အာဏာသိမ်း ၁၈ လအကြာ ရန်ကုန်မှာ ခိုးဆိုးလုယက်မှုတွေ ပိုဆိုးလာ
စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအကြာ ရန်ကုန်မြို့ကြီးမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်၊ ခါးပိုက်နှိုက်မှုတွေ ပိုဆိုးလာတဲ့အတွက် နေ့ခင်းအချိန် လမ်းလျှောက်သွားရင်တောင် စိတ်မလုံခြုံသလို ခံစားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
- 2022-08-12
-
-
-
စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအကြာ ရန်ကုန်မြို့ကြီးမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်၊ ခါးပိုက်နှိုက်မှုတွေ ပိုဆိုးလာတဲ့အတွက် နေ့ခင်းအချိန် လမ်းလျှောက်သွားရင်တောင် စိတ် မလုံခြုံသလို ခံစားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လက ရန်ကုန် မြောက်ဒဂုံမြို့နယ်က တိုက်ခန်းတစ်ခုမှာ နေ့ခင်းကြောင်တောင် တိုက်ခန်းပေါ်အထိတက်ပြီး ပိုက်ဆံနှစ်သိန်း အခိုးခံလိုက်ရတယ်လို့ ကာယကံရှင် ကိုစိုင်းက RFA ကို ပြောပါတယ်။
“တိုက်တစ်တိုက်နဲ့ တစ်တိုက်က နှစ်ပေလောက်ပဲခွာတော့ ကပ်နေတော့ တက်လာလို့ ရတာပေါ့ဗျာ။ အဲဒီတော့ လက်ထောက်ပြီး တက်လာတယ်။ ဝရန်တာကနေ ဝင်တယ်။ ကျနော်က အတွင်းတံခါးမကြီးကို မပိတ်ထားမိဘူး။ ခါတိုင်းလည်း ဖွင့်အိပ်တာပဲ။ ဒီ အိမ်ကို ပြောင်းလာတာ သုံးနှစ်လောက်ရှိနေပြီ။ တစ်ခါမှ ပစ္စည်းပျောက်တာမျိုး မရှိ ဖူးဘူးပေါ့နော်။ ဒီဘက်နောက်ပိုင်းမှ ဖြစ်တာဆိုတော့ မလုံခြုံမှုတွေ တရားဥပဒေစိုးမိုးမှု မရှိတဲ့အပိုင်းတွေပေါ့နော်။ အဲဒီညက ကျနော် အခိုးခံရတာ ငွေနှစ်သိန်းပါသွားတယ်။ အဲဒီမတိုင်ခင်ကတော့ ဆိုင်ကယ်တစ်စီး အခိုးခံရဖူးတယ်”
မြို့တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ခိုးဆိုးလုယက်မှုတွေ ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲဆိုတာကို အမြဲစဉ်းစားထားဖို့ လိုနေပြီလို့လည်း ကိုစိုင်းက သတိ ပေးပါတယ်။
“ခိုးဆိုးလုနှိုက်ပဲ ကြောက်ရမှာလား။ လမ်းမှာသွားလို့ စစ်ဆေးမေးမြန်းတာကိုပဲ ကြောက်ရမှာလား"
လက်ရှိ မြောက်ဒဂုံမြို့နယ်မှာ ညနေ ၆ နာရီနောက်ပိုင်းဆိုရင် လူတွေအားလုံး သတိထား သွားလာနေရပြီး၊ ည ၈ နာရီ နောက်ပိုင်းဆိုရင်တော့ လမ်းသူကင်းမဲ့သလောက်နီးပါး ဖြစ်နေပါတယ်။
လက်ရှိ ရန်ကုန်မှာ နေထိုင်ရတာ လမ်းပေါ်ထွက်တာနဲ့ လုယက်သူတွေကိုပဲ ကြောက်ရ မလား၊ လုံခြုံရေးအရ စစ်ဆေးမေးမြန်းနေတဲ့ ရဲနဲ့ စစ်သားတွေကိုပဲ ကြောက်ရမလားဆိုတာ မသိတော့ဘဲ အကြောက်တရား စိုးရိမ်စိတ်နဲ့ မလုံခြုံမှုတွေကို ခံစားနေရတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ စမ်းချောင်းမြို့နယ်က အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ခိုးဆိုးလုနှိုက်ပဲ ကြောက်ရမှာလား။ လမ်းမှာသွားလို့ စစ်ဆေးမေးမြန်းတာကိုပဲ ကြောက်ရမှာလား။ ကိုယ့်ဟာကိုယ်တောင်မှ ရဲရဲတင်းတင်း သွားလို့လာလို့ အဆင် မပြေတော့တဲ့ အနေအထားကြီးပေါ့နော်။ နောက်ပိုင်းဆို ပိုဆိုးလာမှာ။ ပိုဆိုးလာမှာ ဆိုတာက လူတွေက ဘယ်လိုပြောမလဲ။ ပိုက်ဆံကလည်း အရမ်းရှားပါးလာတယ်လေ။ အလုပ်တွေကလည်း အဆင်မပြေတော့တဲ့အခါကျတော့ ရှိတဲ့အလုပ်က ဘာပဲဖြစ်ဖြစ် တစ်နေ့လုပ်တစ်နေ့စား အလုပ်သမားတွေဆိုရင် စက်ရုံတွေပိတ်ဆိုတော့ အလုပ်တွေက မသွားရ။ မသွားရတော့ ဝင်ငွေမရှိတော့တဲ့အခါ ပတ်ဝန်းကျင်မှာ ဘယ်ဟာခိုးရမလဲ၊ ဘယ်ဟာ လုရမလဲဆိုတဲ့ အတွေးတွေ အများကြီး ဝင်လာတာပေါ့နော်”
ပြည်သူတွေဟာ အရေးကြီးကိစ္စမရှိရင် အပြင်လုံးဝ မထွက်ကြတော့သလို အလုပ်ကိစ္စ ကြောင့် အပြင်ထွက်ရသူတွေဟာလည်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ခပ်သွက်သွက်၊ ခပ်မြန်မြန် သွားလာလှုပ်ရှားနေတာကိုပဲ မြင်တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တက္ကစီသမားတစ်ဦးကတော့ အခုလို ခေတ်ကြီးထဲမှာ ဝမ်းရေးအတွက် အငှားယာဉ်မောင်းနေရပေမယ့် ကိုယ့်အသက်အန္တရာယ် ကို အမြဲသတိထားနေရတယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့လည်း အခုလက်ရှိ မောင်းနေပေမယ့်လည်း အန္တရာယ်ကြားထဲမှာ။ မဖြစ် မနေမို့လို့သာ မောင်းနေကြရတာ။ သတိတော့ ကြီးကြီးထားရတာပေါ့။ စိတ်ထဲမှာ မသင်္ကာတဲ့အနေအထား ရှိတဲ့လူဆိုရင် ပိုက်ဆံဘယ်လောက်ပဲပေးပေး မတင်တော့ ဘူးဗျာ။ အော်ဒါ လိုချင်တယ်။ ငွေလိုချင်တယ်။ သို့ပေမယ့် စိတ်ထဲမှာ မသင်္ကာဘူး လို့ထင်ရင် သူတို့ကို မတင်တော့ဘူး။ ကျနော့်ဘာသာ ကျနော်ပဲ ဖြတ်မောင်းသွား လိုက်တယ်ပေါ့။ အဲဒီလောက်အထိတော့ ကျနော်တို့ ရှောင်လို့ရတယ်။ အဲဒီထက် ကျော်လာတဲ့ဟာဆိုရင်တော့ ကိုယ်လည်းရှောင်လို့ မရတော့ဘူး”
လက်ရှိ ရန်ကုန်မြို့ရဲ့ အခြေအနေဟာ လမ်းမပေါ် လုယက်မှုတွေအပြင် နေအိမ်ခြံဝင်းထဲ လမ်းဆင်းလျှောက်ရင်တောင် ဆွဲကြိုးအလုခံရတာမျိုးတွေ သူနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခု ဩဂုတ်လထဲမှာပဲ ရန်ကုန်မြို့က တက္ကစီးတစ်စီးဟာ ထောက်ကြန့်ဘက်မှာ ခရီးသည် လိုက်ပို့ရင်း ကားမောင်းသူ ပြန်ပေးဆွဲခံရပြီး ဩဂုတ်လ ၇ ရက်နေ့မှာ ပြန်မရွေးရင် လူကို သတ်ပြီး ကားကို မီးပုံရှို့မယ်လို့ ပြန်ပေးဆွဲသူက ခြိမ်းခြောက်လာတဲ့အတွက် သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ကားအရောင်းအဝယ်လုပ်နေသူ ကိုအရည်ကြိုက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။
အဲဒီလိုဖြစ်ခဲ့တာ မှန်ကန်ပြီး သိန်းဆယ်ဂဏန်းထိ ပေးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ အဲဒီအငှားယာဉ်ပိုင်ရှင်က မီဒီယာတချို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက် သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် လက်ခံဖြေကြားဖို့ ငြင်းဆိုပါတယ်။ အရင်အကြိမ်တွေ တုန်းကတော့ ဒီလို ခိုးဆိုးလုယက်မှုတွေကို ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ တိုင်ကြားနိုင် သလို ရဲအရေးပိုင်တဲ့အမှုတွေဆိုရင် သက်ဆိုင်ရာ ရဲစခန်းတွေကို တိုင်ကြားနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့ဖူးပါတယ်။
ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးကတော့ အခုချိန်မှာ လုံခြုံရေးအခြေအနေကြောင့် အမှု အခင်းရှိရင်တောင် ပြည်သူတွေကိုယ်တိုင် ရဲစခန်းတွေကို တိုက်ရိုက်သွားတွေ့လို့ မရ တော့ဘဲ ရပ်ကွက်လူကြီးကတစ်ဆင့် အဆင့်ဆင့် အချိန်ပေး ဆက်သွယ်ပြီးမှ အမှုဖွင့် လို့ရတာကြောင့် ဘယ်သူကမှ ရဲစခန်းတွေကို အမှုဖွင့်တိုင်ကြားတာမျိုး မလုပ်တော့ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့ကိုယ်တိုင် ကြောက်စိတ်ရှိတဲ့အတွက် ယူနီဖောင်းနဲ့ မလိုက်ရဲတာတစ်ခုရှိမယ်။ နောက်တစ်ခုကလည်း ရဲစခန်းဝင်းရဲ့ အပြင်ကို မထွက်ရဲကြဘူး။ ဥပမာ- ကျမတိုက်ရိုက် သွားတိုင်ရင်တောင် သူတို့ မလိုက်ရဲဘူး။ ကျမ ရပ်ကွက်မှာရှိတဲ့ ရာအိမ်မှူးဖြစ်ဖြစ်၊ ဥက္ကဋ္ဌကတစ်ဆင့်ဖြစ်ဖြစ် ဆက်သွယ်ပေးမှ သူတို့ ယုံကြည်ရတယ်ပေါ့။ သူတို့လူက ဖုန်းဆက်ပြီးခေါ်ပေးရင်တော့ သူတို့လာတယ်။ ကျမတို့က တိုက်ရိုက်လိုက်သွားရင်လေ မရဘူး။ ရပ်ကွက်ပြန်ပြီးတော့ ရာအိမ်မှူးကို အကြောင်းကြားခိုင်းတယ်”
ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေဟာ အပြင်သွားရင် လက်ဝတ်ရတနာတွေကို ချွတ်ထားခဲ့ရပြီး အိတ်အစုတ်နဲ့ပဲ ထွက်လေ့ရှိတယ်လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရဲစခန်းအားလုံးမှာ အမှုဖွင့်လို့ မရဘူးဆိုတာ မမှန်ဘဲ ရဲစခန်းတွေကိုယ်တိုင် တိုက်ခိုက်ခံနေရလို့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားရတာလို့ အခုနှစ် ဇန်နဝါရီလထဲမှာ RFA ကို ပြောဆိုခဲ့ဖူးပါတယ်။
တရားဥပဒေ စိုးမိုးရေးဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူအကြား ယုံကြည်မှု တည်ဆောက်နိုင်မှ သာ ဆောင်ရွက်လို့ ရတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောပါတယ်။
“ပြည်သူလူထုနဲ့ အုပ်ချုပ်သူလို့ပြောတဲ့ စစ်ကောင်စီကြားထဲမှာ သဘောတူညီချက်၊ ယုံကြည်ချက်ဆိုတဲ့ဟာက ရှိမှ မရှိတော့တာ။ မရှိတော့တဲ့အတွက် ကျနော်တို့ အဲဒီလိုမျိုး တစ်ခုခု နစ်နာဆုံးရှုံးမှု ဖြစ်လာတယ်ဆိုရင် ပြည်သူလူထုအနေနဲ့ အဲဒီလိုမျိုး တိုင်တာတောတာ သွားပြီးတော့ အကူအညီတောင်းတယ်ဆိုတာက အရင်လို လွယ်လွယ်ကူကူ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲလိုပဲ ဟိုဘက်က ပြည်သူလူထုကို စောင့်ရှောက်ဖို့ လိုအပ်တဲ့ဟာမျိုးမှာလည်း သူတို့ စောင့်ရှောက်ရမယ့်လူလား၊ သူတို့ကို ဆန့်ကျင်နေတဲ့လူလား ဆိုတဲ့ဟာက သူတို့ဘက်မှာလည်း သံသယတွေ ရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီဟာတွေက နဂိုကတည်းက ဖြစ်လာမယ့် ဇာတ်လမ်းတွေပဲ”
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူကြားမှာ Social Contract လို့ ခေါ်တဲ့ အုပ်ချုပ်သူက ပြည်သူလူထုရဲ့ လုံခြုံရေးကို တာဝန်ယူ၊ ဒီ့အတွက် ပြည်သူလူထုကလည်း အပြန်အလှန် အမှီသဟဲပြုတဲ့ အခြေအနေမျိုးကို တည်ဆောက်နိုင်မှသာ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုရှိမှာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ အဲဒီလို အခြေအနေမျိုး မရှိဘူးလို့လည်း ဒေါက်တာစိုင်းကြည်ဇင်စိုးက မှတ်ချက်ပေးပြောဆိုသွားပါတယ်။