မြောက်ဦးမှာ တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရတာနဲ့ ရွာလုံးကျွတ်ထွက်ပြေးရမှု ရှိလာ
မြောက်ဦးမြို့အနီးကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရတဲ့ ဒေသခံ ငါးဦးထက်မနည်းရှိလာပါတယ်။
-
RFA Burmese
2023-12-24 -
-
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အနီးကို ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မနက်ကစပြီး ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရတဲ့ ဒေသခံ ငါးဦးထက်မနည်းရှိလာသလို ရွာလုံးကျွတ် ထွက်ပြေးရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်း လေးနာရီကစပြီး မြောက်ဦးမြို့အထွက် ငွေတောင်ပေါက်တံတား အနီးက ရဲစခန်းနဲ့ သူတော်မ တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့သလို မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၀) ကလည်း လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
"ငါတို့ ရွာသားတွေ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံးထွက်ပြေးသွားကြပြီ လေးမြို့ချောင်းဘက်ကို”
လက်နက်ကြီးကြောင့် မြောက်ဦးမြို့အနီး ရွာဟောင်းတော ရွာက အသက် (၃၅) အရွယ် ဦးမောင်မောင်သန်းနဲ့ အသက် (၄၃) နှစ်အရွယ် ဦးစောဝင်းတို့ ဒဏ်ရာရခဲ့ပြီး တစ်ရွာလုံး လေးမြို့ချောင်းဘက် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ငါတို့လည်း ၅ နာရီကျော်မှာ ပြေးရတယ်၊ ငါတို့ရွာလမ်းမှာ တစ်ယောက်ဒဏ်ရာရတယ်။ မောင်မောင်သိန်း တဲ့။ သူ့ရင်ဘတ်မှာလည်း ဒဏ်ရာရတယ်။ လက်မောင်းမှာ ပေါင်တွေမှာလည်းရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ငါးမိုင်၊ ခြောက်မိုင်အကွာလောက် ရှိမယ်။ လက်နက်ကြီးက ဘယ်ကဘယ်ပစ်မှန်းလည်း မသိဘူး။ ပစ်တာကိုမသိ ကျတာကိုပဲသိတယ်။ ၁၁ နာရီခွဲလောက်မှာ တစ်ယောက်ဒဏ်ရာရတယ်။ ငါတို့ ရွာသားတွေ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံးထွက်ပြေးသွားကြပြီ လေးမြို့ချောင်းဘက်ကို”
၂၀၁၄ သန်းခေါင်စာရင်းအရ ရွာဟောင်းတောရွာမှာ လူဦးရေ ၃၂၀၀ ကျော် နေထိုင်ကြ ပါတယ်။ မြောက်ဦး မြို့ပေါ် ဆင်ချဆိပ်ရပ်ကွက်နဲ့ တောင်ရပ် ရပ်ကွက်မှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ဆင်ချဆိပ်မှာတော့ သုံးယောက်ထိသွားတယ်လို့ ကြားပါတယ်။ အရပ်သားပါ။ တိုက်ပွဲဖြစ်နေတာ ၃ နာရီ ၅၅ ကနေ ပစ်နေတာ အခုထိမရပ်သေးဘူး။ နှစ်ဖက်အပြန်အလှန်ဖြစ်နေတာပါ။ ငွေတောင်ပေါက်နဲ့ အဲဒီအနီးက သူတော်မ တောင်နားမှာ ဖြစ်နေတာလို့ ကြားပါတယ်။ အခုအချိန်ထိ ဖြစ်နေတာပါလေ။ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်။ ဆင်ချဆိပ် ရပ်ကွက်ကိုတော့ ဆက်သွယ်လို့ မရသေးဘူး”
တိုက်ပွဲမဖြစ်တဲ့ ရွာနဲ့ရပ်ကွက်တွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် (AA) ကလည်း ခြေမြန်တပ်ရင်း ခမရ (၅၄၀) ဘက်ကို လက်နက်ကြီးနဲ့ သုံးချက်ပြန်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင်တချို့ကို (AA) က ဖမ်းသွား တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် RFA အနေနဲ့ အတည်မပြုနိုင်သေးသလို နှစ်ဖက်စလုံးကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးကတော့ ဒီနေ့မနက် အစောပိုင်းကစပြီး ပစ်ခတ်သံတွေ ကြားရတာကြောင့် မြို့ပေါ်မှာကျန်နေသူတွေ အပြင်မထွက်ဘဲ နေအိမ်ထဲမှာပဲနေကြရတယ်လို့ RFA ကို ပြောပါတယ်။
“လက်နက်အငယ်ပစ်သံ ကြားလိုက်တယ်။ အခုကျတော့ လက်နက်ငယ်အသံ မကြားရတော့ဘူး။ ဒါပေမဲ့ လက်နက်ကြီးကတော့ ပစ်နေတုန်းပဲပေါ့။ ဘယ်ကနေ ပစ်တာလဲဆိုတာတော့ အတိအကျမသိဘူးရှင့်။ သူတို့တပ် (စစ်ကောင်စီတပ်) ထဲက ပစ်တယ်နေမှာပေါ့။ ဘာလို့လဲဆို ကျွန်မတို့က အပြင်လမ်းတွေမှ မသွားကြတာ ဘယ်သူမှ။ ဈေးတွေဘာတွေလည်း မရှိတော့ ဘယ်သူမှမသွားကြဘူး။ အခုကျတော့ ကိုယ့်အိမ်ကိုယ်ပဲ နေနေကြသေးတယ်။ အပြင်ကို ရှောင်ပြေးတာမျိုး မရှိသေးဘူးရှင့်”
နှစ်ဖက်တိုက်ပွဲ ရက်ရှည်ဖြစ်လာရင် မြို့မှာထွက်မပြေးဘဲ ကျန်နေခဲ့သူတွေ အခက်အခဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကတော့ တိုက်ပွဲဖြစ်လာပြီး နေရပ်စွန့်ခွာသူ များနေတာကြောင့် စားနပ်ရိက္ခာအကူအညီပေးဖို့ အလုံအလောက်မရှိဘူးလို့ RFA ကို ပြောပါတယ်။
“အခုလို တိုက်ပွဲတွေကြောင့် လက်နက်တွေနဲ့ ပစ်တာတွေကြောင့် ပြေးကြလွှားကြတဲ့ သူတွေက အများကြီးပဲ။ နေရာတိုင်းလိုလိုမှာ ဖြစ်နေကြတာပေါ့နော်။ အဲဒီတော့ ဒီပြည်သူတွေအကုန်လုံးကို အဖွဲ့တွေ (လူမှုကူညီရေး) က လိုက်ပြီးတော့ ကူညီနိုင်တဲ့ အခြေအနေမှာ မရှိနေဘူး။ အခုအချိန်မှာက တကယ့်ကိုပဲ တိုက်ပွဲတွေကြားထဲမှာ ကြုံခဲ့ရပြီးမှ နေစရာမဲ့၊ စားရာမဲ့ ဖြစ်နေကြတဲ့ သူတွေပေါ့နော်။ တအား ဒုက္ခရောက်တဲ့ သူတွေပေါ့။ အဲဒီလူတွေကို ဦးစားပေးပြီး ထောက်ပံ့နေတာတွေတော့ရှိတယ်”
မြောက်ဦးမြို့က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေလေးသောင်းနီးပါးရှိတဲ့ မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၃ ရက် မနေ့ကအထိ မြို့ပေါ်က တောင်ရပ်၊ မြို့သစ်၊ ကံလှ၊ ရွှေတောင်နဲ့ ကုန်သည်တန်း ရပ်ကွက် အပါအဝင် မြို့ပေါ်နေထိုင်သူ ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။