ဗဟိုဘဏ်ရဲ့ ဒေါ်လာအမိန့် နိုင်ငံတကာသံရုံးနဲ့ လုပ်ငန်းရှင်တွေအပေါ် ရိုက်ခတ်မှုကြီးမား

စစ်ကောင်စီမှာ ဒေါ်လာပြတ်နေတာကြောင့် ဗဟိုဘဏ်က ဒီလိုအမိန့်ထုတ်တာလို့ ပြည်တွင်း စီးပွားရေးပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။

ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နေတာကို တွေ့ရစဥ် AFP Photo

မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ အမေရိကန်ဒေါ်လာအပါအဝင် လူတိုင်းရဲ့ နိုင်ငံခြားငွေ ကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေမှာ တစ်ရက်အတွင်း သတ်မှတ်စျေးနဲ့ ပြန်ရောင်းရမယ်ဆိုတဲ့ စစ်ကောင် စီ ဗဟိုဘဏ်ရဲ့အမိန့်ဟာ နိုင်ငံတကာ သံရုံးတွေအပါအဝင် သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင် တွေ၊ ငွေကြေးဆိုင်ရာလုပ်ငန်းရှင်တွေ အပေါ် ကြီးကြီးမားမား ရိုက်ခတ်ပြီး အခက်အခဲဖြစ် ကုန်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ပြည်တွင်းကိုဝင်ရောက်လာတဲ့ နိုင်ငံခြားငွေ၊ အထူးသဖြင့် အမေရိကန်ဒေါ်လာကို တစ်ရက်အတွင်း နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer License - AD) လိုင်စင်ရဘဏ်တွေမှာ ပြန်ရောင်းဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဧပြီ ၃ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပကို နိုင်ငံခြားငွေသုံးပြီး သွင်းကုန်အတွက် ပေးချေတာ၊ ဝန်ဆောင်မှုနဲ့ အခြား စရိတ်အတွက် ပေးချေတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းတာ၊ အမြတ်ဝေစု ပေးပို့တာနဲ့ ရင်းနှီးငွေပြန်ပို့တာ၊ ပြည်ပချေးငွေနဲ့ အတိုးတွေ ပြန်ဆပ်တာအပြင် အသုံးစရိတ်တွေ လွှဲတာအားလုံး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက် ယူရမယ်လို့ အဲဒီအမိန့်မှာ ဖော်ပြထားပါတယ်။

အဲဒီအမိန့်မှာ ဧပြီလ ၃ ရက်မတိုင်ခင် ဖွင့်လှစ်ထားတဲ့ ငွေစာရင်းအားလုံးပါ အကျုံးဝင်သလို အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နဲ့ ရောင်းချရမှာဖြစ်ပြီး စျေးနှုန်း အပြောင်းအလဲရှိရင် ထပ်ပြီး ညွှန်ကြားမယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီမှာ ဒေါ်လာပြတ်နေတာကြောင့် ဗဟိုဘဏ်က ဒီလိုအမိန့်ထုတ်တာလို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ပြည်တွင်း စီးပွားရေးပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။

“ခုကတော့ ရှင်းရှင်းပြောရရင် အစိုးရက ဒေါ်လာပြတ်လို့ လုပ်တဲ့လက္ခဏာပဲ။ အစိုးရလက်ထဲမှာ ဒေါ်လာငွေ နည်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတာပေါ့။ အဲလို လုပ်လိုက်တဲ့အတွက်ကြောင့် ဒေါ်လာက ပိုပြီးတော့ ရှားသွားမှာပေါ့။ ဒေါ်လာ ရောင်းတာ ဝယ်တာ ကိစ္စတွေဟာ မှောင်ခိုသဘောမျိုး ဖြစ်သွားမယ်ပေါ့။ အဲဒါဆိုရင် ဗမာကျပ်ငွေတန်ဖိုး ပိုပြီးတော့ ကျဖို့ရှိတာပေါ့။ ပိုဆိုးဖို့ပဲ ရှိတာပေါ့။ ဒေါ်လာနဲ့သွင်းရတဲ့ သွင်းကုန် ပစ္စည်းတွေ က ပိုပြီးတော့ စျေးတက်ဖို့ပဲ ရှိတာပေါ့”

ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်က တင်သွင်းနေတဲ့ ပစ္စည်းတွေကတော့ ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေကို မြန်မာ ကျပ်နဲ့ တိုက်ရိုက်လဲလှယ်ပေးချေနိုင်တာမို့ ပုံမှန်အတိုင်း ရှိနေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြားကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာမယ့် မည်သည့် ကိစ္စနဲ့ ပတ်သက် တဲ့ အမေရိကန်ဒေါ်လာကိုမဆို နိုင်ငံခြားသုံးငွေ ကြီးကြပ် မှုကော်မတီက ခွင့်ပြုထားတဲ့ ပမာဏကလွဲလို့ မြန်မာ ကျပ်ငွေအဖြစ် ပြောင်းလဲပေးရမှာ ဖြစ်ပြီး နိုင်ငံခြားကိုတင်ပို့ရမယ့် ငွေကိုလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို တင်ပြပြီး ခွင့်ပြုချက်ယူရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်ဒေါ်လာ (USD) နဲ့ လစာရနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးကတော့ ဘဏ်ထဲ ကို ဝင်လာတဲ့ လစာငွေတွေ ထုတ်မရ၊ လွှဲမရဖြစ်ပြီး တော်တော်အဆင်မပြေဘူးလို့ RFA ကို ပြောပါတယ်။

“ဘဏ်တွေက ဘာပြောလဲဆိုတော့ CBM (ဗဟိုဘဏ်)ရဲ့ ညွှန်ကြားချက်အရ ဒေါ်လာ USD အကောင့်တွေကို လွှဲလည်း လွှဲမပေးဘူး။ အရွက်လည်း ထုတ်လို့မရဘူး။ ကိုယ့် အကောင့်ကနေ အခြားအကောင့်ကို ဘဏ်အတူတူ ချိန်းလည်း မရဘူး။ ဘဏ်မတူတဲ့ USD အကောင့်တွေကိုလည်း ပေးမလွှဲဘူးဆိုပြီးတော့ အထက်ကနေ ညွှန်ကြားထား တယ်ပေါ့နော်။ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမထုတ်မချင်း ဒီ Service ကို ဘာမှ မပေးပါနဲ့ဆိုပြီး တော့ ဖုန်းနံပါတ်ပဲ ယူထားလိုက်တယ်။ လိုအပ်ရင် ပြန်ဆက် သွယ်ပါမယ်ပဲ ပြောတယ်။ မိုဘိုင်းလ် App ထဲကနေ လည်း Transfer လုပ်လို့ မရတော့ဘူး။ ကိုယ့်ရဲ့ အကောင့်ထဲမှာရှိတဲ့ US ဒေါ်လာတွေက ဂဏန်းပဲ မြင်ရတယ်။ ဘာမှ လုပ်လို့ မရတော့ဘူး။ မွဲသွားပြီ။ အခု ပိုက်ဆံထပ်ဝင်တဲ့ဟာ ရှိတယ်။ အဲဒါတွေ အကုန်လုံးက ဒေါ်လာနဲ့ လုံး၀ မဝင်တော့ဘဲနဲ့ အော်တိုမက်တစ်ကို မြန်မာငွေနဲ့ ဖြစ်သွားပါတယ်ခင်ဗျ။ တော်တော်ကို အဆင်မပြေတဲ့ ကိစ္စကြီး ဖြစ်သွားတာ”

အရင်က ဒေါ်လာ တစ်သောင်း ရနေတဲ့သူဟာ လက်ရှိပြင်ပပေါက်စျေးနဲ့ဆိုရင် ကျပ် သိန်း၂၀၀ ရရှိမှာဖြစ်ပေမယ့် အခု ဗဟိုဘဏ်အမိန့်ကြောင့် ကျပ် ၁၈၅ သိန်းပဲ ရတော့မှာပါ။

သွင်းကုန်သမားတွေကို ဒေါ်လာအလုံအလောက် ပြန်ရောင်းပေးရင် စားသုံးဆီနဲ့ စက်သုံးဆီစျေး ကျဆင်းလာ နိုင်ပေမဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်းနဲ့ ပဲ ထုတ်လုပ်တဲ့သူတွေ အတွက်တော့ ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ဒီ Exporter တွေအတွက်ကတော့ လောလောဆယ် ပြောင်းလဲသွားတဲ့ ငွေစျေး ကြောင့်ပေါ့နော် ရှိတဲ့ငွေတွေကို ကျပ် ၁၈၅၀ နဲ့ ရောင်းရတော့ သူတို့အတွက် နစ်နာမှုရှိတာပေါ့။ အကြမ်းဖျင်းအားဖြင့် ၁၀.၈ ရာခိုင်နှုန်းလောက် ဆုံးရှုံးတယ်။ တစ်ဒေါ်လာကို ကျပ် ၂၀၀ လောက် ဆုံးရှုံးသွားတာပေါ့။ နောက်ပိုင်းကျရင် ဒီငွေကို Importer တွေ ကို ရောင်းပေးမယ်လို့ ကြားတယ်။ ဘယ်လို ရောင်းမလဲတော့ မသိသေးဘူး။ အလုံအလောက် ရောင်းပေးမယ် ဆိုရင်တော့ စက်သုံးဆီတို့၊ စားသုံးဆီတို့ ဒါတွေကတော့ ကျသွားနိုင်တဲ့ သဘောလို့ မြင်တယ်။ ဒါပေမဲ့ ရေရှည်မှာ ဘာဖြစ်မလဲ ဆိုရင်တော့ ဆန်တို့၊ ဆန်ကွဲတို့၊ ပြောင်းတို့၊ ပဲတို့ ဒါတွေလုပ်တဲ့သူတွေ လယ်သမားတွေ ကတော့ သူတို့ ရောင်းမယ့် ကုန်ပစ္စည်းတွေကို စျေးချပြီးရောင်းရမယ့်သဘော ဖြစ်သွား တော့ သူတို့အတွက်ကတော့ ဒါ ထိခိုက်မှုတွေ ရှိနိုင်တယ်”

ဒါပေမဲ့ တစ်လလောက် စောင့်ကြည့်ပြီးမှသာ ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာ တိတိကျကျ သိရမယ်လို့လည်း ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ဒီအမိန့်ညွှန်ကြားချက်ဟာ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေရဲ့ နိုင်ငံခြားငွေ စာရင်းတော့ မပါဝင်ဘူးဆိုပြီး ဧပြီလ ၅ ရက်နေ့မှာ ထပ်မံထုတ်ပြန်ထား ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ဗဟိုဘဏ်ရဲ့ ငွေကြေး စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ကျော်သန်း ကို RFA က မနေ့က ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေးလုပ်ပြီးမှသာ တိတိ ကျကျ သိရမယ်လို့သာ ပြန်ဖြေပါတယ်။

“ကျနော်တို့က ဗဟိုဘဏ်အဖွဲ့ဝင်တော့ မှန်တယ်။ ဒါပေမဲ့ အဲဒါတွေက ကျနော်တို့ အစည်းအဝေး မစသေးဘူး ဗျ။ အစည်းအဝေး မလုပ်သေးဘူး။ အစည်းအဝေးလုပ် တဲ့အချိန်မှ သိမှာ ကျနော်တို့လည်း အဲဒါတွေက”

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလ ၃ ရက်နေ့ကလည်း ပြည်ပကို ပို့ကုန်အဖြစ် တင်ပို့ ရောင်းချနေသူတွေရဲ့ ပို့ကုန် ရငွေ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာကို တစ်လ အတွင်း မိမိရဲ့ဘဏ်အကောင့် ဒါမှမဟုတ် ကုမ္ပဏီအကောင့် ထဲ ထည့်ဖို့နဲ့ AD လိုင်စင်ရ လုပ်ငန်းတွေနဲ့ AD လိုင်စင်ရဘဏ်တွေကို ရောင်းချဖို့ အမိန့်ထုတ်ပြန်ခဲ့ဖူးပါတယ်။

အခုထပ်မံထုတ်ပြန်တဲ့ ပြည်ပငွေကြေးနဲ့ ပတ်သက်တဲ့ အမိန့်ဟာ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး တစ်ဆင့်ချင်း ပိုတင်းကျပ်လာတဲ့ သဘောလို့ ဒေါ်လာဘဏ်စာရင်း အသုံးပြုသူတွေက ပြောပါတယ်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တွေ့ရစဉ် (Photo: RFA)

ဗဟိုဘဏ်နဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေမှာ ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်ရမယ်လို့ တရားဝင် ပြဋ္ဌာန်းထား ပေမယ့် လက်တွေ့လုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီစိတ်ကြိုက် ခန့်အပ်ထားသူတွေပေါ်မှာပဲ မူတည်နေတော့ တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“ဗဟိုဘဏ် ဥပဒေအရတော့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းပေါ့နော်။ အစိုးရအဖွဲ့ အစည်းရဲ့ လွှမ်းမိုးချုပ်ကိုင် မှု မခံရဘူးဆိုတဲ့သဘောမျိုး ပြဋ္ဌာန်းထားတာပေါ့။ သို့သော် လည်းပဲ ဒီဗဟိုဘဏ်ရဲ့ တာဝန်ရှိတဲ့သူတွေကို ဘယ်သူက ခန့်သလဲဆိုတာက အဓိက ကျတယ်လေ။ လက်ရှိခန့်ထားတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌအပါအဝင် ဆုံးဖြတ်ပေး မယ့်သူတွေက နစက က ရွေးချယ်ခန့်ထားတဲ့ သူတွေဆိုတော့ ဥပဒေအရ ဘယ်လိုပဲ လွတ်လပ်တယ် ဆိုဆို နစက ရဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်ညွှန်ကြားချက်အတိုင်းပဲ သူတို့ ဒီအတိုင်း လုပ်နေကြတာပေါ့။ အဲတော့ ဒီလိုအချိန်ကာလမျိုးမှာ ဥပဒေနဲ့ ညီတယ်၊ မညီဘူးဆိုတာ သုံးသပ်ရ တော်တော်ခက်တယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ-၇ အရ ဗဟိုဘဏ်ဟာ မိမိရဲ့အဓိကရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေ အောင်မြင်စေဖို့ ဒီဥပဒေပါ လုပ်ငန်းတာဝန်တွေကို အကောင်အထည် ဖော်ရာမှာ မိမိကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်နိုင် တယ်လို့ ပါရှိပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ဗဟိုဘဏ်ဟာ ငွေကြေးဆိုင်ရာ အမိန့်တွေကို အမျိုးမျိုးပြောင်းလဲ ထုတ်ပြန်နေတာ တွေ့ရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွား ရေးနဲ့ ဥပဒေရေးရာ ပညာရှင်တွေက ထောက်ပြ ဝေဖန်ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာအမိန့်ကြောင့် ရန်ကုန်ရှိ ဂျပန်သံရုံးနဲ့ JICA အပါအဝင် ဂျပန်စီးပွားရေး လုပ်ငန်းတွေ ဆက်လုပ်ဖို့ ခက်ခဲစေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌထံ စာရေးအကြောင်းကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီလ ၄ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

"ဒေါ်လာ ရောင်းတာ ဝယ်တာ ကိစ္စတွေဟာ မှောင်ခိုသဘောမျိုး ဖြစ်သွားမယ်ပေါ့"

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်လာအများဆုံး အသုံးပြုနေတဲ့ ရန်ကုန်ရှိ အမေရိကန်သံရုံးကို RFA က ဒီကနေ့ အီးမေးလ်က တစ်ဆင့် စာရေးမေးမြန်းရာမှာ သံရုံးပြောရေးဆိုခွင့်ရှိသူက စစ်အစိုးရရဲ့ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ လ အာဏာသိမ်းပြီးနောက်မှာ လွဲချော်တဲ့ စီမံခန့်ခွဲမှုတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ စီးပွားရေး ဝန်းကျင်ကို သိသိ သာသာ ထိခိုက်ပျက်စီးစေတယ်၊ ဗဟိုဘဏ်ရဲ့ စည်းမျဥ်းအသစ်တွေဟာ မြန်မာ့စီးပွားရေး ကို ပိုကျဆင်းစေမယ့် နောက်ဆုံး ခြေလှမ်းဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

ဒီစည်းမျဥ်းအသစ်တွေကြောင့် မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်တွေဟာ သိသာတဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရပြီး ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာနိုင်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတွေလည်း တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားတယ်လို့ လည်း သံရုံးပြောရေးဆိုခွင့်ရှိသူကထောက်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ရေရှည် တည်တံ့မယ့်လမ်းကြောင်း မဟုတ်တာကြောင့် ညှိနှိုင်းဆွေးနွေးပြီး စည်းမျဉ်းတွေကို ပြန်လည် သုံးသပ်တာ ဒါမှမဟုတ် ရုပ်သိမ်းတာတွေဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးကတော့ ဗဟိုဘဏ်ရဲ့ ဒီအမိန့်ဟာ ကောင်းကျိုး တစ်ခုမှ မရှိနိုင်ပေမယ့် စက်သုံးဆီလို သွင်းကုန်တန်ဖိုးတွေ စျေးကျမလားဆိုတာကိုတော့ စောင့်ကြည့်ဖို့လိုမယ် လို့ RFA ကို ပြောပါတယ်။

“ကောင်းကျိုးကတော့ ဘာမှမရှိဘူး။ သွင်းကုန်တန်ဖိုးကျလာမယ်လို့ တချို့တွေ ပြောတယ်။ တကယ်ကျမလား စောင့်ကြည့်လိုက်ပေါ့။ ဥပမာ - စက်သုံးဆီစျေးက ၂၀၀၀ ရှိတယ်ဆိုရင် ၁၀ ရာခိုင်နှုန်းကျမယ်ဆိုရင် ၂၀၀ ကျသွားရင် ၁၈၀၀ အောက်ကို ရောက် မလား ကြည့်လိုက်ပေါ့ဗျာ။ ဥပမာ - တစ်ပတ်အတွင်းရောက်မလား။ အဲလိုရောက်သွား တယ်ဆိုရင်တော့ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိ တစ်ဖက်ကပြန်ကြည့်ရင် ကောင်းတယ်လို့ ပြောလို့ရနိုင်တယ်။ ဆိုးကျိုးက ဘာဖြစ်မလဲဆိုတော့ ပို့ကုန်လုပ်ငန်းရှင် တွေက တစ်ဒေါ်လာကို ၂၀၀၀ ကျော်လောက်ကို ပေါက်တဲ့ ပိုက်ဆံက အခု ၁၈၅၀ ဆိုတော့ သူတို့အတွက်က တစ်ဒေါ်လာတိုင်း တစ်ဒေါ်လာတိုင်းမှာ ၂၀၀ လောက် သူ နစ်နာသွားတယ်ပေါ့။ နောက်တစ်ခုက ဘာလဲဆိုတော့ ရလာတဲ့ မြန်မာ ငွေကိုလည်း သူက သတ်မှတ်ထားတဲ့ ပမာဏထက် ထုတ်လို့မရဘူး။ ဆိုတော့ အမှန်က တစ်ဖက်က တင်းရင် တစ်ဖက်က လျှော့ပေးရမယ်”

ဒေါ်လာနှင့် ကျပ်ငွေ ကိုင်ဆောင်ထားသူများကို တွေ့ရစဥ် (AFP Photo)

ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစလို့ မြန်မာကျပ်ငွေတန်ဖိုးကို ထိန်းဖို့ဆိုပြီး အမေရိကန်ဒေါ်လာ ကို တောက်လျှောက် ထုတ်ရောင်းနေရတာကြောင့် လက်ကျန်အရန် ငွေပမာဏကို ထိန်းချင်လို့ အခုလိုလုပ်တာ ဖြစ်နိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

ဒေါ်လာနေရာမှာ တရုတ်ယွမ်ငွေနဲ့ အစားထိုးချင်တာကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်တယ်လို့ သူတို့က ဆိုပါတယ်။

စစ်ကောင်စီဟာ မြန်မာကျပ်ငွေစျေး ကျဆင်းနေတာကို ထိန်းချုပ်နိုင်အောင် ဗဟိုဘဏ်ရဲ့ အရန်ဒေါ်လာတွေ ဆက်တိုက်ထုတ်ရောင်းတာ၊ သွင်းကုန် ပို့ကုန်ကရတဲ့ဒေါ်လာတွေကို မဖြစ်မနေ ကျပ်ငွေ ပြန်ပြောင်းခိုင်းတာ အပြင် တစ်ဖက်မှာလည်း ရွှေနဲ့ ငွေကြေးဈေးကွက် တည်ငြိမ်မှုရှိဖို့ဆိုပြီး ကော်မတီဖွဲ့ စစ်ဆေးအရေးယူဖို့လည်း ပြင်ဆင်နေတာပါ။

ဒါ့အပြင် ဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ ငွေတွေကို အာဏာသိမ်းပြီးကတည်း က ပြန်ထုတ်ပေးဖို့ ကန့်သတ်တာအပြင် အိမ်၊ ခြံ၊ မြေ၊ ကား စတဲ့ တန်ဖိုးရှိပစ္စည်းတွေ ရောင်းရင်လည်း ကျပ်သိန်း ၂၀၀ အထိသာ ငွေသားနဲ့ ပေးချေပြီး ကျန်တာကို ဘဏ်ကနေ ပေးချေရမယ်ဆိုတဲ့ တင်းကျပ်မှုတွေ ဆက်တိုက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံပိုင်ဘဏ် လေးခု၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၇ ခု၊ နိုင်ငံခြား ဘဏ်ခွဲ ၁၇ ခုနဲ့ နိုင်ငံခြား ဘဏ်လုပ်ငန်းခွဲ သုံးခု စုစုပေါင်း ၅၁ ခု ရှိတဲ့အနက် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာနက ခွင်ပြုထားတဲ့ AD လိုင်စင်ရ နိုင်ငံပိုင်ဘဏ် သုံးခု၊ ပုဂ္ဂလိကဘဏ် ၂၁ ခု၊ နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုနဲ့ နိုင်ငံခြားဘဏ်တွေရဲ့ လက်အောက်ခံဘဏ် သုံးခု စုစုပေါင်း ၄၄ ခု ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org