စစ်ဘေးဒုက္ခသည်တွေ စစ်တွေမြို့ကို ဦးတည်ထွက်ပြေးတာတွေများလာ
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေ အတွက် ပိုများလာနေပြီး တဘက်မှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုသီတင်းပတ်အတွင်း စစ်တွေမြို့ကို ဦးတည်ထွက်ပြေးလာကြသူ အရေအတွက်ဟာလည်း များလာနေပါတယ်။
-
မင်းသိန်းအောင်
2020-03-19 -
-
-
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ပိုများလာနေပြီး တဘက်မှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုသီတင်းပတ်အတွင်း စစ်တွေမြို့ကို ဦးတည်ထွက်ပြေးလာကြသူ အရေအတွက်ဟာလည်း များလာနေပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်နေ့တခြားပိုမိုပြင်းထန်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီနေ့အချိန်အထိ စစ်ဘေး ဒုက္ခသည်ဦးရေဟာ တစ်သိန်းလေးသောင်းကျော်ရှိနေပြီလို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ကပြောပါတယ်။
အဲဒီအထဲကနေ စစ်ပွဲပြင်းထန်ရာမြို့နယ်အသီးသီးက စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြသူ အရေအတွက် ကတော့ လက်ရှိအချိန်အထိ သုံးထောင်ကျော်ရှိနေပြီလို့လည်းဆိုပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နယ်မြို့တွေမှာ ဒုက္ခသည်ဦးရေများတာ၊ စားဝတ်နေရေးနဲ့ နေထိုင်ရေးအခက်အခဲတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေး လာကြတာလို့ပြောပါတယ်။
ပြီးခဲ့တဲ့အချိန် ငါးရက်လောက်အတွင်းမှာလည်း ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေက ဒေသခံ ၂၀၀ ကျော် စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိလာကြပြီး အလိုတော်ပြည့်၊ မဏိရတနာ၊ မေတ္တာပါရမီ စတဲ့ဘုန်းကြီး ကျောင်းတွေမှာ ယာယီခိုလှုံနေကြရပါတယ်။
ရသေ့တောင်မြို့နယ် ငစင်ဘော်ကျေးရွာကနေ မိသားစုနဲ့အတူ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ ဦးမောင်ဝင်းနိုင် က အရပ်သားတွေဘဝဟာ လုံခြုံမှုမရှိတော့တာကြောင့် စစ်တွေမြို့ကိုအထိ ထွက်ပြေးလာရတာ လို့ ပြောပါတယ်။
တပ်မတော်ပြောခွင့်ရသူတွေက တပ်မတော်ဟာ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးပြီး ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်အောင်မလုပ်ဘူးလို့ ပြောဆိုထားကြပါတယ်။
ဒါပေမဲ့ လက်တွေ့မြေပြင်အနေအထားမှာတော့ တိုက်ပွဲမဖြစ်ဘဲ ကျေးရွာတွေထဲကိုလက်နက်တွေနဲ့ ပစ်ခတ်ခံရလို့ အရပ်သားတွေ သေကြေထိခိုက်တာ၊ အေအေအဖွဲ့နဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးရိုက်နှက်ခံရတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
ရသေ့တောင်မြို့နယ်မြောက်ပိုင်း ရေစိုးချောင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ အသက် ၆၆ နှစ်အရွယ် ဦးစိန်ရွှေမောင်က သူတို့ဟာ တပ်မတော်သားတွေကို ကြောက်လို့ထွက်ပြေးလာကြတာလို့ ပြောပါတယ်။
“ကျွန်တော်တို့ဟာ စစ်ဘေးရှောင်တွေ မဟုတ်ကြပါဘူး။ စစ်သားရှောင်တွေလို့ပဲ ပြောရပါလိမ့်မယ်။ စစ်သားလာ တယ်လို့ကြားတာနဲ့ ထွက်ပြေးရပါတယ်။ သူတို့ရမ်းသမ်းပစ်လို့ သေဆုံးရတာတွေလည်းရှိပါတယ်။ တောင်ကို တက်ပြီး အလုပ်လုပ်ဖို့မရ၊ လှေနဲ့ချောင်းမှာ ငါးဖမ်းလို့မရ။ ကျွန်တော်တို့က တောင်ကိုမှီပြီးလုပ်စား နေကြရတာ။ တောင်ကိုမသွားရရင် လုပ်စားလို့မရပါဘူး။ ငါးဖမ်းစားတဲ့လူတွေမှာလည်း ချောင်းထဲကိုသွားလို့မရရင် ထမင်း စားလို့ မရတော့ဘူး။ ည ၆ နာရီထိုးတာနဲ့ မီးတောင်ထွန်းလို့မရတော့ဘူး။ လုပ်စားခွင့်လည်းမရ၊ သွားလာခွင့် လည်းမရှိဆိုတော့ ကျွန်တော်တို့ရဲ့ဘဝဟာ သေတာနဲ့အတူတူပါပဲ”
အစိုးရရဲ့စာရင်းတွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ယာယီကယ်ဆယ်ရေးစခန်း ၁၂၄ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ငါးသောင်းခုနစ်ထောင်နီးပါး ရှိပါတယ်။
နေ့စဉ်နဲ့အမျှတိုးလာနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစိုးရအနေနဲ့ လုံလောက်တဲ့စားနပ်ရိက္ခတွေ ပေးတာ မရှိဘူးလို့လည်း စစ်ဘေးဒုက္ခသည်တွေအကြားမှာ ပြစ်တင်ပြောဆိုမှုတွေလည်းရှိနေပါတယ်။
ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းကတော့ စာရင်းရရင် ချန်ထားတာမရှိဘဲ အကူအညီတွေပေးတယ်လို့ပြောပါတယ်။
စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဒီဇင်ဘာလအထိစခန်းတွင်းရော၊ စခန်းပြင်ပမှာပါရှိတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သိန်းခန့် ရှိခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ ဒီနေ့အထိ ဒုက္ခသည်ဦးရေ တစ်သိန်းလေးသောင်းကျော်ရှိနေပြီလို့ ပြောဆိုတဲ့အတွက် အချိန် သုံးလအတွင်းမှာ ဒုက္ခသည်ဦးရေ လေးသောင်းကျော် ထပ်တိုးလာတာလည်းဖြစ်ပါတယ်။