မုန်တိုင်းသင့် ရခိုင်ဒေသအတွက် သွားလာမှုကို စစ်ကောင်စီတင်းကျပ်ထား
ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူတွေရဲ့ အကူအညီလိုအပ်ချက်တွေကြီးမားနေဆဲဖြစ်ပြီး ဒီနေ့အထိ ဘာအကူအညီမှမရသေးတဲ့ နေရာတွေ အများအပြားရှိနေဆဲပဲလို့ ရခိုင်ဒေသအခြေစိုက် အရပ်ဘက် အဖွဲ့တွေကပြောပါတယ်။
-
RFA Burmese
2023-05-30 -
-
-
ရခိုင်ပြည်နယ်မှာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်သူတစ်သန်းကျော် ထိခိုက် ခံစားခဲ့ကြရပြီး ပြန်လည် ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပက အကူအညီတွေ ပေးနိုင်ရေးအတွက် စစ်ကောင်စီက ကန့်သတ်မှုတွေ ကို ဖြေလျှော့ပေးဖို့ ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက မေလ ၂၉ ရက် မနေ့က ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းထက် ထိခိုက်ပျက်စီးမှု ပိုများ ခဲ့တာကြောင့် မုန်တိုင်းသင့်ဒေသတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်ရေသန့်၊ အမိုးအကာနဲ့ အိမ်ဆောက် ပစ္စည်းတွေလည်း အရေးပေါ်လိုအပ်နေတာပါ။
စစ်ကောင်စီက ရန်ကုန် - စစ်တွေကားလမ်းမတစ်လျှောက် လုံခြုံရေးဂိတ်တွေ ချထားပြီး အသွားအလာတွေကို တားဆီးစစ်ဆေးတာအပြင် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ကိုပိတ်ထားတာပါ။ မုန်တိုင်းသင့်ဒေသခံတွေကို အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ ရန်ကုန် - စစ်တွေ ကုန်သွယ်ရေး လမ်းမကြီးကို ၂၄ နာရီ ဖွင့်ပေးဖို့လိုအပ်တယ်လို့ စစ်တွေမြို့ အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးခိုင်ကောင်းစံက RFAကို ပြောပါတယ်။
"အလှူရှင် အဖွဲ့အစည်းတွေ လာတာပေါ့၊ အကူအညီပေးတဲ့ ပရဟိတအဖွဲ့အစည်းတွေ လာတာပေါ့၊ လာတဲ့အခါ လမ်းမှာ စစ်ဆေးတာတွေ ရှိတယ်။ စစ်ဆေးတာကတော့ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက လုံခြုံရေးအရ စစ်ဆေးတာလေ။ မလိုလားအပ်တဲ့ ပစ္စည်းတွေ ပါလာမှာစိုးလို့ စစ်ဆေးတာ လက်ခံတယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ ရန်ကုန်- စစ်တွေကားလမ်းက ၂၄ နာရီ ဖွင့်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်တာ။ တစ်ည အိပ်လိုက်တာနဲ့ ပါလာတဲ့ ပစ္စည်းတွေက ဒီဘက်မှာ လိုအပ်နေတဲ့နေရာကို အချိန်နဲ့တပြေးညီ မရောက် နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်နေတာပေါ့။ အဒါကြောင့်မို့လို့ ရန်ကုန်-စစ်တွေ ကားလမ်းကို ရခိုင်ဘက်မှာ ၂၄ နာရီသွားလာခွင့်ရဖို့ အဲဒါအရေးကြီးနေတယ်"
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC အပြင် နိုင်ငံတကာလူမှုအဖွဲ့ အချို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ပံ့ပိုးကူညီနေတာ တွေ့မြင်ရပေမဲ့ မုန်တိုင်းကျရောက်ပြီးချိန်ကနေ ဒီနေ့အထိ ဘာအကူအညီမှမရသေးတဲ့ ဒေသတွေ အများအပြားရှိနေသေးတယ်လို့လည်း ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ပေးဖို့နဲ့ အရပ်ဘက်လူမှုအဖွဲ့တွေရဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုတွေကို ကန့်သတ်ပိတ်ပင်တာတွေမလုပ်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
"အိမ်ဆောက်ဖို့ ပစ္စည်းတွေနဲ့ စားဖို့ ပစ္စည်းတွေ တအားခက်နေပါတယ်"
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် နေအိမ် အဆောက်အအုံ ၉၀ ရာခိုင်နှုန်းကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ ရတာပါ။
ရသေ့တောင်မြို့နယ် တစ်ခုတည်းမှာ မေလ ၁၄ ရက်နေ့က မုန်တိုင်းရှောင်ရင်း လေပြင်း တိုက်ခိုက်လို့ ဒေသခံ ၁၃ ဦးနဲ့ ကျွဲနွားအကောင်ရေ နှစ်ထောင်နီးပါး သေဆုံးခဲ့ကြရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ ရသေ့တောင်မြို့နယ်တစ်ခုလုံးမှာ နေအိမ်၊ ကျောင်း၊ ဆေးရုံနဲ့ သာသနိကအဆောက်အအုံ ၉၅ ရာခိုင်နှုန်း နီးပါး ပျက်စီးခဲ့ရတာပါ။
ဒါပေမဲ့ လက်ရှိအချိန်အထိ မိုးရေထဲမှာပဲ တာလပတ်မိုးပြီး ဖြစ်သလို နေနေကြရတယ်လို့ ရသေ့တောင်မြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဆုံးရှုံးတယ်ဆိုတာကတော့ ဘယ်လိုမှ ပြောပြလို့ မရနိုင်ပါဘူး။ အခုဆိုရင် နေစရာတောင် မရှိတော့ဘူး။ မိုးချုပ်ပြီဆိုရင် မိုးရွာလည်း ထိုင်နေရတယ်။ မိုးရွာတယ်ဆိုရင် တာလပတ် အစတွေအောက်နေရတယ်။ အဲဒါကလည်း ရှိတဲ့သူက ရှိတယ်၊ မရှိတဲ့ သူကမရှိဘူး။ အဲဒါကလည်း မိုးမလုံဘူးလေ၊ ဒါပေမဲ့လည်း ကုပ်ကပ်ပြီး နေနေရတာပဲ၊ အခုလောလောဆယ်အထိ ကျွန်တော်တို့စီက ဘာအကူအညီမှ ရောက်မလာသေးပါဘူး"
ပျက်စီးဆုံးရှုံးမှုများတဲ့ ရွာတွေအထဲမှာ မယူမြစ်ရဲ့ အောက်ဖက်တစ်ကြော မှာရှိတဲ့ နှင်းဆီကုန်း၊ ခွေးတောက် ချောင်း၊ အလယ်ချောင်း၊ နတ်ချောင်း၊ ကောင်းရီချောင်း၊ ကျွန်းချောင်း၊ နေပူခံစတဲ့ ရွာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
မိုခါမုန်တိုင်းဟာ အဆောက်အဦးနဲ့ လူမူဘဝတွေကိုပဲ တိုက်ခတ်သွားတာမဟုတ်ဘဲ မိသားစု အသက်မွေးဝမ်း ကျောင်း စီးပွားရေးလုပ်ငန်းတွေကိုပါ ဖျက်စီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
မိုးရာသီမရောက်ခင် နေအိမ်တွေကို ပြန်လည် ပြင်ဆင်ချင်ပေမယ့် အိမ်ဆောက်ပစ္စည်းဈေးတွေ အဆမတန် မြင့်တတ်သွားလို့ မပြင်နိုင်သေးဘူးလို့ ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ ကိုအလီ (အမည်လွှဲ)က ပြောပါတယ်။
"ဘူးသီးတောင်မှာလေ အိမ်ဆောက်ဖို့ ပစ္စည်းတွေ တအားဈေးကြီးပါတယ်။ အထူးသဖြင့် ဘူးသီးတောင် အောက်ပိုင်းမှာပါ။ ဝါးတစ်ရာ တစ်စည်းကို အရင်က လေးသောင်း သုံးထောင်ပါ၊ အခုဆိုရင်တစ်သိန်း နှစ်သောင်း ပေးရတယ်။ သွပ်တစ်ချပ် ဆိုရင် တစ်သောင်းနှစ်ထောင်ပါ၊ အခုဆိုရင် ခြောက်သောင်း ခုနှစ်ထောင် ပါ။ မရပါဘူး ပြန်မပြင်နိုင်ပါဘူး။ ပိုက်ဆံလုံးဝမရှိပါဘူး။ တအားခက်ခဲနေတယ်။ တချို့တွေဆို အိမ်ခွဲပြီး နေကြတယ်။ တချို့တွေက ခွဲစရာ အိမ်မရှိတော့လို့ ဒီအတိုင်းပဲ နေကြတယ်။ အိမ်ဆောက်ဖို့ ပစ္စည်းတွေနဲ့ စားဖို့ ပစ္စည်းတွေ တအားခက်နေပါတယ်"
ဘူးသီးတောင် မြို့နယ်အတွင်းမှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ် ၁၀ အိမ်မှာ ကိုးအိမ်က ပြန်မပြင်နိုင်ဘူးလို့ သူက ပြောပါတယ်။
ကျောက်တော်မြို့နယ်၊ အုံးပတီးရွာမှာ ဆေးရုံနဲ့ စာသင်ကျောင်းတွေအပါအဝင် လူနေအိမ်တွေပါ ပြိုကျကုန်တာကြောင့် ပြန်လည်တည်ဆောက်ဖို့ အကူအညီ လိုအပ်နေတယ်လို့ အုံးပတီးရွာသူ ဒေါ်ဘုချေ(အမည်လွှဲ) က ပြောပါတယ်။
"ရွာမှာက အိမ်ခြေ ၂၇၀ရှိတာ၊ ကျန်တာက ၁၀လောက်ပဲ ကျန်တယ်။ ကျန်တာ အကုန် လုံးပျက်စီးတယ်။ အခက်အခဲကတော့ အများကြီးပါပဲ၊ ရေလည်းအခက်အခဲ၊ စားဝတ်နေရေးလည်း အခက်အခဲပဲ၊ အိမ်ကိုလည်း သွပ်တွေဘာတွေမိုးဖို့ ပိုက်ဆံလည်း မရှိဘူး။ မဆောက်နိုင်တဲ့ သူက များတယ်။ ဆောက်နိုင်တဲ့ သူကနည်းတယ်။ ဆောက်နိုင်တဲ့ သူဆိုလည်း တာလပတ်တွေဘာတွေပဲ မိုးနိုင်တယ်။ အကူအညီလေး တချို့လိုချင်တယ်။ သွပ်တွေဘာတွေ မရတော့ တာလပတ်တွေဘာတွေ နည်းနည်းလောက် လိုချင်တယ်"
အုံးပတီးရွာဟာ ကျောက်တော်မြို့နယ်ရဲ့ တောင်ဘက်အစွန်ပိုင်းမှာ ရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ရောက်လာဖို့ အလှမ်းဝေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ဆိုးဆိုးရွားရွား ပြတ်တောက်သွားတဲ့ အထဲမှာ ပေါက်တော မြို့နယ်လည်း ပါဝင်ပါတယ်။
မုန်တိုင်းတိုက်ပြီး ၁၀ ရက်ကျော် ကြာတဲ့အထိ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ပုံမှန်အတိုင်းမရ သေးဘူးလို့ ပေါက်တောမြို့နယ်မှာနေထိုင်တဲ့ ကိုလင်းမြတ်က RFAကို ပြောပါတယ်။
"လတ်တလော အခက်အခဲကတော့ ကယ်ဆယ်ရေး ပစ္စည်းတွေဖြစ်တဲ့ အမိုးအကာတွေ၊ မီးတွေ ပုံမှန်အတိုင်း လုပ်ပေးရင် အဆင်ပြေတယ်။ အမိုးအကာတွေဆိုလည်း အရမ်းဈေးတက်သွားတယ်။ ကယ်ဆယ်ရေးတွေ မရောက်နိုင်ရင်တောင် ဈေးပုံမှန်လေးနဲ့ ဝယ်လို့ရအောင် အဆင်ပြေအောင် လုပ်ပေးရင် ကောင်းတာပေါ့၊ အခုကျတော့ မီးပျက်တာ ပြဿနာပေါ့၊ အကုန်လုံးက ပြတ်တာပါပဲ၊ မီးအရင်လို မပေးနိုင်ရင်တောင် ရပ်ကွက် အလိုက်ဖြစ်ဖြစ် ပေးရင်ကောင်းမယ်၊ ရေတွေဘာတွေ တင်လို့အဆင်ပြေအောင်၊ မီးသီးတွေ အားသွင်းလို့ရ အောင်ပေါ့"
ပင်လယ်ကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်မှုကို မကြာခဏ ကြုံရလေ့ ရှိပေမယ့်လည်း မိုခါမုန်တိုင်းလောက် မပြင်းထန်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်သင့်ဒေသခံတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ဆက်တိုက်ပို့ပေးနေတယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ နေ့စဉ် ကြေညာနေပါတယ်။ ဒါပေမဲ့ အဲဒီအကူ အညီတွေကို ဒေသခံအများစု မရရှိသေးတာနဲ့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့တွေရဲ့ မနေ့က ထုတ်ပြန်တိုက်တွန်း ချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ကို သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေ ချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်း ခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။
ရခိုင်ပြည်နယ်အခြေစိုက် လင်းရောင်ခြည်လူမှုကူညီရေးအသင်းက တာဝန်ရှိသူ ကိုစိုးလွင်ကတော့ လက်ရှိမှာ မုန်တိုင်းသင့်ပြည်သူ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပျက်စီးသွားတဲ့အိမ်တွေကို ပြန်ပြင်နိုင်သေးတယ်လို့ပြောပါတယ်။
"အခုတောင်မှ ဘာမှမလုပ်ရ သေးတဲ့ နေရာတွေရှိတယ်။ မီးကြိုးတွေ၊ မီးတိုင်တွေ လဲရက်သားရှိသေးတယ်။ ကယ်ဆယ်ရေးအဖွဲ့လုပ်တာတွေလည်း မနိုင်နိုင်သေးဘူးလေ။ အိမ်တွေဆို ပြိုကြသွားတာလေ၊ ခေါင်လန်တာ၊ အမိုးအကာတွေ လွင့်ကုန်တာရောပေါ့။ အခုထက်ထိ က ၁၀ရာခိုင်နှုန်းလောက်ပဲ ပြန်လည် ပြင်ဆင်နိုင်ကြ သေးတယ်။ သွပ်တွေ၊ သွပ်သံတွေက အစ ရှားပါးနေတာဆိုတော့"
ရခိုင်ပြည်နယ်က မြို့နယ်တချို့ မှာဆိုရင် မုန်တိုင်းနောက်ဆက်တွဲ အနေနဲ့ မသန့်ရှင်းတဲ့ ရေကို သောက်သုံးမိတဲ့ အတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်းမှာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၄၈ ဦးထိရှိခဲ့တယ်လို့ စစ်ကောင်စီက မေလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံကတော့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကနေ တဆင့် အမေရိကန်ဒေါ်လာ ၁၇ သန်း နီးပါးကို မုန်တိုင်းသင့် ဒေသတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးမယ်လို့ မေလ ၂၄ ရက်နေ့ က ထုတ်ပြန် ပြောဆိုထားပါတယ်။