မြန်မာစစ်တပ် အနိုင်မရနိုင်ကြောင်း ဝါရှင်တန်စစ်တက္ကသိုလ်ပါမောက္ခ သုံးသပ်
မြန်မာစစ်တပ်ဟာ တရားဝင်ဖြစ်မှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့အပြင် ဘက်ပေါင်းစုံမှာ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်နေရတာဖြစ်တဲ့အတွက် အနိုင်ရမှာမဟုတ်ဘူးလို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023-10-25 -
-
-
အခုအချိန် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ခွဲကျော်ကြာလာပြီး မြန်မာနိုင်ငံအရေးဟာ ယူကရိန်း ကျူးကျော်စစ်လောက် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု မရဘဲ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့တဲ့ ရာဇဝင်ရှိတဲ့အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများဟာ ဒီတစ်ကြိမ်မှာလည်း မြန်မာစစ်တပ်ကပဲ အနိုင်ရလိမ့်မယ်လို့ ယူဆနေကြတဲ့အတွက် မြန်မာနိုင်ငံအရေးမှာ ဝင်မပါဘဲနေကြတာလို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာ (Zachary Abuza) က ဆိုပါတယ်။
ဒါပေမဲ့လည်း မြန်မာစစ်တပ်ဟာ တရားဝင်ဖြစ်မှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့အပြင် ဘက်ပေါင်းစုံမှာ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်နေရတာဖြစ်တဲ့အတွက် အနိုင်ရမှာမဟုတ်ဘူးလို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
အခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ သုံးရာကျော်နဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို တိုက်ပွဲဝင်နေပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ် အနိုင်မရနိုင်တဲ့ အကြောင်းရင်းကတော့ NUG ကြောင့် မဟုတ်ဘဲ စစ်တပ်ရဲ့ အားနည်းချက်ကြောင့်သာ ဖြစ်တယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
ပထမဆုံးအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူအင်အားဟာ ထင်ထားတာထက် အများကြီးလျော့နည်းနေပါတယ်။ မြန်မာစစ်တပ်မှာ စစ်သည်အင်အား နှစ်သိန်းဝန်းကျင်ရှိပြီး မြေပြင်စစ်ဆင်ရေးတွေဆောင်ရွက်မဲ့ ခြေမြန်တပ်မ ဆယ်ခု ရှိပါတယ်။
အကြမ်းဖျင်းအားဖြင့် တပ်ရင်း တစ်ခုကို တပ်သား နှစ်ရာဝန်းကျင်ရှိရမှာ ဖြစ်ပေမဲ့ ၂၀၂၂ စက်တင်ဘာလက ပေါ်ထွက်လာတဲ့ အမိန့်စာတစ်ခုအရ တပ်ရင်း တစ်ခုကို တပ်သား ၁၈၅ ဦးစာ နှုန်း တွက်ချက်ထားပြီး တပ်ရင်းအားလုံးရဲ့ ထက်ဝက်လောက်မှာ တပ်သား ၁၅၀ အောက်ပဲရှိတယ်လို့ ဖော်ပြထားပါတယ်။
မကြာခင်က ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ ခြေမြန်တပ်မ တစ်ခုမှာ လူအင်အား ၁၃၂ ဦးပဲ ရှိပြီး ဒီအထဲက ၇၀ ကို စစ်မြေပြင်ကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၂ ခုနှစ်လောက်ကတည်းက ရဲတပ်ဖွဲ့ဝင်တွေကို စစ်မြေပြင်ကို လွှတ်နေပြီး၊ အလယ်အလတ် အရာရှိတွေရဲ့ မိသားစုဝင်တွေကိုပါ စစ်သင်တန်းတွေ ပေးနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း မြန်မာစစ်တပ်ဟာ အရပ်သားဌာနဆိုင်ရာဝန်ထမ်းတွေကို ပြည်သူ့စစ်အဖွဲ့တွေအဖြစ် ခေါ်သုံးဖို့ ကြိုးစားခဲ့ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေ စတင်ကတည်းက တပ်သား သုံးသောင်းလောက်ကျဆုံးခဲ့ပြီး NUG ရဲ့ ပြောကြားချက်အရ ဘက်ပြောင်းလာတဲ့ တပ်သား တစ်သောင်းသုံးထောင်ကျော်အထိ ရှိသွားပြီလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ထဲမှာလည်း စစ်မြေပြင်ကိုထွက်ဖို့ အမိန့်မနာခံတဲ့အတွက် ဖမ်းဆီးအရေးယူခံရတဲ့ အရာရှိစစ်ဗိုလ်အရေအတွက် တိုးလာနေပါတယ်။
မြန်မာစစ်တပ်ရဲ့ လက်အောက်က စစ်တက္ကသိုလ် သုံးခုမှာဆိုရင်လည်း လျောက်ထားသူ ဗိုလ်လောင်းအရေအတွက် လျော့ကျနေပြီး လေ့ကျင့်သင်ကြားမှု အဆင့်အတန်းလည်း ကျဆင်းနေပါတယ်။
စစ်တပ်က နိုင်ငံအနှံ့မှာ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ ဆက်လုပ်နေတဲ့အတွက် စစ်တပ်ထဲ ဝင်ချင်သူ လူငယ်လူရွယ်အရေအတွက် ကျဆင်းနေတာ ဖြစ်ပါတယ်။
ဒုတိယ အကြောင်းပြချက်ကတော့ စစ်တပ်က ကျင့်သုံးနေတဲ့ မဟာဗျူဟာက အလုပ်မဖြစ်တာကြောင့် ဖြစ်ပါတယ်။
မြန်မာစစ်တပ်က အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေကို နှိမ်နှင်းတဲ့နေရာမှာ သုံးနေတဲ့ နည်းဗျူဟာဟာ ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုနဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ဆောင်ရွက်မဲ့ နည်းဗျူဟာမျိုးမဟုတ်ပါဘူး။
အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ လူသားတံတိုင်းအဖြစ် အသုံးပြုတာ၊ မုဒိမ်းမှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ပြီး အရပ်သားပြည်သူတွေ ကြောက်ရွံ့သွားအောင် လုပ်တဲ့နည်းလမ်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာဟာ မြန်မာစစ်တပ်ရဲ့ နည်းဗျူဟာဖြစ်ပါတယ်။
ဒီနည်းဗျူဟာဟာ အလုပ်မဖြစ်တဲ့အတွက်လည်း ဒီနေ့အချိန်မှာ မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင်က ထိန်းချုပ်ထားတဲ့ နယ်မြေထက် အလွန်နည်းပါးတဲ့ နယ်မြေဧရိယာကိုပဲ ထိန်းချုပ်နိုင်ပါတော့တယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် သုံးရာ့သုံးဆယ်ထဲက ငါးဆယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားဆဲဖြစ်ပြီး မြို့နယ်အားလုံးရဲ့ ၁၂ ရာခိုင်နှုန်း လောက်မှာ NUG က အခွန်ကောက်ခံနေပါတယ်။
ဒီလို အခြေအနေ ရောက်နေပေမဲ့ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ အလုပ်မဖြစ်တဲ့ နည်းဗျူဟာကို မစွန့်လွှတ်သေးဘဲ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလုပ်နေပါတယ်။
တတိယ အကြောင်းပြချက်ကတော့ မြန်မာစစ်တပ်ရဲ့ စီးပွားရေး အခြေအနေကိုပြသတဲ့ ညွှန်းကိန်းတွေအရ စစ်ခေါင်းဆောင်တွေမှာ သူတို့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ဘဏ္ဍာငွေရင်းမြစ်တွေ များများမရှိတော့တာကြောင့်ဖြစ်ပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၁၂ ရာခိုင်နှုန်းအထိ ကျုံ့သွားပြီး မြန်မာကျပ်ငွေရဲ့ တန်ဖိုးကလည်း ၂၅၀ ရာနှုန်းအထိ လျော့ကျသွားပါတယ်။
လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်း ၁၄ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ရှိနေပြီး စားသုံးဆီလို အခြေခံစားကုန်တွေ ပြတ်လတ်နေတဲ့အတွက် ပြည်သူတွေ တန်းစီဝယ်ယူနေရပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အချက်အလက်တွေအရဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ ဆီကရတဲ့ တူးဖော်ခွင့်ဝင်ငွေ တစ်ခုကလွဲရင် ကျန်တဲ့ အစိုးရဝင်ငွေအားလုံး ကျဆင်းနေပါတယ်။
အခြားဝင်ငွေရတဲ့လမ်းကြောင်းတွေဖြစ်တဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကထုတ်တဲ့ကုန်ပစ္စည်းတွေကို ပြည်သူတွေက မသုံးဘဲ သပိတ်မှောက်နေကြပါတယ်။
ဒါကြောင့် မြန်မာဘီယာလို ကုန်ပစ္စည်းတွေရဲ့ ရောင်းအားက ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းနေတဲ့အတွက် ဘီယာဆိုင်တွေ စတိုးဆိုင်တွေကို သေနတ်ပြပြီး အတင်းအဓမ္မ ရောင်းခိုင်းနေရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စင်ကာပူနဲ့ အခြားနိုင်ငံတွေက ဘဏ်လုပ်ငန်းတွေကို သုံးလို့ မရတော့ဘဲ အမေရိကန်ဒေါ်လာနဲ့ စီးပွားရေးလုပ်ဖို့ ခက်သထက် ခက်လာနေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ထိုင်းနဲ့ တရုတ်ကလာတာကလွဲရင် လုံးဝမရှိသလောက် ဖြစ်သွားပါတယ်။
ဒီလို ကျပ်တည်းနေတဲ့အချိန်မှာ မြန်မာစစ်တပ်ဟာ အခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို ၅၀ ရာခိုင်နှုန်းထပ်တိုးပြီး ဒေါ်လာ ၂.၇ ဘီလျံ တိုးယူလိုက်တာကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ အခြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် သုံးရမဲ့အထဲက လျော့သွားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာ နိုင်ငံ့စီးပွားရေးကို ဘယ်လိုမောင်းနှင်ရမလဲဆိုတာ လုံးဝနားမလည်တဲ့သူတွေဖြစ်ပြီး စီးပွားရေးအကြောင်း နားလည်ကျွမ်းကျင်သူတွေက ထောင်ထဲမှာ ဒါမှမဟုတ် ပြည်ပမှာ ရောက်နေပါတယ်။
အားလုံး ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ မြန်မာစစ်တပ်ဟာ တစ်ချိန်တည်းမှာ စစ်မျက်နှာတွေ အမြောက်အမြားဖွင့်ပြီး တိုက်နေရတာ ဖြစ်ပါတယ်။
ဒီလိုတိုက်နေရတဲ့ အချိန်ကလည်း ကြာသထက်ကြာလာပြီး ဆက်တိုက်နိုင်ဖို့ ထောက်ပံ့ပေးမဲ့ ဝင်ငွေရင်းမြစ်တွေကလည်း လျော့သထက် လျော့လာနေပါတယ်။
ဒါ့အပြင် သုံးနေတဲ့နည်းဗျူဟာကလည်း မှားယွင်းနေတဲ့အတွက် NUG ရဲ့ တရားဝင်ဖြစ်မှုနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုတွေ ပိုများလာအောင် လုပ်သလိုဖြစ်နေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
မြန်မာစစ်တပ်ဟာ ဒီတိုက်ပွဲကို အနိုင်ရဖို့ ဒါမှမဟုတ် အာဏာပြန်လည်စုစည်းနိုင်ဖို့ ဖြစ်နိုင်ခြေမရှိပါဘူး။
ဒါကြောင့်လည်း နိုင်ငံတကာအသိုက်အဝန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ဖို့ ဝိုင်းလုပ်ပေးကြဖို့ လိုတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ NUG ကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လွတ်မြောက်နယ်မြေတွေထဲမှာ အစိုးရ တစ်ရပ်လို စီမံအုပ်ချုပ်နိုင်ပြီး ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိအောင် ကြိုးပမ်းမှုတွေကို ကူညီကြဖို့လိုပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးသတ်သွားတဲ့နောက် မြန်မာနိုင်ငံကို နိုင်နိုင်နင်းနင်း စီမံအုပ်ချုပ်နိုင်စွမ်းရှိတဲ့ အစိုးရဖြစ်လာအောင် ကူညီပေးဖို့ လိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာသုံးပြီး စီးပွားရေး မလုပ်နိုင်တော့အောင်နဲ့ စစ်လက်နက်တွေ ဝယ်ယူတင်သွင်းဖို့ မလုပ်နိုင်တော့အောင် ပိုပြီးတင်းကြပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့လိုပါတယ်။
အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်မလုပ်နိုင်အောင် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှု လုံးဝ ပိတ်ပင်ဖို့လည်းလိုပါတယ်။
မြန်မာစစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အထောက်အထားနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို နောင်တချိန်မှာ တရားစီရင်နိုင်တဲ့အခါ အသုံးပြုနိုင်အောင်ထိန်းသိမ်းထားဖို့ NUG ကို အကူအညီပေးဖို့လည်း လိုပါတယ်လို့ ဆောင်းပါးရှင်က အကြံပြုထားပါတယ်။
နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ပြီးအလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပေးဆောင်စရာရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို စစ်ကောင်စီကနေ ယူသုံးလို့မရမဲ့ Escrow အကောင့်တွေထဲမှာ ထည့်ပြီး ပေးသင့်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့နိုင်ခြေရှိသေးတယ်လို့ မှားယွင်းစွာခန့်မှန်းတွက်ချက်ပြီး ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေတာကို ရပ်တန့်အောင်လုပ်ဖို့ လိုပါတယ်။
စစ်မြေပြင်နဲ့ စီးပွားရေးကဏ္ဍက လက်တွေ့ အခြေအနေတွေအရ မြန်မာစစ်ခေါင်းဆောင်တွေအတွက် အချိန်များများ မကျန်တော့ဘူးဆိုတာ ပေါ်လွင်နေပါတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ထားပါတယ်။
(မှတ်ချက်။ Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)