စစ်ကောင်စီနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး တိုးချဲ့နေကြောင်း သတင်းထွက်
ကမ္ဘာ့နိုင်ငံတွေအလယ်မှာ တစ်နေ့တခြား အထီးကျန်ဖြစ်လာနေတဲ့ မြန်မာစစ်ကောင်စီဟာ အရင်စစ်အစိုးရ တွေလက်ထက်က ပူးပေါင်းဆက်ဆံရေး တိုးချဲ့ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တိတ်တဆိတ် ပြန်လည် ဆက်သွယ် နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
-
ခင်မောင်စိုး ( ဝါရှင်တန်ဒီစီ )
2022-03-28 -
-
-
ကမ္ဘာ့နိုင်ငံတွေအလယ်မှာ တစ်နေ့တခြား အထီးကျန်ဖြစ်လာနေတဲ့ မြန်မာစစ်ကောင်စီဟာ အရင်စစ်အစိုးရ တွေလက်ထက်က ပူးပေါင်းဆက်ဆံရေး တိုးချဲ့ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တိတ်တဆိတ် ပြန်လည် ဆက်သွယ် နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
မတ်လ ၂၃ ရက်နေ့က ဟောင်ကောင်အခြေစိုက် ASIA Times သတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်မှာ အထင်ကရ သတင်းထောက်တစ်ဦးဖြစ်တဲ့ Bertil Lintner ဘာတေးလ်လင့်တနာ ကအခုဖြစ်ပွားနေတဲ့ ရုရှား- ယူကရိန်းစစ်ပွဲ မှာ ယူကရိန်းနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မြန်မာနိုင်ငံကို ယူကရိန်းက စစ်လက်နက်ရောင်းချမှု ရပ်စဲသွားနိုင်တယ်။ အခုလတ်တလောမှာ စစ်ကောင်စီဟာ မြောက်ကိုရီးယားအစိုးရနဲ့ စစ်ရေးဆက်ဆံမှု တိုးချဲ့နေတယ်လို့ ရေးသားခဲ့ပါတယ်။
“စိတ်ဓာတ်တူတဲ့သူ အချင်းချင်းစုကြတာပဲ။ အဲဒီတော့ သူ့ထွက်ပေါက် သူရှာမှာပဲ။"
“မြောက်ကိုးရီးယားကို မြန်မာစစ်အာဏာရှင်က တအားကို အားကျတဲ့ပုံစံမျိုး ရှိတယ်။ ရုရှားကို ဆန့်ကျင်နေတဲ့ ယူကရိန်းကို အခုအဓိက ထောက်ပံ့ပေးနေတာလည်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက် မြန်မာစစ်တပ်ကို ယူကရိန်းအနေနဲ့ စစ်လက်နက်ရောင်းချမှုကလည်း နောက်ထပ် ဖြစ်မလာနိုင်တော့ဘူးလို့ မြင်တယ်။”
မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေထဲမှာ ရုရှားနဲ့ ယူကရိန်းပါဝင်နေပါတယ်။
ဒါပေမဲ့ ယူကရိန်းကို လက်ရှိကူညီနေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့အတွက် ယူကရိန်းအနေနဲ့ စစ်ကောင်စီကို လက်နက်တွေထပ်မံရောင်းချတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် စစ်ကောင်စီဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးချဲ့နေတာဖြစ်နိုင်တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင် ကပြောပါတယ်။
“မြောက်ကိုးရီးယားကို မြန်မာစစ်အာဏာရှင်က တအားကို အားကျတဲ့ပုံစံမျိုး ရှိတယ်။ ရုရှားကို ဆန့်ကျင်နေတဲ့ ယူကရိန်းကို အခုအဓိက ထောက်ပံ့ပေးနေတာလည်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက် မြန်မာစစ်တပ်ကို ယူကရိန်းအနေနဲ့ စစ်လက်နက်ရောင်းချမှုကလည်း နောက်ထပ် ဖြစ်မလာနိုင်တော့ဘူးလို့ မြင်တယ်။”
NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးနိုင်ထွန်းအောင်ကတော့ အခုလို မြန်မာစစ်ကောင်စီနဲ့ မြောက်ကိုရီးယားအစိုးရ ဆက်ဆံရေးတိုးချဲ့တယ်ဆိုတဲ့ကိစ္စက ဖြစ်နိုင်ခြေ များတယ်လို့ သုံးသပ်ပါတယ်။
“ပြည်တွင်းက ပြည်သူတွေအားလုံးက စစ်ကောင်စီကို လက်မခံသလို ကမ္ဘာ့နိုင်ငံအတော်များများ ကလည်း လုံးဝ အသိအမှတ်မပြုကြပါဘူး။ ဒီလိုအနေအထားမှာ စစ်ကောင်စီက လက်နက်အားကိုးနဲ့ ပြည်သူကိုအုပ်စိုး၊ အခြားသော နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ ပိုမိုအား ကောင်းလာအောင် ကြိုးပမ်းမှုတွေလုပ်မှာ အသေအချာပါပဲ။ ဒါကြောင့် မြောက်ကိုးရီးယား နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ကိစ္စဟာ ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဒီကိစ္စဟာ ဒီမိုကရေစီထွန်းကားရေးနဲ့ ကမ္ဘာတစ်ဝန်း တည်ငြိမ်အေးချမ်းရေးအတွက်က အထူးစိုးရိမ်စရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီလိုလားတဲ့၊ ကမ္ဘာတစ်ဝန်း တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ နိုင်ငံတွေအချင်းချင်း ပူးပေါင်းမှု နဲ့ အပြန်အလှန် ကူညီမှုတွေကို အမြန်ဆုံးမြှင့်တင်ဖို့ အထူးလိုအပ်နေပြီ ဖြစ်ပါတယ်။”
ကရင်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းလက်အောက်ခံ မြန်မာ့လွတ်လပ် ရေးတပ်ခွဲရဲ့တပ်ခွဲမှူး မန်းအောင်နိုင်ကြည်ကလည်း လက်ရှိလူငယ်မျိုးဆက်သစ်တွေအပါအဝင် မြန်မာလူထု တစ်ရပ်လုံးရဲ့ တက်တက်ကြွကြွကြိုးပမ်းနေတာတွေကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ မြောက်ကိုရီးယားကွန်မြူနစ်အစိုးရခေါင်းဆောင်အာဏာရှင် Kim Jong-un ကင်ဂျုံးအန်လို ဖြစ်လာစရာ အကြောင်းမရှိပါဘူးလို့ ပြောပါတယ်။
“စိတ်ဓာတ်တူတဲ့သူ အချင်းချင်းစုကြတာပဲ။ အဲဒီတော့ သူ့ထွက်ပေါက် သူရှာမှာပဲ။ သူ လက်နက် အင်အားနဲ့ သူတည်ဆောက်မှာပဲ။ လက်ရှိမှာတော့ စစ်ရေးအရ သူက သာသယောင်ယောင်တော့ ရှိတယ်။ တကယ်တော့ သူ ရှုံးနေပြီ။ နိုင်ငံရေးအရ ကျွန်တော်တို့ အရမ်းမြတ်နေပြီ၊ စစ်ရေးအရသာ ပြတ်ပြတ်သားသားမနိုင်သေးတာ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်မှာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းအောင်လှိုင် ထလုပ်လာတာ အားလုံးတည့်သွားတယ်။ တချိန်က သူ့ဘုရား ငါ့ဘုရား ပြိုင်တယ်။ သူ့ဘာသာ ကိုယ့်ဘာသာ ပြိုင်တယ်။ သူ့လူမျိုးငါ့လူမျိုး မြတ်တယ် ပြိုင်ကြတယ်။ ဒါပေမဲ့ မင်းအောင်လှိုင် ထလုပ်လိုက်တဲ့အချိန်မှာ အားလုံး ညီညွတ်သွားကြတယ်။ ဒါ သမိုင်းကပေးလိုက်တဲ့ အသိပဲ။ မြန်မာနိုင်ငံမှာ ပေါက်ဖွားတဲ့သူ တော်တော်များများက မေ့လွယ်ပျောက်လွယ်ရှိတယ်၊ ဖြစ်တုန်းခဏ ဆိုတဲ့အကျင့်ရှိတယ်။ ဒါပေမဲ့ ဒီတခေါက်ကတော့ ဖြစ်တုန်းခဏ မဟုတ်တော့ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အများကြီး မကူညီနိုင်ဘူးဆိုရင်တောင် သူတို့နိုင်တဲ့ ဘက်ကကူတယ်။ အခုလိုသာ ဆက်တွန်းမယ်ဆိုရင် မင်းအောင်လှိုင် နေဝင်ချိန်က မြင်ရဖို့ နီးလာပြီ။”
မြောက်ကိုရီးယားနဲ့ဆက်ဆံရေးတိုးချဲ့နေတယ်ဆိုတဲ့ ASIA Times သတင်းဌာနရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ “သူ့ဘာသာသူ စိတ်ကူးယဉ်ပြီး ရေးနေတာနဲ့ ပတ်သက်လို့ ဘာမှဖြေရှင်းနေစရာမရှိဘူးလို့” ပြောပါတယ်။
လက်ရှိမှာ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးကို အဓိကထောက်ခံကူညီနေတဲ့ အာရှနိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံဟာ ထိပ်ဆုံးကဖြစ်ပါတယ်။ မြောက်ကိုရီးယားကို ဆန့်ကျင်နေသလို အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ တောင်ကိုရီးယားအနေနဲ့ အခုလို မြောက်ကိုရီးယားနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆက်ဆံရေးတိုးမြှင့်မှုကို စောင့်ကြည့်နေမှာ သေချာပါတယ်လို့ တောင်ကိုရီးယားက မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားနေသူတွေက RFA ကိုပြောပါတယ်။