ဗြိတိန်သံရုံးအကြီးအကဲ မြန်မာပြည်က ထွက်ခွာရမှု စစ်ကောင်စီကို ပြစ်တင်ဝေဖန်ကြ
နိုင်ငံတကာသတင်းတွေမှာတော့ ဗြိတိန်သံရုံးယာယီတာဝန်ခံကို မြန်မာစစ်ကောင်စီက ဖိအားပေးနှင်ထုတ်လိုက်တာဖြစ်ကြောင်းနဲ့ အခုလို ဆောင်ရွက်မှုကြောင့် အနောက်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီဟာ ပိုမိုအထီးကျန် ဝိုင်းပယ်ခံရမှာဖြစ်ကြောင်း ဝေဖန်ရေးသားနေကြပါတယ်။
- 2022-07-14
-
-
-
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံး အကြီးအကဲ Pete Vowles က သူ့ကို စစ်ကောင်စီက ထွက်ခွာ ခိုင်းတဲ့အတွက် တာဝန်တွေကို ဒီကနေ့ ရုတ်တရက် ရပ်ဆိုင်းလိုက်ရပြီလို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဇူလိုင် ၁၃ ရက်နေ့က ရေးသားခဲ့ပါတယ်။ တဆက်တည်းမှာပဲ အခုလို အဓမ္မဖိအားပေးလို့ မြန်မာနိုင်ငံက ထွက်ခွာရမှုအတွက် ဝမ်းနည်းမိပေမယ့် စစ်ကောင်စီက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်စွာ အာဏာသိမ်းခဲ့မှုကို တရားဝင်အသိအမှတ်ပြုဖို့ ဖိအားပေးခဲ့တာကို မိမိတို့လက်မခံဘဲ ငြင်းပယ်နိုင်ခဲ့မှုအတွက်တော့ ဝမ်းသာမိပါတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတန်သံရုံးယာယီတာဝန်ခံ Pete Vowles က ရေးပါတယ်။
“အခုလိုမျိုး ဗြိတိသျှသံအမတ်ကြီးအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ တောက်လျှောက်နေသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၄ ရက်နေ့ မနေ့က တုံ့ပြန်ပြောကြားရာမှာ Pete Vowles ကို သံအမတ်ကြီးအဖြစ်ခန့်အပ်ဖို့ ဗြိတိန်အစိုးရက အဆိုပြုခဲ့တဲ့အတွက် သဘောတူခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံကို ရောက်ရှိပြီးနောက် သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီခေါင်းဆောင်ထံ လာရောက်ပေးအပ်ခဲ့ခြင်းမရှိကြောင်း၊ ဒါကြောင့် သူ့ရဲ့ ပြည်ဝင်ခွင့် ဗီဇာကို ကန့်သတ်ခဲ့ကြောင်း၊ အဲဒီနောက်မှာ ဗြိတိန်အစိုးရက သူ့ကို သံအမတ်ကြီးအစား သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းလဲခန့်အပ်မယ်လို့ အဆိုပြုခဲ့တဲ့အတွက် လက်မခံဘဲ တခြားသူတစ်ဦးဦးကို အစားထိုး အဆိုပြုဖို့ ဗြိတိန်အစိုးရကိုပြောခဲ့ကြောင်း၊ အခု နောက်ဆုံးမှာတော့ သူ့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့အတွက် မြန်မာနိုင်ငံကို ဇွန်လ ၂၁ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်အတွင်း ဝင်ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် Pete Vowles ဟာ သူ့ရဲ့ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းမကုန်ခင် မြန်မာပြည်က ထွက်ခွာသွားခြင်းသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက အခုလိုပြောပေမယ့် နိုင်ငံတကာသတင်းတွေမှာတော့ ဗြိတိန်သံရုံးယာယီတာဝန်ခံကို မြန်မာစစ်ကောင်စီက ဖိအားပေးနှင်ထုတ်လိုက်တာဖြစ်ကြောင်းနဲ့ အခုလို ဆောင်ရွက်မှုကြောင့် အနောက်နိုင်ငံတွေနဲ့သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီဟာ ပိုမိုအထီးကျန် ဝိုင်းပယ်ခံရမှာဖြစ်ကြောင်း ဝေဖန်ရေးသားနေကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက Mr. Pete Vowles နဲ့ ဗြိတိန်အစိုးရရဲ့ လုပ်ဆောင်ချက်ကို ကျေးဇူးတင်ကြောင်း ချီးမွမ်းပြောဆိုလိုက်ပါတယ်။
“အခုလိုမျိုး ဗြိတိသျှသံအမတ်ကြီးအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ တောက်လျှောက်နေသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သံတမန်တစ်ဦးအနေနဲ့ တတ်နိုင်သမျှ ဘောင်ထဲက လုပ်သွားတဲ့အတွက် ချီးကျူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုအနေအထားမှာUK အနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ပုံစံမျိုးတစ်ခုခုဖြစ်မှာကို သတိထားပြီးတော့ ဆောင်ရွက်သွားတယ်။ ဒါကြောင့်မို့လို့ ကျနော် လေးလည်းလေးစားတယ် ချီးလည်းချီးကျူးတယ်။ ဒီလိုမျိုးပေါ့နော်။ ဘယ်နိုင်ငံကမှလည်း စစ်ကောင်စီကို အသိအမှတ်မပြုကြဖို့ ကျနော်တိုက်တွန်းလိုပါတယ်”
လက်ရှိမှာ အနောက်နိုင်ငံအများအပြားက စစ်ကောင်စီအာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို လျှော့ချတဲ့အနေနဲ့ သံအမတ်ကြီးအဆင့်မထားဘဲ ယာယီသံရုံးတာဝန်ခံတွေပဲ ခန့်အပ်ထားပါတယ်။
အခုလို တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမခံရတဲ့အတွက် စစ်ကောင်စီဟာ နိုင်ငံတကာ အသိုင်းအဝန်းမှာ အကြီးအကျယ် ဂုဏ်သိက္ခာကျဆင်းနေရတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဝေဖန်ပါတယ်။
“နိုင်ငံတော်တော်များများကနေပြီးတော့ သူတို့ရဲ့ သက်ဆိုင်ရာ သံအမတ်ကြီးတွေကို ယာယီသံရုံး တာဝန်ခံတွေအဖြစ် အဆင့်လျှော့ချတဲ့ အကြောင်းတွေကို ပြိုင်တူလုပ်နေကြပါတယ်။ သဘော သဘာဝက ဘာလဲဆိုတော့ သံအမတ်ကြီး အဆင့်ဆိုရင် သက်ဆိုင်ရာ တိုင်းပြည်ရဲ့ အာဏာပိုင် အဆင့်မြင့်ဆုံးပုဂ္ဂိုလ်ကို သမ္မတ သို့မဟုတ် ဝန်ကြီးချုပ် တို့ကို သံတမန် ခန့်အပ်လွှာပေးရပါတယ်။ အဲ့ဒါက ၂ နှစ်နိုင်ငံ အချုပ်အခြာကို အသိအမှတ်ပြုတဲ့သဘောပါ။အခုက စစ်ကောင်စီ မတရားအာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီဥက္ကဋ္ဌကို အသိအမှတ်ပြုရာရောက်တဲ့ သံအမတ်ကြီး ခန့်အပ်လွှာကို မပေးချင်ဘူး။ သို့သော် ဒီတိုင်းပြည်ရဲ့ သံရေးတမန်ရေး ဆက်ဆံမှုတော့ ဆက်လက်ထားရှိနေခြင်း အနေအထားတစ်ရပ်အောက်မှာ သံအမတ်ကြီးအဆင့်ကနေ ယာယီသံမှူးတာဝန်ကို အဆင့်လျှော့ချလိုက်တာဟာ စစ်ကောင်စီအတွက် အတော်ပြင်းထန်တဲ့ သံတမန်ရေးထိုးနှက်ချက် ဖြစ်ပါတယ်”
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သံတမန်ထုံးစံအရ နိုင်ငံတစ်ခုမှာ တခြားနိုင်ငံတွေက သံအမတ်ကြီးအဆင့်မထားရှိဘူး ဆိုတာဟာ အဲဒီနိုင်ငံအစိုးရကို မိမိတို့နိုင်ငံတွေက အသိအမှတ်မပြုဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်လို့ RFA ကို ပြောပါတယ်။
အခုလို မြန်မာနိုင်ငံဆိုင်ရာသံရုံးအကြီးအကဲကို စစ်ကောင်စီက ဖိအားပေးထွက်ခွာခိုင်းခဲ့တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးဌာနကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်ကြားချက် တစ်စုံတရာမရရှိသေးပါဘူး။