပြောပါ တယ်။

‘’ဘယ်ဒုက္ခသည် တစ်ဦးတစ်ယောက်မှ ကိုယ့်ဆန္ဒနဲ့ မြန်မာပြည်ကိုပြန်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ကျွန်တော် မကြားဘူး၊ ဒီစာရင်းတွေဟာ မိမိဆန္ဒနဲ့ဖြည့်ထားတယ်ဆိုတာမဖြစ်နိုင်ဘူး၊ စက်တင်ဘာလမှာပြန်ပို့ဖို့ သတင်းတွေ အရကြားရတယ်၊ ကျွန်တော်တို့ကို ဘယ်အဖွဲ့အစည်းကမှ လာပြီးပြောတာမျိုးလည်းမရှိဘူး၊ ဘင်္ဂလားဒေ့ရှ်အစိုးရ ကလည်းပြောတာမရှိဘူး၊ ကျွန်တော်တို့ကပြန်ချင်တယ်၊ ဘယ်သူမှလည်းစာရင်းကောက်စရာမလိုဘူး၊ ကိုယ့်ဆန္ဒ နဲ့ပြန်ဖို့ဆုံးဖြတ်ချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ပြန်နိုင်လောက်အောင် အစိုးရက အခြေအနေဖန်တီးပေးဖို့ လိုပါတယ်၊ ဥပမာ အားလုံးသိတဲ့အတိုင်း ရခိုင်ပြည်နယ်ထဲမှာ AA နဲ့ တိုက်ပွဲဖြစ်နေတာ လုံခြုံမှုလုံးဝမရှိဘူး၊ ကျွန်တော်တို့တောင်းဆိုနေတာ နိုင်ငံသားဖြစ်ဖို့ကိစ္စလည်း မဖြေဘူး၊ ဒါတွေမလုပ်ရင် ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူး’’

မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် သူတို့ယုံကြည်လက်ခံလာနိုင်ဖို့ လုပ်ပြပေးဖို့ လိုအပ်သလို ဒုက္ခသည်တွေအနေနဲ့လည်း နိုင်ငံသားဖြစ်ခွင့်ရရေးအတွက် ဥပဒေနဲ့အညီ အဆင့်ဆင့်လျှောက် ထားကြဖို့လိုတယ်လို့ ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ် တဲ့ ဦးအေးလွင် က မှတ်ချက်ပေးပြော ပါတယ်။

 

ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင် "မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့ဆိုတာ လျှောက်ယူရပါတယ်၊ ဥပမာ ဆိုရင် ကျွန်တော့်မြေး နိုင်ငံသားလျှောက်ချင်တယ် လျှောက်ရ ပါတယ်၊ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးကိုလည်း နိုင်ငံသားဖြစ်ဖို့အတွက် လျှောက်ရပါတယ်၊ သမ္မတကြီးရဲ့မြေးလည်း နိုင်ငံသားဖြစ်ဖို့အတွက် လျှောက်ရပါတယ်၊ နိုင်ငံသားဖြစ်ဖို့အရေးလျှောက်တဲ့အခါမှာ အရည် အချင်းပြည့်တဲ့သူက သွက်သွက်လက်လက်ပြီးသွားမှာပေါ့လေ၊ လိုအပ်ချက်ရှိတဲ့သူဆိုရင်လည်း လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ရ မှာပေ့ါ၊ အထောက်အထားရှိပြီးသူတွေအတွက်လည်း လျှောက်ဖို့ နည်းလမ်းက လွယ်ကူချောမွေ့မယ်ဆိုတာ ရှင်းပြနိုင်မယ်ဆိုရင် သူတို့လည်း တဖြည်းဖြည်းနားဝင်လာမယ်ထင်ပါတယ်၊ မြေပြင် အခြေအနေကို လက်ခံအသိအမှတ်ပြုဖို့လိုတယ်ဗျ၊ အဲဒီမှာ ရှိခဲ့ကြသော မွတ်ဆလင်တွေသည် မြန်မာနိုင်ငံနဲ့ လုံးဝမပတ် သက်သောသူများလို့ သူတို့ထွက်သွားခြင်းသည် အေးသွားတာ ပဲဆိုတဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေမယ်ဆိုရင်တော့ အလုပ်လုပ်ရတာခက်ပါလိမ့်မယ်’’

ဒါ့အပြင် မြန်မာအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ကောစ့်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြန်လည်စိစစ်ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် စိတ်ချလုံခြုံစွာနဲ့ ပြန်လာနိုင်လောက်အောင် မပြသနိုင်ခဲ့ဘူးလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Human Rights Watch ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေးအတွင်းဝန် ဦးမြင့်သူက ရိုဟင်ဂျာတွေကို NVC ခေါ် နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြားလျှောက်ဖို့ တိုက်တွန်းခဲ့ပြီး ရိုဟင်ဂျာတွေဘက်ကတော့ ဒီအစီအစဉ်ဟာ လူမျိုးခွဲခြားဆက်ဆံတဲ့ ၁၉၈၂  နိုင်ငံသားဥပဒေကို ဆက်လက်အသက်သွင်းဖို့ ရည်ရွယ်တာလို့ ထင်မြင်ကြတယ်လို့ ဆိုထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတဲ့စနစ်ကို ပယ်ဖျက်သင့်ပြီး ပထမဆုံးခြေလှမ်းအနေနဲ့ ပြဿနာများတဲ့ နိုင်ငံသားဥပဒေကို ပြန်ပြင်သင့်တယ်လို့ HRW က တိုက်တွန်းထားပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။