တရုတ်အဆိုပြုတဲ့ ရခိုင်ဒေသ ရိုဟင်ဂျာလေ့လာခရီးကို မြန်မာပယ်ချ
ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေထဲက တချို့ကို ရခိုင်ပြည်နယ်ထဲ ဝင်ရောက်လေ့လာနိုင်ဖို့ တရုတ်အစိုးရက အကြံပြုထားတာကို မြန်မာဘက်က ငြင်းပယ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် အခြေစိုက် Daka Tribune သတင်းဌာနက ရေးသားထားပါတယ်။
-
2019-10-03 -
-
-
Your browser doesn’t support HTML5 audio
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် စခန်းအတွင်း ခိုလှုံနေကြသူတွေထဲက တချို့ကို ကော် မတီဖွဲ့ပြီး ရခိုင်ဒေသကို သွားရောက်လေ့လာဖို့ တရုတ်နိုင်ငံဘက်က အကြံပြုချက်အပေါ် မြန်မာအစိုးရဘက်က ငြင်းပယ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr AK Abdul Momen က သတင်းသမားတွေကို မနေ့က ပြောခဲ့တာပါ။
မကြာသေးခင်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးကာလအတွင်း မြန်မာ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှာ နေပြည်တော်က လက်မခံကြောင်း အကြောင်းပြန်ခဲ့တာလို့ ဝန်ကြီး အေကေအဘ်ဒူလ် မိုမန် က ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daka Tribune သတင်းဌာနကို ပြောထားပါတယ်။
ဒီသတင်းတွေအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကိုက
ကျနော်တို့ဘက်က ခွင့်ပြုထားတာလည်း မရှိပါဘူး
“သူ့တို့ဟာကို လက်ခံထားတာမရှိပါဘူး။ သူတို့ရဲ့ Proposal ဆိုတာကလည်း သတင်းစာတွေက သူတို့ဘာသာ လျှောက်ရေးနေတာပါ။ ကျနော်တို့ Position က အရင်အတိုင်း ပါပဲ။ သူတို့တောင်းဆိုတာပဲရှိပါတယ်။ ကျနော်တို့ ဘက်က ခွင့်ပြုထားတာလည်း မရှိပါဘူးခင်ဗျာ။ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း စိစစ်ပြီး လက်ခံသွားမယ် ဆိုတဲ့ ရပ်တည်ချက်အတိုင်းပဲ။ အားလုံးသိတဲ့အတိုင်းပဲ ဟိုဘက်က ပြန်မလွှတ်သေးတာတော့ ကျနော်တို့လည်း ဘာမှလုပ်လို့ မရသေးဘူးပေါ့နော်။ ကျနော်တို့ဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း အားလုံးလုပ်ထားပါတယ်။ ဟိုဘက်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပေါ့နော်။ ဒါပေမဲ့ လောလော ဆယ်အထိကတော့ အားလုံးသိတဲ့ ဒီအခြေအနေပါပဲ။”
ရိုဟင်ဂျာတွေ ရခိုင်ဒေသလေ့လာရေးခရီးစဉ် ကမ်းလှမ်းချက်တွေနဲ့ ဆက်စပ်ပြီး တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးပွင့် ဆိုင် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိကြောင်း ပြောခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာပဲ ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်၊ ဒါကာက မြန်မာနဲ့ တရုတ်သံအမတ်ကြီးတွေ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့ဖွဲ့ဖို့ သဘောတူခဲ့ပါတယ်။
နေရပ်ပြန်ရေးအတွက် ရခိုင်ပြည်နယ်ကို ဒုက္ခသည်တချို့လာရောက်လေ့လာရေး အစီအစဉ်ကို မြန်မာအစိုးရအပြင် ကော့ဇ်ဘဇားခရိုင်၊ ဒုက္ခသည်စခန်းတွေက ခေါင်းဆောင်ပိုင်းကလည်း မလိုလားကြောင်း စခန်းအမှတ်(၂၀) ဘာလူဟာလီ ဒုက္ခသည်စခန်းက မိုဟာမတ် ဂျူဟာရ်က ပြောပါတယ်။
“မြန်မာပြည်မှာ အခုရှိနေတဲ့ ရိုဟင်ဂျာတွေ ဘာမှပြောင်းလဲမှုမရှိဘူး။ ထူးခြားမှု မရှိဘူးဆိုတော့ သွားပြီးတော့ ဘာမှအဆင်ပြေမှာ မဟုတ်ဘူးလို့ ယူဆပြီးတော့ ဗမာပြည်သွားဖို့ လာမယ့်သူက ရှားရှားပါးပါးပါ။ လာမယ့်သူ သိပ်မရှိဘူး။”
နေပြည်တော်က တရုတ်ရဲ့ ကမ်းလှမ်းချက် ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်းကို သူတို့ မသိရသေးကြောင်း၊ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေတောင် လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိတဲ့အတွက် သူတို့ဘက် ကလည်း သွားရောက် လေ့လာလိုတဲ့ဆန္ဒမရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သွားဖို့ တိုက်တွန်းထားကြောင်း RFA ကိုပြောပါတယ်။
ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးအေးလွင်ကတော့ တရုတ်အစိုးရရဲ့ အကြံပြုချက်ကို ဒုက္ခသည်တွေ လက်ခံသင့်တယ်လို့ မြင်ပါတယ်။
“ဒီအကြံပြုချက်မျိုးကလည်း အခုအခါမှ ပေါ်တာမဟုတ်ပါဘူး။ အရင်ကလည်းပေါ်ဘူးပါတယ်။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် သွားကြည့်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီးတော့ မြန်မာအစိုးရက ခွင့်မပြုဘူးဆိုတာ တရားဝင်အစိုးရက ထုတ်ပြန်ကြေညာတာ ဘာတစ်ခုမှ မရှိသေးပါဘူး။ အဲသတင်းတွေကတော့ ဘယ်ကနေရပြီးရေးလည်းတော့ မသိဘူးပေါ့လေ။ ကိုယ့်အိမ်ကို ပြန်မယ့်သူတွေ မပြန်နိုင်သေးခြင်းသည် ယုံကြည်မှုတွေ နည်းနေသေးလို့ ယုံကြည်မှုတည်ဆောက်ဖို့က မျက်စိနဲ့သွားကြည့်နိုင်ရင် ဒါအကောင်းဆုံးပဲပေါ့။ ”
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒုက္ခသည်တွေ ပြန်လာရေးအတွက် အောက်ခြေပိုင်းမှာ စီစဉ်ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့က စခန်းနှစ်ခုဖြစ်တဲ့ ငါးခူရနဲ့ တောင်ပြို၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတွေမှာ ဝန်ထမ်းက အဆင့်သင့်ရှိတယ်။ နှစ်နိုင်ငံလက်မှတ်ထိုးပြီး ကတည်းက အကုန်လုံးအဆင့်သင့်လုပ်ထားတယ်။ ဝင်လာရင် တရက် ၁၅၀ လက်ခံမယ်ဆိုရင် ၁၅၀ ကို စစ်ဆေးနိုင်အောင်၊ ဖောင်တွေ ဖြည့်နိုင်အောင် ဆောင်ရွက်ထား ပါတယ်။”
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာရဲ့ ဇူလိုင်လက တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင်က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရမယ်ဆိုပြီး ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အစိုးရပြောရေးဆိုခွင့်ရှိသူတွေက ပြောထားပါတယ်။
ဝန်ကြီးချုပ်ခရီးစဉ်အပြီး ဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ တရုတ်ဘက်က အကြံပြုထားပြီး မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ မနေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ဒုက္ခသည်တွေအရေးကိစ္စကို ထည့်သွင်းဆွေးနွေးနိုင်ခြေရှိနေကြောင်း အိန္ဒိယအခြေစိုက် The Daily Star သတင်းဌာနက ရေးသားပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလက ဂျပန်နိုင်ငံကို သွားရောက်ခဲ့ရာမှာလည်း ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်ကနေ ဒီနေ့အထိ မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေး စခန်းကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် အမျိုးသား ၁၆၈ ဦး၊ အမျိုးသမီး ၂၉၀ ဦးရှိကြောင်း အစိုးရက ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့ တရားဝင် ပြန်လည်ဝင်ရောက်လာတော့ မဟုတ်ပါဘူး။
နှစ်နိုင်ငံအစိုးရကြား သဘောတူညီချက်နဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေးကို အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်။)