မလေးရှားရောက် မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရ
မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက အထောက်အထားမဲ့ မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရပြီး အခက်အခဲတွေ ကြုံနေကြပါတယ်။
-
RFA Burmese
2024-05-30 -
-
-
၂၀၂၃ နှစ်ကုန်လောက်ကစပြီး မလေးရှား အဏာပိုင်တွေက တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်ချ ဖမ်းဆီးနေတာကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ဒီနှစ် ငါးလအတွင်းမှာပဲ မလေးရှားနိုင်ငံ ဂျိုဟိုး၊ နဂရီဆမ်ဘီလန်၊ ဆလန်ဂေါ၊ ဘူးကစ်ဘင်တန်း ပြည်နယ်တွေအပါအဝင် နေရာတော်တော်များများမှာ မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။
မေလ ၂၈ ရက်နေ့က ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးရပ်ကွက်ဖြစ်တဲ့ ဆန်တိုးဒေသမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာ ၉၅ ဦးဖမ်းဆီးခံခဲ့ရသလို မေလ ၂၃ ရက်နေ့မှာလည်း ဂျိုဟိုးပြည်နယ် စီနိုင်းမြို့ ပရင့်တူးရပ်ကွက်က စက်ရုံတစ်ခုမှာ မြန်မာနိုင်ငံသား သုံးရာနီးပါး အဖမ်းခံခဲ့ရပါတယ်။
မလေးရှားရောက် မြန်မာတစ်ဦးဖြစ်တဲ့ ဗီဗီကိုကိုက မလေးရှားမှာ မြန်မာတွေ စားဝတ်နေရေး ခက်ခဲတဲ့ကြားမှာ အဖမ်းခံနေရတာကြောင့် ဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။
"ဒီမှာ နေစရာလေးတစ်ခုရှိရုံပဲ၊ အစားအသောက်ဆိုလည်း အရမ်းဆင်းရဲတယ်။ စားစရာလည်းမရှိကြ၊ မြန်မာတွေ ဒုက္ခတွေ ရောက်ကြ။ တချို့မြန်မာတွေဆိုလို့ရှိရင် နေစရာမရှိလို့ တံတားတွေအောက်မှာ တောထဲမှာပေါ့နော်၊ ရထားသံလမ်းဘေး ရထားလမ်းရဲ့အောက်မှာ တံတားတွေရှိတယ်။ တံတားတွေ ထိုးထားတာပေါ့။ တောထဲမှာ၊ အဲဒီတံတားအောက်မှာ သွားပြီးတော့ ပုန်းကြရ၊ ရှောင်ကြရပေါ့။ အဲဒီမှာ အဲလိုတွေပေါ့။ ဒီရက်ပိုင်းက မလေးရှားက အရမ်းကြမ်းတယ်၊ အဖမ်းအဆီးလည်း ကြမ်းမယ်လို့ ပြောတယ်"
မေလ ၂၃ ရက်နေ့က အဖမ်းခံရသူတွေထဲမှာ ဗီဗီကိုကိုရဲ့ အသိမိတ်ဆွေ နှစ်ဆယ်ကျော်လည်း ပါသွားပါတယ်။
မလေးရှားအာဏာပိုင်တွေရဲ့ အိုပရာစီလို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဌာနဆိုင်ရာတွေရဲ့ အထူးစစ်ဆင်ရေးတင်မကဘဲ လမ်းမှာသွားလာနေသူတွေကိုလည်း ရဲတွေက စစ်ဆေးနေတာလို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
တက္ကစီတွေ စီးတဲ့အခါမှာလည်း ယာဉ်မောင်းတွေက ရဲတွေရှိတဲ့ဆီ မောင်းသွားပြီး ရဲလက်ထဲအပ်၊ ပိုက်ဆံတောင်းတာတွေလည်း မကြာကြာ ကြုံနေရတယ်လို့ ဆိုပါတယ်။
မေလ ၁၅ ရက်နေ့ကလည်း ကလန်းမြို့ ဥတ္တမရပ်ကွက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁၄၂ ဦးနဲ့ မေလ ၁၆ ရက်နေ့မှာ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံတစ်ခုက မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာပြည်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်ပြီးနောက် ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေ စာရင်းကောက်တာတွေ လုပ်လာတဲ့အခါ မြန်မာလူငယ်တွေက ထိုင်း၊ မလေးရှားတို့လို အိမ်နီးချင်းနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေမှာ တရားမဝင်နေထိုင်နေကြရလို့ အခက်အခဲတွေ ရှိနေပေမဲ့လည်း မြန်မာပြည်ပြန်ရင် စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမဲ့အရေးကို ပိုစိုးရိမ်ကြပါတယ်။
ကလန်းမြို့မှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာတစ်ဦးက မလေးရှားမှာ မြန်မာတွေ ပိုများလာတဲ့အတွက် အလုပ်ရဖို့ ပိုခက်ခဲလာသလို ဖမ်းဆီးမှုတွေကြောင့်လည်း ကြောက်လန့်နေကြရတယ်လို့ ပြောပါတယ်။
"မြန်မာမှာအဆင်မပြေလို့ ဒီကိုတက်လာတဲ့အခါကျတော့ ဒီမှာလည်း ကျီးလန့်စာ စားပေါ့။ အထောက်အထားမရှိတဲ့သူတွေအတွက်လည်း ရဲတွေ့ရင်လည်း ရဲကြောက်တယ်၊ အိုပရာစီလည်း ကြောက်ရတာပေါ့။ အဓိကတော့ အိုပရာစီပေါ့။ အိုပရာစီက မိရင် ပြန်ပို့ခံရတယ်ဆိုတော့ အဲဒီလိုအဖြစ်ကိုတော့ ဘယ်သူမှမခံစားချင်ဘူး။ ရသလို၊ ဖြစ်သလိုနဲ့ ခက်ခက်ခဲခဲ နေရတဲ့သူတွေ အများကြီးပါပဲ။ အခုက အလုပ်အကိုင်လည်း အရမ်းရှားပါးနေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကျီးလန့်စာ စားနေနေရတာပေါ့ဗျာ။ မြန်မာပြည်ထဲပြန်ဖို့ကလည်းမဖြစ်၊ ဒီမှာကလည်း ကျီးလန့်စာစားနဲ့ ကြောက်နေရတယ်။ ဘယ်အချိန်ဝင်မလဲ၊ ဘယ်အချိန်ဖမ်းခံရမလဲ၊ ဒါမျိုးလေးတွေ ကြောက်နေရတာပေါ့"
မလေးရှားအစိုးရက မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေများတဲ့ နေအိမ်၊ အဆောင်၊ စက်ရုံ၊ ကုန်တိုက်တွေမှာ ၂ဝ၂၃ ခုနှစ်ကုန်လောက်ကစပြီး ဝန်ထမ်းအင်အား တစ်ထောင်လောက်နဲ့ လစဉ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
"မြန်မာပြည်ထဲပြန်ဖို့ကလည်းမဖြစ်၊ ဒီမှာကလည်း ကျီးလန့်စာစားနဲ့ ကြောက်နေရတယ်"
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို RFA က မေလ ၂၇ ရက်နေ့ကတည်းက အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိသေးပါဘူး။ အလားတူ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးကို အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူတို့အနေနဲ့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြောဆိုပိုင်ခွင့်မရှိဘူးလို့ အကြောင်းပြန်ပါတယ်။
မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း မလေးရှားအစိုးရက နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ ပပျောက်ဖို့ ရည်ရွယ်ချက်နဲ့ Operasi စီမံချက်ကို နိုင်ငံတစ်ဝန်း အရှိန်မြှင့် လုပ်ဆောင်နေတဲ့အတွက် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ဒီကာလမှာ အသွားအလာ ဂရုပြုကြဖို့ မေလ ၂၈ ရက်နေ့က သတိပေးထားပါတယ်။
မလေးရှားရောက်မြန်မာတွေ အဖမ်းခံရတဲ့အခါ လိုက်လံကူညီနေတဲ့ (NLD-LA) မလေးရှားက ရုံးအဖွဲ့မှူး ကိုစိုးထက်သိမ်းက အခုဆိုရင် ဖမ်းဆီးခံရသူတွေကို ကူညီပေးဖို့တောင် ခက်ခဲနေတယ်လို့ ပြောပါတယ်။
"ရဲဖမ်းခံရလို့ ကန့်ထဲကိုရောက်သွားတယ်၊ ထောင်ထဲကိုရောက်သွားတယ်ဆိုတဲ့ အနေအထားမျိုးမှာလည်း ကျွန်တော်တို့ အဖွဲ့အစည်းတွေအနေနဲ့ လိုက်ပါပြီးတော့ လွတ်မြောက်အောင် ထုတ်နိုင်တဲ့အနေအထားမျိုးက တစ်ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်၊ တကယ်တမ်းပြောမယ်ဆိုရင်တော့။ တကယ်ကို ကျပ်ကျပ်တည်းတည်း ရောက်နေရတဲ့ အနေအထားမျိုးလို့ ပြောလို့ရပါတယ်"
ဖမ်းဆီးခံရပြီဆိုရင် အများစုက ပြန်မလွတ်ဘဲ ထောင်ဒဏ် သုံးလချမှတ်ခံရသလို ထောင်ဒဏ်ကျပြီးနောက် မြန်မာပြည်ကိုမပြန်ရင် မလေးရှားအစိုးရ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေရပြီး အဲဒီစခန်းတွေကလည်း အကျဉ်းထောင်သဖွယ် ခက်ခက်ခဲခဲ နေထိုင်ရတာဖြစ်တယ်လို့ ပြောပါတယ်။
မလေးရှားရောက် မြန်မာတွေကို ကူညီနေတဲ့ နောက်ထပ် မြန်မာတစ်ဦးကလည်း မြန်မာတွေ အခုလိုဖမ်းဆီးခံရတာဟာ မလေးရှားနိုင်ငံသားတွေရဲ့ တိုင်ကြားချက်တွေကြောင့်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"ဒီမှာဖမ်းတာက အဓိကတော့ တိုင်ချက်တွေ များတယ်၊ နိုင်ငံခြားသားတွေပေါ့နော်။ လက်ရှိ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ဖြစ်၊ အင်ဒိုနိုင်ငံသားတွေပဲ ဖြစ်ဖြစ်၊ သူတို့တွေရဲ့ ပြုမူထိုင်မှုတွေနဲ့ပတ်သက်ပြီး စည်းမဲ့ကမ်းမဲ့ နေတာထိုင်တာမျိုးတွေ ရှိတယ်။ နောက်တစ်ခုကတော့ ဒီစက်ရုံမှာပေါ့နော်၊ မလေးရှားနိုင်ငံသားတွေကို သူတို့က အလုပ်မပေးဘူး၊ ရှားတယ်။ နိုင်ငံခြားသားတွေကို ခေါ်ခိုင်းမယ်ဆို ကျွန်တော်တို့ မြန်မာတွေ၊ အင်ဒိုနီးရှားတွေ၊ ဘင်္ဂလားတွေ ခေါ်ခိုင်းတဲ့အခါ တစ်ရက် ရှစ်ဆယ်၊ ရှစ်ဆယ်ငါးပေါ့၊ တစ်နေကုန်စာပေါ့။ မလေး ဒီနိုင်ငံသားတွေကို ခန့်မယ်ဆိုရင် ဒီထက်မက ပေးရတယ်ပေါ့။ အဲဒီအချိန်မှာ အလုပ်ရှင်တွေကို နိုင်ငံခြားသားတွေကိုပဲ ဦးတည်ပြီး ခေါ်ပြီးနေရာခန့်ပေး၊ အလုပ်သွင်းပေး၊ အဲလိုလုပ်ကြတယ်။ အဲဒီရဲ့ မကျေနပ်ချက်တွေလည်း ပါတာပေါ့။ ဒါကြောင့် နေရာတိုင်းမှာ တိုင်ချက်တွေကြောင့် အကုန်ဝင်တာများတယ်"
မလေးရှားနိုင်ငံရောက် လူမှုအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ လက်ရှိ မလေးရှားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား သုံးသိန်းကျော် ရှိပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် ဧပြီလကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ နှစ်သိန်း (၁၉၀,၀၀၀) နီးပါးရှိတဲ့ အထဲမှာ (၁၆၀,၀၀၀) ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။
မလေးရှားကို တရားမဝင်ရောက်နေတဲ့ နိုင်ငံခြားသားတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ့်နိုင်ငံကိုပြန်ဖို့ ခွင့်ပြုထားပေမဲ့ မြန်မာနိုင်ငံသားတွေကတော့ တချို့က ပြန်ဖို့လမ်းစရိတ် မရှိသလို တချို့ကလည်း စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှာ စိုးရိမ်ပြီး မပြန်ရဲကြဘဲ ဖြစ်နေပါတယ်။