မုန်လိုင်ခက်တိုက်ခိုက်ခံရမှု တိုင်းရင်းသားခေါင်းဆောင်တွေ ရှုတ်ချ

မုန်လိုင်ခက်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ညမှာ စစ်ကောင်စီက တိုက်ခိုက်တဲ့အတွက် ကလေး ၁၁ ဦးအပါအဝင် ဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့ပါတယ်။

မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများအား ၂၀၂၃ အောက်တိုဘာ ၁၀ ရက်နေ့က မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ STR / AFP

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ မြောက်ဘက် သုံးမိုင်လောက် အကွာမှာရှိတဲ့ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ ညမှာ စစ်ကောင်စီက တိုက်ခိုက်တဲ့အတွက် ကလေး ၁၁ ဦးအပါအဝင် ဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့ပါတယ်။

ဖျက်အားပြင်းဗုံးတွေနဲ့ ရုတ်တရက် တိုက်ခိုက်ခံရတာဖြစ်ပြီး ဒုက္ခသည်တွေရဲ့ နေအိမ်တွေနဲ့ ရွာခံတွေရဲ့ နေအိမ်အတော်များများ ပျက်စီးသွားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို တိုက်ခိုက်မှုဟာ အလွန်ရက်စက်လွန်းပြီး ဒီလုပ်ရပ်အပေါ် နိုင်ငံတကာက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ လိုနေပြီလို့ ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

ဒီစစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု တစ်ရာနီးပါးနေထိုင်နေပြီး လူဦးရေ ငါးရာခန့်ရှိကာ အများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ အခုနှစ် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ်ဆန်ယန်ရွာက ဒေသခံတွေ အများစုခိုလှုံနေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

မုန်လိုင်ခက်ရွာ တိုက်ခိုက်ခံရမှုဟာ ဖားကန့်မြို့နယ်က အနန့်ပါရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက် ကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံး လူအစုလိုက် သေဆုံးစေမှုဖြစ်တယ်လို့ ဆိုပါတယ်။ အရပ်သားပြည်သူအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်တပ်နဲ့ စစ်အုပ်စုကို အမြန်ဆုံးအရေးယူအပြစ်ပေးဖို့ လိုအပ်နေပြီလို့ ပအို့ဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက အခုလိုတိုက်ခိုက်မှုအပေါ် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး KWAT ကလည်း ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒါဟာ စစ်အာဏာရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လူသား ဖြစ်တည်မှုကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ KWAT ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဂျာအင်းက ပြောပါတယ်။

KWAT အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကို တရားမဝင် စစ်အာဏာရှင်နဲ့ မပူးပေါင်း မဆောင်ရွက်ဖို့ တောင်းဆိုကြောင်းလည်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ သေဆုံးထိခိုက်ခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် KWAT က အကူအညီပေးမယ်လို့လည်း ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် မုန်လိုင်ခက်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)

ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းကလည်း ကလေးသူငယ်တွေနဲ့ အပြစ်မဲ့ပြည်သူအပေါ် အကြမ်းဖက်မှုအတွက် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဘက်ပေါင်းစုံက ကြိုးစားဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

မုန်လိုင်ခက်ဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

မုန်လိုင်ခက်ရွာ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကတော့ စစ်ရှောင်စခန်းတွေရှိတဲ့ မည်သည့်နေရာဖြစ်စေ ပစ်မှတ်ထားတိုက်ခိုက်ရမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာလို့ ထုတ်ပြန်ပါတယ်။

မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့ကလည်း မုန်လိုင်ခက်ဒုက္ခသည်စခန်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org