ဒုစရိုက်မှုတွေ ပိုများလာတဲ့ ရန်ကုန်

ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ ညဘက်တွေသာမက နေ့ခင်းဘက်တွေမှာတောင် ဖုန်း၊ ပိုက်ဆံအိတ်၊ လက်ဝတ်ရတနာနဲ့ ဆိုင်ကယ်၊ စက်ဘီး စတာတွေ လုယက်ခံရတာ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလုံမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်သန္တာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆင်မင်းဈေးကို ဆိုင်ကယ်နဲ့ အသွား လမ်းမှာ ပိုက်ဆံအိတ် လုယူခံခဲ့ရပြီး ခန္ဓာကိုယ်မှာလည်း ထိခိုက်ဒဏ်ရာတွေရ ခဲ့တယ်လို့ ရှင်းပြပါတယ်။
"ဆိုင်ကယ်နဲ့ မောင်းလာတဲ့လူက နောက်ကကောင်က အန်တီ့ချိုင်းကြားထဲက ပိုက်ဆံ အိတ်ကိုလုသွားတယ်။ လုသွားပြီး ပြေးသွားတယ်။ ပိုက်ဆံအိတ်လုသွားတယ်လို့ အော် တော့ လူတွေက အာမေဋိတ်ဖြစ်ပြီးတော့ လိုက်တဲ့ သူက လိုက်တယ်၊ မလိုက်တဲ့သူက မလိုက်ဘူး။ ဒါပေမဲ့ မမိလိုက်ဘူး။ မနက် ၉ နာရီခွဲ၊ ၁၀ နာရီတောင်မှပဲ အန်တီတို့ အမျိုးသမီးတွေအတွက် လုံခြုံမှုဆိုတာ မရှိဘူး၊ ကိုယ့်ချိုင်းကြားထဲက လုသွားလို့ လုတယ်၊ လုတယ် ပြောလည်း တော်ရုံတန်ရုံလိုက်မယ့်သူက မရှိကြဘူး။ လိုက် ပေးရအောင်လည်း ကိုယ်နဲ့လည်း မျက်မှန်းတန်း မိတာတွေက မရှိကြဘူး။ ကိုယ့် အသိမိတ်ဆွေလည်းမဟုတ် လမ်းသွားလမ်းလာပဲဆိုတော့။ အန်တီတို့ဘက်မှာ ဆိုရင် ညနေအလုပ်သမားလေးတွေ ပြန်လာပြီဆိုရင် ကုန်းပေါ်မှာ ဘယ်သူ့ဖုန်းလုသွားလို့ပါ။ နောက်က ဆိုင်ကယ်နဲ့ လုသွားတယ်၊ ဆွဲကြိုးဖြတ်သွားလို့ပါ ဆိုတာ အမြဲတမ်း အသံကြားနေရတယ်"
လူစည်ကားတဲ့ ဈေးနဲ့ ဘတ်စ်ကားမှတ်တိုင်တွေအနီးမှာ လုယက်မှုတွေပိုများလာလို့ အမျိုးသမီးတွေအနေနဲ့ အခုကာလမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုပြီး ခံစားနေရတယ်လို့ သူက ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကိုလွင်ဦး ကလည်း ပြီးခဲ့တဲ့ ဧပြီလက နေ့ခင်းဘက် ဈေးဝယ်နေတုန်း လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ဆွဲကြိုးလုယူသွားတာ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
"သူတို့က ကျွမ်းကျင်အဆင့်တောင် ဖြစ်နေလောက်ပြီ၊ ဆွဲကြိုးဖြတ်တာ ကလစ်ကနေ ဖြတ်တာလို့ ကျနော် ထင်တယ်။ လူက ဖြတ်ပြီးသွားမှ သိသွားတာ၊ ပစ်မလဲသွားဘူး၊ တရုတ်ထုတ်ဆိုင်ကယ် ဗာရှမ်းနဲ့ အမျိုးသား နှစ်ယောက်ပေါ့။ အသက်အရွယ်အားဖြင့် ၂၀ နဲ့ ၂၈ ပတ်ချာလည်ပေါ့။ အဲ့အရွယ်ကလုပြီး မောင်းပြေးသွားတာ။ မောင်းပြေးသွား တော့ ဆိုက်ကားသမား တစ်ယောက်က ကူရှင်နဲ့ ပစ်လိုက်တယ်၊ ဒါပေမဲ့ ဆိုင်ကယ်က မလဲ သွားဘူး။ ဆက်ပြေးတဲ့အချိန်မှာ ရပ်ကွက်ထဲကလူတွေလိုက်တော့ ကျနော်တို့ ဘက်မှာရှိတဲ့ Resort တစ်ခုရှိ တယ်၊ အဲ့ထဲကိုဝင်ပြေးသွားတယ်။ မိတဲ့အချိန်မှာ အဲ့ Resort အနောက်မှာ ရှိတဲ့ ငမိုးရိပ်ချောင်းကို လက်ပစ်ကူးပြီး မြောက်ဥက္ကလာဘက်ကို ထွက်ပြေးသွားတယ်"
လုယက်သူအများစုဟာ ဆိုင်ကယ်တွေကို အများဆုံးအသုံးပြုပြီး အုပ်စုဖွဲ့ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်ကြတာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒုစရိုက်မှုကျူးလွန်တဲ့သူတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းတာမရှိသလို လုယက်သူတွေ ကိုယ်တိုင်က ပြဿနာလာရှာနိုင်တယ်ဆိုပြီး ရဲစခန်းတွေမှာ တိုင်ကြား တာတွေ မလုပ်ကြဘူးလို့ လုယက်ခံရသူ အချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ခါးပိုက်နှိုက်ခံရတာကို ကူညီခဲ့တဲ့ လှည်းတန်းက အသက် ၃၀ ကျော် ဆိုက်ကားနင်းသူ တစ်ဦး အုပ်စုဖွဲ့ ဓားထိုးခံရတာကြောင့် အသက်သေဆုံးခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
"နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်သွားပြီဆိုတဲ့ အချိန်အခါမျိုးမှာ ဒုစရိုက်လောကသားတွေက ကျူးလွန်လာကြတယ်"
အင်းစိန်မြို့နယ်က ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ ဆွဲကြိုးလုယက်သူတစ်ဦးကိုလည်း ဒေသခံတွေကပဲ ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို ဒုစရိုက်မှုတွေ များလာတာဟာ အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးရေး ပျက်စီးနေတာကို ပြသနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။
"ရဲတပ်ဖွဲ့က သူတို့ရဲ့ပင်မလုပ်ငန်းတာဝန်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းရေးကို မလုပ်ရ တော့ဘဲနဲ့ နစကနဲ့ပူးပေါင်းပြီးတော့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေပဲ လုပ်ပြီးတော့ လူတွေကြားမှာ ကြိုတင်စီမံ ထောက်လှမ်းဖို့၊ ဖြစ်ပေါ် နေတဲ့ မှုခင်းတွေကို အရေးယူဆောင်ရွက်ဖို့ ဒါတွေကို လုံးဝအာရုံစိုက် လုပ်မပေးနိုင် တော့ဘူး၊ အဲ့ဒီအခြေအနေပေါ်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်သွားပြီဆိုတဲ့ အချိန်အခါမျိုးမှာ ဒုစရိုက်လောကသားတွေက ကျူးလွန်လာကြတယ်။ ဘယ်ခေတ် ဘယ်အခါကမှ မကြားခဲ့ဘူးတဲ့ ဖုန်းလေး တစ်လုံးနဲ့ လူ့အသက်ကိုရန်ရှာပြီး သတ်သွား တဲ့ အခြေအနေတွေလည်း ကြားနေရပါတယ်"
စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒုစရိုက်မှုတွေကို စုံစမ်း ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
"ကျနော်တို့အနေနဲ့ အရေးယူဆောင်ရွက်နေပါတယ်၊ လုယက်မှုတွေ များလာတဲ့ အကြောင်းအရင်းကလည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ နောက်ပိုင်းမှာ ယခင်ကတိုင် ဇရှိတဲ့သူတွေ၊ လူဆိုးလူမိုက်တွေကိုပေါ့ လက်နက်တပ်ဆင်ပေးထား ပြီးတော့ သူတို့လုပ်ကြံဖန်တီးထားတာရှိတယ်၊ ဒီလိုလူမျိုးတွေမှာ လက်နက် ရောက် လာပြီး နောက်ပိုင်းမှာ လုယက်မှုတွေ ပိုမို များပြားလာတာကို တွေ့ရတယ်၊ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်းဖော်ထုတ်နေတာတွေလည်း ရှိပါတယ်၊ ကျနော်တို့ ထုတ်ပြန်ပါမယ်"
တရားဥပဒေစိုးမိုးမယ့်အခြေအနေကိုရောက်ဖို့ လတ်တလောမှာ မလွယ်ကူနိုင်သေးဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ယူဆပါတယ်။
"ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူသွားမယ့် အဖွဲ့အစည်းတွေကိုယ်တိုင် ကိုယ့် လုံခြုံရေးကို တာဝန်မယူနိုင်တဲ့ အခြေအနေ ရောက်နေတဲ့အခါမှာ လူထုက သူ့ရဲ့လုံ ခြုံရေးပြဿနာတွေနဲ့ ပတ်သက်လို့ရှိရင် လူထုက သွားရောက် တိုင်ကြားစရာ နေရာ မရှိပါဘူး၊ နောက် သွားရောက်တရားစွဲဆိုစရာ တရားရုံးလည်း မရှိဘူး၊ ကျနော်တို့ စစ်ကောင်စီနဲ့ NUG ရဲ့ PDF အဖွဲ့တွေ ဒီနှစ်ခုကြားမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဘက်တစ်ဖက်က အနိုင်ရပြီး တော့ ဘက်တစ်ဖက်က ဆုံးရှုံးသွားတဲ့အဖြေ ပေါ်လာမှ သာလျှင် အဲ့ဒီပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်"
လုယက်ခံရတဲ့ ပြည်သူအများစုဟာ အပြင်ထွက်သွားလာရင် မလုံခြုံတော့ဘဲ နောက်တစ် ကြိမ် လုယက်မှု ပြန်ကြုံရမှာကို အမြဲစိုးရိမ်နေရတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကိုယ်တွေ့ကြုံခဲ့ရသူတွေက ပြောပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ထိန်းကျောင်းဖို့ ပျက် ကွက်နေတဲ့ ရဲဌာနတွေကိုလည်း ပြည်သူတွေအကြား မေးခွန်းတွေ ထုတ်နေကြပါတယ်။