တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ အထောက်အကူနဲ့ စစ်ကောင်စီ ဆက်လက်ရပ်တည်နေ
အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်၊ ရုရှားနဲ့အိန္ဒိယတို့ရဲ့ အထောက်အကူနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ခဲ့ကြောင်း နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
- 2022-11-03
-
-
-
မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးကို တရုတ်၊ရုရှားနဲ့အိန္ဒိယတို့က ထောက်ပံ့ကူညီနေတယ်လို့ Aljazeera သတင်းကဖော်ပြပါတယ်။
နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့ကလည်း အာဆီယံရဲ့ မအောင်မြင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ကျော်လွှားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUGကို တရားဝင်အသိအမှတ်ပြုဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်၊ ရုရှားနဲ့အိန္ဒိယတို့ရဲ့ အထောက်အကူနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ခဲ့ကြောင်း နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့တစ်ဖွဲ့ကလည်း ပြောဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်စောင်မှာတော့ အဲဒီလိုကျူးလွန်နိုင်ခဲ့တာဟာ လွှတ်တော်အမတ်တွေ အထူးသဖြင့် တရုတ်နဲ့ ရုရှားရဲ့ အထောက်အပံ့ကြောင့်ဖြစ်ပြီး အာဆီယံအဖွဲ့က တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကတော့ တိုးတက်မှု ကင်းမဲ့နေကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် အခုအချိန်ဟာ အာဆီယံရဲ့အစီအစဉ်ကို စွန့်လွှတ်ပြီး မြန်မာ့ဒီမိုကရက်တစ် အတိုက်အခံဘက်ကို ထောက်ခံအားပေးရမှာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြောပါတယ်။
APHR ဟာ မြန်မာမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုအပေါ် လေးလကြာ စုံစမ်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
ဒီကိစ္စမှာ အရေးအကြီးဆုံးက ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမြန်ဆုံး အသိအမှတ်ပြုပြီး၊ နိုင်ငံတွင်းမှာ အာဏာတည်စေဖို့၊ NUG အတွက် ရန်ပုံငွေဖြည့်ဆည်းဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အဲဒါတွေကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်း နိုင်ငံ့စီးပွားရေး ပြိုလဲမတတ်ဖြစ်နေပြီး အရင်က မကြုံဘူးခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြောပါတယ်။
အခုအခါ မြန်မာနိုင်ငံတွင်းမှာ ပြည်သူ ၁.၂ သန်းကျော် ပြည်တွင်းနေရာရွှေ့ပြောင်းခဲ့ကြရပြီး အနည်းဆုံးတစ်သောင်းခွဲဝန်းကျင်၊ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချခံရ၊ အနည်းဆုံး ပြည်သူ ၂၄၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံတွင်း အခြေအနေတွေအပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေချိန်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ အီးယူဥရောပသမဂ္ဂတို့က မြန်မာစစ်တပ်နဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ပိတ်ဆို့အရေးယူခဲ့ပေမယ့် စစ်ကောင်စီဟာ ရုရှားနဲ့တရုတ် ကျောထောက်နောက်ခံနဲ့ အာဏာဆက်ရှိနေတာပါ။အိန္ဒိယကလည်း မြန်မာစစ်တပ်နဲ့ ဆက်ဆံမှုတွေရှိနေပါသေးတယ်။
အဲဒီလို အစိုးရတွေရဲ့ အထောက်အပံ့တွေနဲ့ တရားဝင်မှုပြုခံထားရတဲ့လို့ စစ်ကောင်စီဟာ ဆက်လက်ရှင်သန်နေပြီး လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ အများအပြားကျူးလွန်ခဲ့ကြောင်း Aljazeera သတင်းက ဖော်ပြပါတယ်။
ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတွင်းက အကျိုးစီးပွားတွေကို ရှုမြင်နေကြတာဖြစ်သလို မြန်မာစစ်တပ်ကလည်း သူ့ရဲ့အကျိုး စီးပွားအတွက် အဲဒီနိုင်ငံတွေနဲ့ ဆက်ဆံခွင့်ရတာကြောင့် လက်ရှိ ၂၀၂၂ ခုနှစ် အတွင်း ထောက်ပံ့မှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာစစ်တပ်အပေါ် အရေးယူဆောင်ရွက်ရေးကိစ္စတွေမှာ တရုတ်နဲ့ ရုရှားက တားဆီး ကန့်ကွက်ပေးခဲ့ကြသလို မြန်မာစစ်တပ်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တရုတ်နဲ့ရုရှားထောက်ပံ့တဲ့ လက်နက်တွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းစတင်ခဲ့စဉ်က သတိနဲ့ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ တရုတ်အစိုးရဟာ အခုတော့ စစ်တပ်ရဲ့ ကျေးဇူးရှင် အကြီးစားဖြစ်နေပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့စဉ်က စိုးရိမ်မကင်းဖြစ်ခဲ့တဲ့ တရုတ်ဟာ အခုတော့ စစ်တပ်ရဲ့အကြီးဆုံး မိတ်ဆွေ ဖြစ်သွားခဲ့ပါတယ်။
စစ်တပ်ကခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တွေ့ဆုံဆွေးနွေးခဲ့သလို တခြားဒေသတွင်း အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တချို့ကလည်း တရုတ်ရဲ့ ထောက်ခံအားပေးမှုဟာ အာဆီယံရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်စွမ်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်စွမ်းတွေကို လျော့ပါးစေတယ်လို့ ဝေဖန်ကြပါတယ်။
ရုရှားကတော့ မြန်မာစစ်ကောင်စီကို အစကတည်းက ထောက်ခံကြောင်း ပြသခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့တပ်မတော်နေ့ အခမ်းအနားမှာ ရုရှားက ကိုယ်စားလှယ်စေလွှတ်ခဲ့သလို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှားရဲ့ အခမ်းအနားပွဲ အနည်းဆုံးသုံးကြိမ် သွားရောက်ခဲ့ပါတယ်။