လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နီးပါးနဲ့ မိုခါမုန်တိုင်း စစ်တွေမြို့အနီးဝင်ရောက်နိုင်
ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မေ ၁၂ ရက်မှာ အလွန်အားကောင်းတဲ့အဆင့်ကို ရောက်ရှိသွားပြီလို့ မိုးဇလက ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-05-12 -
-
-
ဘင်္ဂလားပင်လယ်အော်ကနေ ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်ကိုဦးတည်နေတဲ့ မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက် တနင်္ဂနွေနေ့မှာ စစ်တွေမြို့နားကနေ ဖြတ်ကျော် ဝင်ရောက်မယ်လို့ မြန်မာပြည်တွင်းရော နိုင်ငံတကာ မိုးလေဝသဌာနတွေကပါ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ ကျောက်ဖြူမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့(Cox’s Bazar) ကြားထိ သက်ရောက်မှာဖြစ်ပါတယ်။
ဒီကနေ့ မေလ ၁၂ ရက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ အလွန်အားကောင်းတဲ့ အဆင့်ကို ရောက်သွားပြီလို့ မြန်မာနိုင်ငံမိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကတော့ မိုခါမုန်တိုင်းဟာ တစ်နာရီမိုင် ၁၃၀ နီးပါးရှိတာကြောင့် နာဂစ်မုန်တိုင်းနဲ့ ပြင်းအားတူနေလို့ အလွန်အန္တရာယ်များတယ်လို့ RFA ကိုပြောပါတယ်။
"၁၄ ရက်နေ့ မနက်နဲ့ မွန်းလွဲပိုင်းကိုဝင်မယ်လို့ ခန့်မှန်းပါတယ်။ အခုက အားကလည်း ကောင်းလာတယ်ဆိုတော့ မိုင် ၁၃၀ နီးပါး တိုက်မယ်ဆိုတော့ ဒါက နာဂစ်မုန်တိုင်းရဲ့ ပြင်းအားလောက် သွားတူတာပေါ့။ မုန်တိုင်းရဲ့ တိမ်တိုက်တွေက လောလောဆယ် အဲဒီဘက်ကိုမရောက်သေးဘူး၊ ရောက်နေတာက မြစ်ဝကျွန်းပေါ်ဒေသမှာပေါ့။ လေငြိမ်နေတယ်ဆိုတဲ့ သဘောကတော့ မုန်တိုင်းလာမှာမိုလို့ ငြိမ်နေတာပေါ့၊ အန္တရာယ်ရှိတယ်လို့လည်း ပြောရမှာပေါ့"
မုန်တိုင်းဖြတ်ကျော်မယ့်ဒေသတွေအနေနဲ့ မုန်တိုင်းအဆင့်သတိပေးချက်တွေကို အဆက်မပြတ် နားထောင်တာ၊ အရေးပေါ်ဆေးဝါးနဲ့ အသုံးအဆောင်တွေ ကြိုပြင်ဆင်တာတွေ လုပ်ရမယ်လို့ သတိပေးပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာ မကြာခဏမိုးသက်လေပြင်းကျပြီး လှိုင်းအလွန်ကြီးနိုင်သလို လှိုင်းအမြင့်ဟာ ၁၃ ပေကနေ ၁၆ ပေ အထိရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းပါတယ်။
ရခိုင်ပြည်နယ်မှာ မုန်တိုင်းအန္တရာယ်ကို ကာကွယ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ဘေးလွတ်မယ့်နေရာတွေကို ပြောင်းရွှေ့တာတွေ လုပ်နေပါတယ်။
ပေါက်တောမြို့နယ်မှာ မေလ ၈ ရက်နေ့ကတည်းက ငပြီကျွန်းဒေသက ရွာသုံးရွာနဲ့ ပိုက်ဆိပ်ရွာတွေက အရပ်သား ၈၀၀ နီးပါးဟာ ကြိမ်ခွေမော်ရွာက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ ဒေသခံ ဦးသန်းဌေးက RFA ကို ပြောပါတယ်။
"မုန်တိုင်းတိုက်လာရင်၊ တိုက်ပြီးမှဆိုရင် ပြေးစရာနေရာမရှိဘူးလေ။ ပြေးလို့လည်း မရတော့ဘူး။ ပြောင်းတဲ့ ရွာက လေးရွာပါ။ လူဦးရေက ရှစ်ရာဝန်းကျင်လောက် ရှိပါတယ်။ ကြိုတင်ပြီးတော့ ရှောင်ရှားနေကြတာပါ"
စစ်တွေမြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံတွေလည်း တခြားမြို့နယ်တွေကို ပြောင်းရွှေ့ နေကြသလို ပြည်နယ်အာဏာပိုင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း အရေးပေါ်ခိုလှုံရမယ့် နေရာတွေ ပြင်ဆင်ထားတယ်လို့ စစ်တွေဒေသခံ ကိုစိုးမင်းအောင်က ပြောပါတယ်။
"လက်ရှိအခြေအနေကတော့ လူတွေက မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ် ပြီးတော့ တခြား ဒေသတွေကိုပြောင်းရွှေ့နေတာ တွေ့တယ်။ ကားတွေ၊ အထုပ်တွေ အပိုးတွေနဲ့လေ။ အစိုးရအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေကလည်း အရေးပေါ် ပြောင်းရွှေ့ရမယ့်နေရာတွေကို စီစဉ်ထားတာရှိတယ်။ ဥပမာ - ဘုန်းကြီးကျောင်းတွေပေါ့။ တော်တော်များများကတော့ ကြိုတင်ကာကွယ်မယ့်အပိုင်းတွေ လုပ်ဆောင်ထားတယ်"
ရက္ခိုင့်တပ်တော်(AA) ကလည်း ရခိုင်ပြည်နယ်က မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ပင်လယ်ကမ်း စပ်နားနဲ့ မြေနိမ့်ပိုင်းက ဒေသခံတွေကို လုံခြုံမယ့်နေရာတွေကို ပြောင်းရွှေ့ပေးနေပါတယ်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ သူတို့အနေနဲ့ ရွာပေါင်း ၂၁ ရွာက လူဦးရေ တစ်သောင်းကျော်ကို မေလ ၁၁ ရက်နေ့ နဲ့ မေလ ၁၂ ရက်မှာ ပြောင်းရွှေ့ပေးခဲ့သလို နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးကုသမှုတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေကို ပြောဆိုထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းလေးသောင်းကျော်ခိုလှုံနေတဲ့ စစ်တွေမြို့နယ်က သဲချောင်း၊ ဒါးပိုင်၊ သက်ကယ်ပြင်နဲ့ တခြားဒုက္ခသည်စခန်းမှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ မရကြသေးဘူးလို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ သဲချောင်းဒုက္ခသည်စခန်းက နေအိမ်တွေက လုံခြုံမှုမရှိဘူး။ မုန်တိုင်းတကယ်တိုက်လာရင် ခံနိုင်ရည်လည်း ရှိမှာမဟုတ်ဘူး"
ဒါကြောင့် မုန်တိုင်းဝင်လာရင် ဖြစ်သလိုရင်ဆိုင်ရတော့မယ်လို့ သဲချောင်းဒုက္ခသည်စခန်း ကော်မတီဝင် ဦးကျော်လှက ပြောပါတယ်။
"ကျွန်တော်တို့ သဲချောင်းဒုက္ခသည်စခန်းက နေအိမ်တွေက လုံခြုံမှုမရှိဘူး။ မုန်တိုင်း တကယ်တိုက်လာရင် ခံနိုင်ရည်လည်း ရှိမှာမဟုတ်ဘူး။ ဒီအတိုင်းဆိုရင်တော့ ကျွန်တော်တို့ ဖြစ်သလိုပဲ မုန်တိုင်းဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တိုက်လာတဲ့အချိန်မှာ ခံစားပေးရမှာပဲ။ ဒါပဲရှိတယ် ကျွန်တော်တို့မှာ"
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့မှာလည်း ကုလားတန်မြစ်ရိုးတစ်လျှောက် နေထိုင်တဲ့ အိမ်ထောင်စု ၅၀၀ နီးပါကို ပလက်ဝမြို့ပေါ်က လုံခြုံခိုင်ခံ့တဲ့နေရာတွေကို ရွှေ့ပြောင်းထားတယ်လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
"ဒေသခံတွေကလေ မြစ်ကမ်းနားတွေက အိမ်တွေ၊ ဆိုင်ကယ်တွေ၊ လူတွေပါ ရွှေ့ပြောင်းပြီးမှ အထကကျောင်းရဲ့ဘေး နည်းပညာသိပ္ပံကျောင်းမှာ အကုန်လှောင်ထား ပါတယ်။ လူဦးရေက မနေ့ကထိ ၁၁၀၊ အခုဆို ခန့်မှန်းခြေ ၅၀၀ကျော် ရှိနေပြီ။ စိုးရိမ်မှုတော့ ရှိတာပေါ့"
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့မှာလည်း လူ ၈၀၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့နေတယ်လို့ ကူညီပေးနေတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"လူအများစုက ဘုန်းကြီးကျောင်းတွေမှာ နေကြပါတယ်။ တစ်ကျောင်းကို ၁၀၀၀ နဲ့ ၈၀၀ ကြားရှိတယ်။ တချို့ကျတော့ ၆၀၀၊ ၅၀၀၊ ၄၀၀ ကျောင်းအနေအထားပေါ် မူတည်ပြီး လက်ခံထားတယ်။ ရေယာဉ် လိုင်းတွေလည်း ပိတ်ထားတော့ ပြန်မယ်ဆိုရင် တောင် ပြန်လို့မရတော့ဘူး၊ မုန်တိုင်းပြီးမှ ပြန်လို့ရမယ်။ ကျေးရွာတွေမှာ မုန်တိုင်း ရှောင်လို့ရတဲ့ Shelter တွေရှိတယ်"
နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံစားရခဲ့ရတဲ့ လပ္ပတ္တာမြို့နယ် ရေကျော်၊ ကိုင်းတောင်၊ ပြင်စလူ၊ စလူဆိပ်၊ ကွင်းပေါက်၊ သစ်ပုတ်၊ ပဒဲကောစတဲ့ ရွာပေါင်း ၇၀ ကျော်က ဒေသခံတွေကို မြို့ပေါ်က သာသနာ့အဆောက်အအုံ ၄၀ ကျော်မှာ နေရာချထားတယ်လို့ သူက ပြောပါတယ်။ ဒီအပြင် ပုသိမ်နဲ့ မြောင်းမြမြို့တွေပေါ်ကိုလည်း မုန်တိုင်းရှောင်သူတွေ ရောက်လာနေဆဲဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
မိုခါမုန်တိုင်းဝင်ရောက်နိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ဘာသာရေး စာသင်ကျောင်း တွေနဲ့ NGO၊ INGO တွေ သင်ကြားပေးနေတဲ့ စာသင်ကျောင်းတွေမှာ မုန်တိုင်းရှောင်ဖို့ ပြီးခဲ့ရက်ပိုင်းက ပြောဆို ညွှန်ကြားထားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
ဒါပေမဲ့ ဒုက္ခသည်တွေကတော့ စိုးရိမ်နေတယ်လို့ ကူတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။
"စိုးရိမ်မှုအများကြီးပေါ့နော်။ ဒီမုန်တိုင်းဖြစ်လာရင် ဆိုးကျိုးကအများကြီးပေါ့နော်။ ဥပမာ- တောင်ပြိုကျနိုင်တယ်။ ပြီးတော့ မိုးရွာမယ်ဆိုရင် တောင်စောင်းမှာ နေတဲ့ ဒုက္ခသည်တွေလည်း ဒုက္ခတွေ အများကြီးတွေ့နိုင်တယ်။ တဲလည်း ခိုင်မာမှုမရှိဘူး"
မုန်တိုင်းကြောင့် ကုန်းမြင့်ဒေသမှာ နေထိုင်ကြသူတွေဟာ မြေပြိုတဲ့အန္တရာယ် ရင်ဆိုင်ရနိုင်သလို မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေနား နေတဲ့သူတွေလည်း ရေကြီး၊ ရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေကိုလည်း သတိပေးထားပါတယ်။