ရှေးဟောင်းအမွေ မပျောက်ပျက်စေလိုပေ
ပြင်သစ်နိုင်ငံ ပါရီမြို့က Notre-Dame ဘုရားကျောင်းတော် ဧပြီ ၁၅ ရက်က မီးသင့်လောင်လို့ တကမ္ဘာလုံး ဝမ်းနည်းနေချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်းဘုရားတွေ စစ်မက်ဒဏ်သင့်လို့ ယဉ်ကျေးမှုတရပ် ဆုံးရှုံးသွားမှာကို ရှေးဟောင်းအမွေအနှစ် တန်ဖိုးသိသူတွေက စိုးရိမ်နေကြပါတယ်။
-
2019-04-16 -
-
-
Your browser doesn’t support HTML5 audio
ပြင်သစ်နိုင်ငံမှာ ၁၂ ရာစုကတည်းက တည်ထားတဲ့ Notre-Dame ကက်သလစ်ဘုရားကျောင်းတော်ဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တရပ်ဖြစ်ပြီး မီးသင့်လောင်တဲ့အတွက် တကမ္ဘာလုံး စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဒီလို မီးသင့်လောင်တာမျိုးမဟုတ်ဘဲ စစ်မီးစစ်ရောင်သန်းနေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မြောက်ဦးက ရှေးဟောင်းဘုရားတွေ ပျက်စီးဆုံးရှုံးသွားမှာကို စိုးရိမ်ရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~
ရှေးဟောင်းအမွေ မပျောက်ပျက်စေလိုပေ
(ဒေါ်စမ်းစမ်းတင်)
■ ပြင်သစ်နိုင်င်ငံ ပါရီမြို့က ကမ္ဘာကျော် Notre-Dame ဘုရားကျောင်းတော် ဧပြီ ၁၅ ရက်က မီးသင့်လောင်လို့ တကမ္ဘာလုံး ဝမ်းနည်းနေချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်း ဘုရားတွေ စစ်မက်ဒဏ်သင့်လို့ ယဉ်ကျေးမှုတရပ် ဆုံးရှုံးသွားမှာကို ရှေးဟောင်းအမွေအနှစ် တန်ဖိုးသိသူတွေက စိုးရိမ်နေကြပါတယ်။
ကွယ်လွန်သူ စာရေးဆရာကြီး ဆရာတက်တိုးကျေးဇူးနဲ့ ပြင်သစ်စာရေးဆရာ ကဗျာဆရာကြီး Victor Hugo ၁၈၃၁ ခုနှစ်က က ရေးသားထုတ်ဝေခဲ့တဲ့ Hunchback of Norte-Dame နော်ထရာဒန်ကို မြန်မာစာဖတ် ပရိသတ်တို့ သိခဲ့ရပါတယ်။ ဆရာကြီး တက်တိုးက ၁၉၅၀ ပြည့်နှစ်မှာ ခါးကုန်းကြီး နာမည်နဲ့ ဘာသာပြန် ထုတ်ဝေခဲ့တာမို့ ၁၂ ရာစုက ပြင်သစ်ဘုရားကျောင်းကို မြန်မာစာဖတ်ပရိသတ် သိထားကြတာပါ။
ဒီ နှစ် ၈ဝဝ ကျော် ဘုရားကျောင်းဟာ ကက်သလစ်ဘာသာဝင်တွေ အတွက် ဘာသာရေး အဆောက်အအုံ အဖြစ် အလေးအမြတ်ထားစရာဖြစ်ပြီး ဘုရားကျောင်းက ဗိသုကာလက်ရာတွေဟာ အစားထိုးမရအောင် တန်ဖိုး မဖြတ်နိုင်တာမို့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကမ္ဘာ့လူသားတွေက တန်ဖိုးထားကြပါတယ်။ အမွေဆိုတာ အတိတ်ကအရာ၊ ဒီနေ့ မိမိနဲ့ အတူရှိနေတဲ့အရာနဲ့ နောင် အနာဂတ် မျိုးဆက်တွေ အတွက်ပါ မပျောက်မပျက် ထားရှိရမယ့် အရာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘုရားကျောင်းဟာ ဘာသာရေး သက်သက်မဟုတ်တော့ဘဲ ကမ္ဘာမှာ တသက်လုံး မပျောက်ပျက်ရအောင် နဂိုအတိုင်းထားရှိရမယ့် world heritage လို့ပြောတဲ့ ကမ္ဘာ့အမွေအနှစ်ဖြစ် သွားပါတယ်။ ဒါကြောင့်လည်း Notre-Dame ဘုရားကျောင်း မီးဟုန်းဟုန်းတောက်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး အစားထိုးမရတော့တဲ့ ရှေးဟောင်းလက်ရာတွေ၊ အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာတွေ၊ ပန်းချီကားတွေ၊ အနုလက်ရာတွေ ဆုံးရှုံးကုန်မှာကို ကမ္ဘာက စိုးရိမ်ရတာပါ။
ရန်သူမျိုး ငါးပါးထဲ ပါတဲ့ မီးကြောင့် ပြင်သစ်က ကမ္ဘာကျော် ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီး ရတာဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်း ဘုရားတွေကတော့ ရန်သူမျိုး ငါးပါးထဲက နှစ်ပါးဖြစ်တဲ့ မင်းနဲ့ မချစ်မနှစ်သက်သူတွေရဲ့ စစ်မက်ကြောင့် ကျည်ခ၊ ဗုံးဆံမှန် ပျက်စီးသွားမှာကို စိုးရိမ်ရပါတယ်။ လယ်ထွန်ရင်း ကောက်ရတဲ့ အိုးခြမ်းပဲ့ တပဲ့ဟာ သာမန်အမြင်မှာ ဘာမှ တန်ဖိုးမရှိပေမဲ့ ရှေးဟောင်း သုတေသီ တယောက်ကတော့ ရှေးလက်ရာအဖြစ် တမြတ်တနိုး တန်ဖိုးထားပါတယ်။ ဒီတိုင်းပါပဲ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲကြား ရှေးဟောင်းသုတေသီတွေ၊ ယဉ်ကျေးမှုတန်ဖိုး သိနားလည်သူတွေ တန်ဖိုးထားတဲ့ မြောက်ဦးဘုရားတွေ ကြားက ဓားစာခံဖြစ်မှာကို အလွန်အမင်း စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။
မြို့ဟောင်းလို့ ဒေသခံတွေခေါ်တွင်တဲ့ မြောက်ဦးမြို့ မှာ ၄ ရာစုနှစ်ကစပြီး ဝေသာလီမင်းဆက် စိုးစံခဲ့ပါတယ်။ ဝေသာလီမင်းဆက်မှာ မင်းတပါး နန်းတက်တိုင်း ဒင်္ဂါးတွေ သွန်းလုပ်တဲ့ သာဓကလည်းရှိပါတယ်။ မြောက်ဦးခေတ်မှာ စေတီပုထိုးအမြောက်အများ တည်ထားတာကလည်း ဒီနေ့ထိ မျက်ဝါးထင်ထင် တည်ရှိနေတာပါ။ သျှစ်သောင်း ပုထိုးတော်၊ ကိုးသောင်း ပုထိုးတော် ၊ ထုက္ကံ သိမ်တော် စတဲ့ ရှေးဟောင်း အဆောက်အအုံ တွေဟာ ထင်ရှားပါတယ်။ သျှစ်သောင်းပုထိုးတော်မှာ ဆင်းတုတော်ပေါင်း ရှစ်သောင်း၊ ကိုးသောင်းပုထိုးတော်မှာ ဆင်းတုတော် ကိုးသောင်း ပူဇော်ထားပါတယ်။ ဒီလို ရှေးလက်ရာတွေဟာ အလွန်မတန် အဖိုးတန်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ နေထိုင်နေတဲ့ စာရေးဆရာ မောင်စွမ်းရည်က ပြောတာပါ။
ပြင်သစ်က မီးသင့်လောင်သွားတဲ့ Notre-Dame ဘုရားကျောင်းတော်ကြီးဟာ ကမ္ဘာစစ်အတွင်း မထိခိုက်သလို ကမ္ဘာစစ်ဒဏ်တွေခံရပေမဲ့ မြန်မာ့စေတီပုထိုးတွေ အရာ မယွင်းသလောက်ရှိခဲ့ တာမို့ ခု ဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်ပွဲမှာမှ မြောက်ဦးရှေးဟောင်းဘုရားတွေ ပျက်စီးရရင်တော့ ရာဇဝင်ရိုင်းပါလိမ့်မယ်။